အူမကြီးကင်ဆာ ဖြစ်နိုင်ချေ လျော့ကျစေတဲ့ သရက်သီး
သရက်သီးကို အင်္ဂလိပ်လို Mango လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Mangifera indica ဖြစ်ပါတယ်။ သရက်သီးရဲ့ မူလအစက အိန္ဒိယနိုင်ငံကလို့ ပြောကြပါတယ်။ ထိုမှတဆင့် အရှေ့အာရှတို့၊ အာဖရိကတို့၊ ဘရာဇီး၊ မက်ဆီကို စတဲ့နေရာတွေဆီကို ပျံ့နှံရောက်ရှိခဲ့ပါတယ်။
သရက်ပင်ဟာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ သရက်ပင်ကို မြေသားထုထူသော မြေအမျိုးမျိုးတွင် စိုက်နိုင်ပါတယ်။
သရက်သီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပေါများစွာထွက်ပြီး ဆင်းရဲချမ်းသာမရွေးလူတန်းစားအားလုံး စားနိုင်သော အသီးဖြစ်ပါတယ်။ သရက်သီးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်ဆိုတဲ့ မြန်မာ့ဆိုရိုးစကားရှိပါတယ်။
အဓိပ္ပာယ်ကတော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အသီးတွေထဲမှာဆိုရင် သရက်သီး၊ အသားတွေထဲမှာဆိုရင် ဝက်သား၊ အရွက်တွေထဲမှာဆိုရင် လက်ဖက်ရွက်တို့ဟာ လူစားအများဆုံး စားအကောင်းဆုံး ဒါ့အပြင် အမျိုးမျိုးအဖုံဖုံလုပ်စားနိုင်သော အသီး၊ အသား၊ အရွက်တွေဖြစ်တယ်လို့ ဆိုလိုတာပါ။
ရင်လုံး၊ ရင်ကွဲ၊ အောင်ဒင်၊ မချစ်စု၊ စိန်တလုံး၊ သုံးလုံးတတောင်၊ ပတ္တမြားငမောက်၊ ရွှေဟသာၤ စတဲ့ သရက်သီးမျိုးကွဲတွေ များစွာရှိပေမယ့်
ယေဘုယျအားဖြင့် အခြေခံအားဖြင့် ခွဲမယ်ဆိုရင်တော့ သရက်သီးအသားမာပြီး အမျှင်နည်းသောအမျိုးနဲ့ သရက်သီးအသားပျော့ပြီး အရည်ရွှမ်းကာ အမျှင်များသောမျိုးဆိုပြီး နှစ်မျိုးပဲခွဲခြားနိုင်ပါတယ်။
သရက်သီးကိုအမျိုးမျိုးလုပ်စားကြပါတယ်။ စသီးတဲ့ အရွယ်ငယ်ငယ်လေးတွေကို တို့စရာအဖြစ် ငပိရည်နဲ့ တို့စားကြသလို နည်းနည်းကြီးလာပြီး မမှည့်သေးချိန်မှာတော့ ငံပြာရည်တို့ငရုတ်သီးတို့ ဆားတို့ ထည့်ကာ သုပ်စားကြသလို သရက်ချဉ်၊ သရက်သီး ဆားရည်စိမ်၊ သရက်သီးပိုးတီ၊ သရက်သီးသနပ် စသဖြင့်လည်းလုပ်ကာ တနှစ်ပတ်လုံးစားလို့ရအောင် စီစဉ်ထားကြပါတယ်။
သရက်သီးအမှည့်အနေနဲ့ကတော့ နွေရာသီနှောင်းပိုင်းနဲ့ မိုးရာသီအစလတွေမှာ ပေါပေါများများပေါ်လေ့ရှိပြီး ထမင်းနဲ့ သရက်သီးမှည့်နဲ့ စားတာလည်းရှိသလို ထမင်းစားပြီးတဲ့နောက် အချိုပွဲအနေနဲ့ စားကြတာလည်းရှိပါတယ်။ ဒါ့အပြင် သရက်သီးမှည့်တွေကို သရက်ယို၊ သရက်ပျဉ် စသဖြင့်လည်း လုပ်ထားပြီး အချိုပွဲအနေနဲ့စားကြပါသေးတယ်။
ဒီလိုအမျိုးမျိုးစားလို့ရလို့ လူစားများပြီး စားလို့လည်းကောင်းတဲ့ သရက်သီးဟာ ကျန်းမာရေးအတွက်ကိုလည်း အထောက်အကူပြုပါသေးတယ်။
သရက်သီးမှာ ဗီတာမင်အေ ကြွယ်ဝစွာပါပါတယ်။ ဗီတာမင်အေဟာ မျက်လုံး အမြင်အာရုံလွှာ (Retina) အတွက် အလင်းရောင်ခြယ်ဆေး (photosensitive pigment) တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့နေရာက နေပါသလို အရေပြားတွေရဲ့ တင်းရင်းမှုကြံခိုင် ကျန်းမာမှုအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းဖို့အတွက်လည်း အထောက်အကူပေးတဲ့ဗီတာမင်ပါ။
ဒါကြောင့် သရက်သီးစားခြင်းဖြင့် ဗီတာမင်အေများစွာရတဲ့အတွက် မျက်စိကြည်၊ မျက်စိအမြင်အာရုံတွေကောင်းပြီး အသားအရေလည်း စိုပြေတင်းရင်းစေကာ ကြက်မျက်သင့်ရောဂါ (Night blindness)၊ ကြာဆူးပေါက်တာမျိုးတွေလည်း ဖြစ်ပွားနိုင်ခြေနည်းလာပါတယ်။
သရက်သီးမှာ ဗီတာမင်အေအပြင် ဗီတာမင်စီ၊ သတ္ထုဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေလည်း ပါတဲ့အတွက် ကိုယ်ခံအားကောင်းစေကာ သွေးတွင်းကိုလက်စထရောကို နည်းစေပြီး သွေးလွှတ်ကြောမာတာ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စတဲ့ရောဂါတွေရဲ့ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
ဒါ့အပြင် အမျှင်ဓါတ်ကလည်း များစွာပါတာကြောင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်ပေးပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သရက်သီးဟာ အစိမ်းဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် စားလို့အရမ်းကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်များစွာရှိပေမယ့် အမှည့်လွန်သရက်သီးတွေ၊ ယင်နားထားတဲ့ သရက်သီးတွေစားမိရင်တော့ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်နိုင်လို့ စားတဲ့အခါမှာ သတိပြုပြီး စားသုံးသင့်ပါတယ်။
ဆီးချိုရောဂါအခံရှိသူတွေ အနေနဲ့ဆိုရင်တော့ သရက်သီးအမှည့်တွေ၊ သရက်ယိုတွေ၊ သရက်ပျဉ်တွေကို လုံးဝမစားတာ ကောင်းပါတယ်။ ဆီးချို တအားတက်လာနိုင် လို့ပါ။
Dr 528