ဖားကိုက်လို့ သေရတယ်ဆိုတာ
ဖားဆိုတာ အနီးအနားမှာ အမြဲတွေ့နေရတဲ့ သတ္တဝါ တစ်ကောင်ပါ။ အခုတလော ဖားကိုက်လို့ သေသွားတယ် သတင်းတွေ ကြားလာတဲ့အခါမှ အုတ်အုတ်သဲသဲတွေ ဖြစ်လာကြတယ်။ ဖားဆိုတာ အဆိပ်ရှိလို့လား။ ဖားကိုက်လို့ သေရတယ်ဆိုတာ တကယ်လားဆိုပြီး သံသယတွေ ဖြစ်လာကြပါတယ်။
တကယ်တော့ ဖားဆိုတာ အဆိပ်ရှိတဲ့ သတ္တဝါတစ်မျိုးပါ။ ဖားတွေမှာ အဆိပ်ထုတ်ပေးနိုင်တဲ့ parotid gland ဆိုတာ ရှိပါတယ်။ များသောအားဖြင့် မျက်စိနောက်နားတွေ ကျောဘက်တွေ လည်ပင်းနားတွေနဲ့ လက်မောင်းလို နေရာမျိုးတွေမှာ ရှိတတ်ပါတယ်။ တချို့ဖားတွေမှာတော့ အရေပြားတောက်လျှောက်မှာ အဆိပ်ထုတ်နိုင်တဲ့ ဂလင်းငယ်လေးတွေ ရှိတတ်ပါတယ်။ ဖားတစ်ကောင်ချင်းစီရဲ့ အမျိုးအစားပေါ် မူတည်ပြီး အဆိပ်ရှိတဲ့ နေရာတွေ ကွဲပြားသလို အဆိပ်မျိုးတွေလည်း ကွဲပါတယ်။ ဖားအဆိပ်ဟာ များသောအားဖြင့် နို့နှစ်ရောင် ရှိတတ်ပြီး နှလုံးနဲ့ ဦးနှောက်၊ အာရုံကြောကို ဒုက္ခပေးတာများပါတယ်။
ဖားကိုက်ခံရတယ် ဖားဆိပ်သင့်တယ်ဆိုတာ အရင်ကဆို လူမှာတော့ အဖြစ်နည်းပါတယ်။ များသောအားဖြင့် လှုပ်စိလှုပ်စိမြင်ရင် ဆော့ကစားတတ်တဲ့ ခွေးကြောင်တွေမှာ ပိုအဖြစ်များပါတယ်။ ခွေးကြောင်တွေမှာ ဆိုရင် အဆိပ်ရှိတဲ့ နေရာကို လျှက်မိလို့ပဲဖြစ်ဖြစ် စားမိလို့ပဲဖြစ်ဖြစ် အဆိပ်သင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူတွေမှာ ဖြစ်လာတာတွေလည်း တွေ့ရပါတယ်။ ဖားတွေကို စားစရာအဖြစ် အသုံးပြုလာတာကြောင့်ရော လူနေထူထပ်လာတာတွေကြောင့်ရော ကြောင့် ဖြစ်တယ်လို့တော့ စာရေးသူက ယူဆမိပါတယ်။
အဆိပ်ပြင်းတဲ့ ဖားကို ခွဲခြားဖို့တော့ အနည်းငယ် ခက်ပါတယ်။ များသောအားဖြင့် အရွယ်အစားကြီးပြီး အညှိရောင် ဒါမှမဟုတ် မီးခိုးမှိုင်းရောင်လိုလို မျိုးတွေက အဆိပ်ရှိတတ်ပါတယ်။ အဖုတွေ အထစ်တွေ ရှိတာများတယ်။ ဖားဆိပ်မိတဲ့ လက္ခဏာတွေကတော့…..
– တံတွေးတွေ အထွက်များလာတယ်။
– သွားဖုံးတွေ နီရဲလာတတ်တယ်။
– ပျို့အန်တတ်တယ်။
– ချမ်းတုန်နေတတ်တယ်။
– ကြွက်သားတွေ တောင့်တင်းနေတတ်တယ်။
– သတိလစ်တာတို့ တက်တာတို့ ဖြစ်တတ်တယ်။
– နှလုံးခုန်တွေ မြန်လာတယ်။ နှလုံးခုန် မမှန်တော့ဘူး။
– ပြင်းထန်တယ်ဆိုရင် အသက်ပါ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။
ကုသဖို့ကတော့ မြွေလို အဆိပ်ဖြေဆေးရယ် မရှိသေးပါဘူး။ တကယ်လို့ အဆိပ်ရှိတဲ့ဖားကို စားမိတာဆိုရင်တော့ ပါးလုတ်ကျင်းတာတွေကို လုပ်ပေးသင့်ပါတယ်။ အကိုက်ခံရတာ အလျှက်ခံရတာဆိုရင် တတ်နိုင်သလောက် ရေများများနဲ့ မြန်မြန် ဆေးပေးသင့်ပါတယ်။ အဆိပ်သင့်တဲ့ ပမာဏများတယ်ဆိုရင်တော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဖားသားစားမယ်ဆိုရင်လည်း စားဖားဖြစ်မဖြစ် ဂရုစိုက် ကြည့်ရှု့ဖို့ ၊ ဖားကို အကောင်သေးတယ်ဆိုပြီး မပေါ့ဆကြဖို့ မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Author : Dr. မေ