မိသားစုထဲတွင် အငယ်ဆုံးသမီးဖြစ်သောဆောင်းကိုအဖေနှင့် အမေကအလွန်ချစ်၏။ အစ်ကိုနှင့် အစ်မကလည်းအထွေးဆုံးညီမလေးမို့ အလိုလိုက် အကြိုက်ဆောင်ကြသည်။ ဆောင်းကလည်းအငယ်ဆုံးဆိုပေမဲ့ မိဘစကား၊အကိုအမတွေ၏ စကားကိုဖယ်ရှားတတ်သောသူမဟုတ်။ အငယ်ဆုံးဆိုပေမဲ့ အလိမ္မာဆုံးလို့တောင် ပြောလို့ရသည်။
ဆောင်းတစ်ယောက် ကိုကိုလင်းနှင့် ချစ်သူတွေဖြစ်ပြီးတော့ ဆောင်းမိဘများကကိုကိုလင်းကိုတွေ့ချင်သည်ဆိုလို့ ကိုကိုလင်းကိုမိဘများနှင့် မိတ်ဆက်ပေးဖို့ အိမ်သို့ ထမင်းစားဖိတ်လိုက်သည်။
ကိုကိုလင်းတစ်ယောက် ယောက္ခမများနှင့် ယောက်ဖကိုတွေ့ရမည်ဖြစ်၍ သေသေချာချာ ပြင်ဆင်လာရန် ပြောကြားထားရသည်။ ကိုကိုလင်းကို မိသားစုဝင်များအားလုံးက နွေးနွေးထွေးထွေးကြိုဆိုကြသည်။ ဖေဖေကတော့ ကိုကိုလင်းကိုသိပ်သဘောမကျသည့်ပုံစံပြနေသည်။ဘာကြောင့်ရယ်မသိ။ကိုကိုလင်းလည်းဖေဖေ့ကိုရိုရိုကျိုးဆက်ဆံပါသည်။ရောက်ခါစကတော့ စကားတွေ ကောင်းကောင်းမွန်မွန်ပြောဆိုနေပြီးချက်ချင်းကြီးဆိုသလိုစိတ်ပြောင်းသွားသောယေက္ခမကြီးကိုလည်းအံ့သြလို့မဆုံး။ အိမ်ရောက်မှပဲဆောင်းကိုဖုန်းဆက်မေးလိုက်ဦးမည်ဟုတေးထားလိုက်ပြိး မိသားစုဝင်များကို နုတ်ဆက်ပြီးပြန်လာခဲ့သည်။စိတ်ထဲတွင် တော့ တထင့်ထင့်။
အိမ်သို့ပင် မရောက်သေးခင် ဆောင်းဆီမှ ဖုန်းဝင်လာသည်။
“ကိုကိုလင်းဘယ်လိုလုပ်လိုက်တာလဲ”
ဆောင်းကဘာမှ မပြောခင် အပြစ် အရင်စပြောလိုက်သည်။
“ကိုကိုလင်းဘာလုပ်မိလို့လဲ”
ကိုယ်ဘာလုပ်မိမှန်းကိုမသိ။
“ဘာလုပ်ရမှာလဲ။ကိုကိုလင်းချောင်းဆိုးနေတယ်လေ”
“သူ့ဟာသူ့ချောင်းဆိုးတာပဲလေ။ ကိုကိုလင်းတမင်လုပ်တာမှမဟုတ်တာ။ ချောင်းဆိုးတာဘာဖြစ်လဲ”
“ဖေဖေကကိုကိုလင်းချောင်းဆိုးတာကိုမကြိုက်ဘူး”
“အင်”
ထင်တော့ထင်သားပဲယောက္ခမကြီးကချောင်းဆိုးရင် မျက်နှာပျက်သွားတယ်လို့။ ချောင်းဆိုးတာအပြစ်လို့ကိုကိုလင်းတို့ကမထင်။
“ချောင်းဆိုးတာပဲဆောင်းရယ်။ တီဘီရောဂါလို့ထင်လို့လား။ မနေ့ညကအအေးပတ်သွားပြီးဒီမနက်မှ ချောင်းဆိုးနေတာပါ။”
ဆောင်းစိတ်မဆိုးအောင်ကိုကိုလင်းတစ်ယောက်ရှင်းပြလိုက်သည်။
“ချောင်းဆိုးတာထက်ပိုဆိုးတာရှိသေးတယ်။ကိုကိုလင်းကချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်မဆိုးဘူး။ ချောင်းဆိုးနေမှန်းသိရက်နဲ့ လက်ကိုင်ပဝါယူမလာဘူး”
“အန်”
အပြစ်ကတော်တော်ကိုကြီးသွားပြီလား။
