ဆေးလိပ်ဘယ်လိုဖြတ်မလဲ။
၂၁ ရာစုတွင် ဖြစ်ပွားနေသော လူအသေအပျောက်အများဆုံး နာတာရှည်ရောဂါကြီး (၈) မျိုးအနက်မှ (၆) မျိုးမှာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနဲ့ ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကိုသာ ထိခိုက်စေသာမဟုတ်ဘဲ တကိုယ်လုံးရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အတော်များများကို ထိခိုက်စေကာ ရောဂါဖြစ်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေမှာလည်း ဆေးလိပ်သောက်ခြင်းဟာ အဓိကအနေနဲ့ပါဝင်နေပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်သုံးခြင်းဟာ အရွယ်မတိုင်မှီ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့အတွက် အစလုပ်ပြီးမသောက်မိဖို့နဲ့ သောက်မိပြီဆိုရင်လည်း ဖြတ်နိုင်အောင်ကြိုးစားဖို့လိုပါတယ်။
ဒါကြောင့် ဒီတပတ်မှာဆေးလိပ်ဖြတ်တဲ့ နည်းတွေကို သိသလောက်ရေးသားတင်ပြပါရစေ။
၁။ ဆေးလိပ်စဖြတ်မည့်နေ့ကို သတ်မှတ်ပြီးလျှင် ဖြတ်ဖြစ်အောင်ဖြတ်ပါ။ ဖြတ်မယ်လို့ ဆုံးဖြတ်ပြီးရင် နောက်မဆုတ်မိပါစေနဲ့။
၂။ ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင် အကြောင်းပြချက်တွေနဲ့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို စာရွက်မှာ လက်ရေးနဲ့ ချရေးပြီး ထိုစာရွက်ကို မိမိရဲ့ အိပ်ရာခေါင်းရင်းမှာ ကပ်ထားကာ ညအိပ်ရာဝင်တိုင်းနဲ့ မနက်ထတိုင်းဖတ်ပါ။
၃။ ကိုယ်ပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ရန် အမြဲသတိပေးမည့်သူများ ထားရှိပါ။ (ဆိုလိုတာက လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစုအား မိမိ အမှုမဲ့အမှတ်မဲ့ ဆေးလိပ်သောက်တော့မည်ဆိုပါက တားခိုင်းပါ)
၄။ ဆေးလိပ်သောက်တတ်သူများနဲ့ အပြင်ထွက်ရင် မည်သို့ငြင်းမည်ကို ကြိုစီစဉ်တွေးတောထားပါ။ (အပေါင်းအသင်းတွေသောက်တာမြင်ရင် ဆေးလိပ်ဖြတ်ဖို့ လုပ်နေတာကိုမေ့ပြီး ကိုယ်ပါလိုက်သောက်မိတတ်ပါတယ်)
၅။ ဆေးလိပ်သောက်ရာတွင်သုံးသည့် အသုံးအဆောင်များအား မိမိ အိမ်၊ ကား၊ အလုပ်စားပွဲတို့မှ ဖယ်ထားပါ။
၆။ ဆေးလိပ်သောက်ချင်စိတ်ကို တခြားဝါသနာပါရာတခုနဲ့အစားထိုးပါ။ ပိုကောင်းပါတယ်။
၇။ ဆေးလိပ်ဖြတ်စဉ် ယင်း ထသကဲ့သို့ကြုံပါက ကိုယ့်ကိုယ်ကို စိတ်ပြောင်းနိုင်အောင် ကြိုးစားပါ။ ပီကေဝါးတာ၊ ရေသောက်တာ၊ အသက်ပြင်းပြင်းရှုတာတွေလုပ်ပါ။
၈။ အားကစားလုပ်ပါ။ အားကစားလုပ်ခြင်းက ဆေးလိပ်ဖြတ်ရာမှာ အကူအညီများစွာ ပေးနိုင်ရုံသာမက သင့်ကျန်းမာရေးကိုလည်း ပိုကောင်းစေပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ ဆေးလိပ်ဖြတ်တာဟာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ လူရဲ့ဦးနှောက်က ဆေးလိပ်မှာပါတဲ့နီကိုတင်းကို ပိုပိုစွဲလန်းနေလို့ပါ။
ထိုသို့ ဦးနှောက်စွဲလန်းနေသော နီကိုတင်းကို ဖြတ်လိုက်တဲ့အခါမှာ ခံတွင်းချဉ်တာ၊ အစားသောက်ပျက်တာ၊ ပျို့ချင်သလိုဖြစ်တာ၊ အိပ်မပျော်တာ၊ ခေါင်းမူးတာ၊ ခြေချောင်း၊ လက်ချောင်းထိပ်လေးတွေထုံကျဉ်သလိုဖြစ်တာ စတဲ့ ခံရခက်တဲ့လက္ခဏာတွေဖြစ်လာလေ့ရှိပါတယ်။ ဒီလိုလက္ခဏာတွေဟာ အကြမ်းအားဖြင့် တလလောက်ခံစားရလေ့ရှိပါတယ်။
တချို့တွေကလည်း ဒီလိုမျိုးဖြစ်တဲ့လက္ခဏာတွေကို မခံစားနိုင်လို့ ဆေးလိပ်ဖြတ်ရန်ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ကြပါတယ်။
ဒါကြောင့် ဆေးလိပ်ဖြတ်ရာမှာ ဆေးလိပ်သောက်ချင်စိတ်ကို ထိန်းချုပ်တဲ့အပေါ်က နည်းလမ်း၈ခုအပြင် ဆရာဝန်များကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးလိပ်ဖြတ်ဆေးဝါးသောက်သုံးခြင်းတွေကိုပါ ပေါင်းသုံးပါက ဆေးလိပ်ဖြတ်စဉ်ခံစားရတဲ့ဝေဒနာတွေသက်သာပြီး ဆေးလိပ်ဖြတ်တာ ပိုအဆင်ပြေထိရောက်နိုင်မည် ဖြစ်ပါကြောင်းအကြံပေးချင်ပါတယ်။
Dr 528