ဆေးသောက်တာများ လွယ်မှလွယ်၊ ပါးစပ်ထဲဆေးထည့်လောင်းချလိုက်ပေါ့ ဟုဆိုလျှင်လည်းရပါသည်။ သို့သော် ဆေးသောက်ရကျိုးနှပ်အောင် ဘေးထွက်ဆိုးကျိုးနည်းအောင် ငွေကုန်ရကျိုးနှပ်အောင် ဆေးသောက်ချင်သည်ဆိုပါက သိသင့်သိထိုက်သောအချက်အလက်များ ရှိနေပါသေးသည်။
ဦးစွာပထမ ဆေးသောက်ရကျိုးနှပ်အောင် ဆေးသောက်နည်းကို ဆွေးနွေးလိုပါသည်။ တစ်ခါသောက်တစ်လုံး တစ်နေ့ လေးကြိမ်ဟု ဆရာဝန်ကညွှန်လိုက်သောဆေးကို မနက် (၉) နာရီ၊ နေ့လည် (၁၂) နာရီ၊ ညနေ (၄) နာရီ၊ ည (၁ဝ) နာရီ ဟု လေးကြိမ်ခွဲသောက်နေသည်ကို တွေ့ရဖူးပါသည်။ လေးကြိမ်မှန်သားပဲ။
ဘာမှားလို့လည်းဟု ပြောစရာရှိပါသည်။ ဤသို့ဆေးသောက်ခြင်းသည် တစ်နေ့ကို ထမင်းနှစ်နှပ်စားမည့်အစား မနက်တွင် မနက်စာရော ညစာပါရောစားပြီး ညစာအငတ်ခံနေပုံနှင့်တူပါသည်။ မနက် (၉) နာရီမှ ည (၁ဝ) နာရီ အတွင်း ဆေးလေးကြိမ်သောက်ပြီး ည (၁ဝ) နာရီမှ မနက် (၉) နာရီတွင်း ဆေးမဝင်ပါ။
သောက်လိုက်သောဆေးသည် ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပါက လူနာအိပ်ချိန် (လူနာစောင့်အိပ်ချိန်ဆိုလျှင်ပိုမှန်ပါမည်။) ရောဂါပိုးကအိပ်နေမည် မဟုတ်ပါ။ ထိုအခါဆေးဖြင့် (၁၂) နာရီ ကုသလိုက် (၁၂) နာရီ ဖြတ်ထားလိုက်ပြုသကဲ့သို့ဖြစ်နေသဖြင့် (၄) ရက်နှင့် ပျောက်မည့်ရောဂါသည် (၆) ရက် (၈) ရက် ကြာသွားနိုင်ပါသည်။ ဖြစ်သင့်သည်မှာ မနက် (၆) နာရီ၊ နေ့လည် (၁၁) နာရီ၊ ညနေ (၄) နာရီ၊ ည (၁ဝ) နာရီစီ ခွဲသောက်ပေးပါကအိပ်ချိန်လည်းမထိခိုက်၊ ဆေးလည်း စွမ်းသင့်သလောက်စွမ်းပါမည်။ (၆) နာရီခြားစီ အတိအကျတိုက်ခြင်းမှာ ဆေးစွမ်းထက်စေသော်လည်း လူနာနှင့် လူနာရှင်တို့၏ အိပ်ချိန်ကို ထိခိုက်စေ၍ အသည်းအသန်မဟုတ်လျှင်မသုံးသင့်ပါ။
ဆေးသောက်ရကျိုးနှပ်အောင် ဆေးသောက်ရာတွင် အချိန်ရွေးမှန်ကန်စေရန်သာမက၊ ၎င်းဆေးနှင့်အတူ အစားအစာ ပါ/မပါလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ အကိုက်အခဲပျောက်ဆေးတစ်ချို့မှာ အစာအိမ်ကို ထိခိုက်စေ၍ အစာနှင့်ရောသောက်ရန်လိုအပ်သော်လည်း အချို့ဆေးများမှာ အစာနှင့် ရောသောက်ပါက အစာနှင့် ဓါတ်ပြု၍သော်လည်းကောင်း၊ အစာနှင့်ရောသွား၍အူအိမ်မှ စုပ်ယူရာတွင် ကြွင်းကျန်ရစ်၍ သော်လည်းကောင်း၊ အာနှိသင်ပြသင့်သလောက်မပြနိုင်တော့ပါ။ အားဆေးတောင့်များတွင် ပါဝင်သော အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များကို အဆီပါသောအစားအစာ စားပြီးသောက်ပါက စုပ်ယူနိုင်သော်လည်း အစာမရှိဘဲ ရေသက်သက်ဖြင့် သောက်သုံးပါကစုပ်ယူနိုင်မည် မဟုတ်ပါ။ အိပ်ဆေးတချို့ကို အစာနှင့် ရောစားပါက အလုပ်လုပ်ရန် အချိန်နှေ်ာင့်နှေးစေပြီး၊ အစာမရှိဘဲစားသုံးပါက မြန်မြန် အိပ်ပျော်စေမည်ဖြစ်ပါသည်။
ဆက်လက်၍ ဘေးထွက်ဆိုးကျိုးနည်းအောင် ဆေးသောက်နည်းကို ဆွေးနွေးလိုပါသည်။ အလွယ်ဆုံးနည်းမှာ ဆေးစသုံးချိန်တွင် ဆေးပမာဏအနည်းဆုံးဖြင့်စသုံးပြီး ခံနိုင်ရည်ရှိချိန်တွင်မှ တဖြည်းဖြည်းတိုးသောက်သည့်နည်းဖြစ်ပါသည်။
အထူးသဖြင့် စိတ်ရောဂါကုဆေးများတွင် ဆေးအာနှိသင်ပြချိန်မှာ (၁ဝ)ရက်မှ (၁၁)ရက်ခန့် အထိ ကြာမြင့်တတ်ပြီး ထိုကာလအတွင်း ဘေးထွက်ဆိုးကျိုးများကိုသာ ခံစားရသဖြင့် အနာနှင့်ဆေး တည့်ပါလျက် ဘေးထွက်ဒဏ်ကြောင့် ဆေးနှင့်ဝေးပြီး ဘဝမျောနေတတ်ကြသည့် ပမာဏသာပေးပြီး လူနာအား ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေကို ရှင်းပြထားနှင့်ပါက ပို၍အဆင်ပြေမည်ဖြစ်ပါသည်။
ငွေကုန်ရကျိုးနှပ်အောင် ဆေးသောက်နည်းတွင် အရေးအကြီးဆုံးအချက်ကို နောက်ဆုံး ဆွေးနွေးလိုပါသည်။ တိုက်သည့်ဆေးကို လူနာက အမှန်တကယ်သောက်သုံးဖြစ်စေရန် ဖြစ်ပါသည်။ လူနာရောဂါ မသက်သာဘူးဟု ညည်းရင်း ဆုံးပါးချိန်တွင်မှ ခေါင်းအုံးအောက်တွင် တစ်လစာဆေးကို အထုပ်လိုက်တွေ့ခြင်းမျိုး ရှိတတ်ပါသည်။ ထို့ကြောင့် လူနာရှင်များအနေဖြင့် မိမိလူနာ ဆေးမှန်မှန်သောက်စေရန်အတွက် အားထည့်၍ကိုယ်တိုင် တိုက်ပေးသင့်ပါသည်။ မိမိသောက်ရမည့်ဆေးကို မိမိကိုယ်တိုင်ပုလင်းဖွင့်ရေတွက်ပြီး သောက်ရသည်ထက် လူနာရှင်တစ်ဦးဦးက ဂရုစိုက်စီမံ၍ တိုက်ပေးပါက လေလွင့်မှုမရှိနိုင်သည့်အပြင် ဆေးစွမ်းလည်း ပိုထက်နိုင်မည်ဖြစ်ပါသည်။
အရက်နှင့် အခြားအတူသောက်သုံးနေသော ဆေးဝါးများကြောင့် မိမိသောက်သုံးမည့်ဆေးတွင် အာနိသင်တိုးနိုင်၊ လျော့နိုင်ပုံတို့ကို နှောင်အလျဉ်းသင့်ချိန်တွင် ဆက်လက်ဆွေးနွေးပါဦးမည်။
ဒေါက်တာဌေးအောင် Health Digest Journal ၊၊ အတွဲ (၁)၊ အမှတ် (၁၇)