“ကိုကိုလင်းက လက်ကိုင်ပဝါယူမလာတာမဟုတ်ဘူး။ ကိုကိုလင်းဆီမှာ လက်ကိုင်ပဝါ ရှိကိုမရှိတာ။သုံးလေ့သုံးထလည်းမရှိတာဆောင်းအသိပဲလေ”
“လက်ကိုင်ပဝါမရှိလည်း ကိုကိုလင်းအရှေ့မှာ tissue တွေရှိတာပဲလေ။ tissue လေးနဲ့ အုပ်ဆိုးပေါ့။”
“tissuebox ကကိုယ်နဲ့ဝေးတယ်လေ။ ဒါကြောင့်ပါ”
ဆင်ခြေတက်ကြည့်လိုက်သည်။
“ဘာမှ လာရှင်းပြမနေနဲ့။ နောက်ဆုံး tissue လှမ်းယူလို့မရရင်တောင် လက်လေးနဲ့ အုပ်ပြီးမှ ချောင်းဆိုးလို့ရတယ်။ အခုတော့ ချောင်းဆိုးတုန်းလက်လေးနဲ့တောင် အုပ်မဆိုးတဲ့ လူကိုငါက ငါ့သမီးနဲ့ ဘယ်လိုသဘောတူရမလဲလို့ ဖေဖေကပြောနေပြီ။ ချောင်းဆိုးရင် တခြားသူကိုရောဂါတွေကူးစက်မှာဆိုးလို့ လက်နဲ့ အုပ်ရင် အုပ် မအုပ်ရင် လက်ကိုင်ပဝါနဲ့ အုပ်ရမယ်ဆိုတာကိုကိုကိုလင်းသိရဲ့လား”
“အန်”
ဒါကတော့ သမီးနှင့်သဘောမတူလို့ အကြောင်းပြတယ်လို့ ကိုကိုလင်းတစ်ယောက်ထင်သည်။
“ဘယ်သိမလဲဆောင်းပြောမှသိတာလေ”
“လာနောက်မနေနဲ့။ ချောင်းဆိုးရင် လက်ကလေးနဲ့ အုပ်ပြီးဆိုးရတယ်ဆိုတာကိုကိုလင်းမိဘတွေကကိုကိုလင်းကိုသင်မထားဘူးလားလို့ ဖေဖေကမေးနေတယ်”
ဒါကတော့မိဘများကိုစော်ကားသွားပြီ။ဒီကိစ္စ မိဘများနှင့် လုံးလုံးမမဆိုင်။
“ကိုယ်ချောင်းဆိုးရင် လက်နဲ့အုပ်မဆိုးတာမိဘတွေနဲ့ဆိုင်လို့လား”
“ငယ်ငယ်ကတည်းကသင်မထားလို့ပေါ့”
ကိုယ်ကြောင့်မိဘများတောင်သိက္ခာကျရသည်။အဖေနှင့် အမေကြားလျှင် ရင်နာလို့ ဆုံးမည်မဟုတ်။
“ကိုယ်မေ့သွားလို့ပါကွာ။ ကိုယ်ဆောင်းအဖေကိုပြန်လာတောင်းပန်မယ်”
“တောင်းပန်တာကနောက်မှ။ အခုချောင်းဆိုးပျောက်အောင်သာအရင်လုပ်။”
“ချောင်းဆိုးတာကလည်းဆေးခန်းလေးသွားပြပြီးဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ။”
“ဒါဆိုလည်း မြန်မြန်သွားပြ။ ချောင်းဆိုးပျောက်မှ နောက်ဘာဆက်လုပ်ရမယ်ဆိုတာတိုင်ပင်မယ်။”
“အေးပါ။ ကိုကိုလင်းသွားပြလိုက်မယ်။ ဆောင်းသာဆောင်းအဖေကိုကိုကိုလင်းကောင်းကြောင်းလေးတွေကိုသေချာတစ်လုံးချင်းနားဝင်အောင်ပြောပေးနော်”
“အင်းပါ”
ဆောင်းကအင်းပါ ပြောပြီးဖုန်းချသွားသည်။ ဘယ်လိုယောက္ခမမျိုးပါလိမ့်။ သမက်ကိုမကြည်တာနှင့်ပဲချောင်းဆိုးတာကိုအပြစ်လုပ်ပြောနေသောယောက္ခမ။ သူ့သမီးကို ကြိုက်တော့လဲသူ့ စိတ်တိုင်းကျနေရမည်ပင်။ ဘာပဲပြောပြောဆေးခန်းလေးသွားပြီးဆေးတော့ သောက်ရမည်။ ချောင်းဆိုးပျောက်သွားရင် ဆောင်းတို့အိမ်သို့ နောက်တစ်ခေါက်သွားလည်ရဦးမည်။ချောင်းဆိုးရင်လက်ကလေးအုပ်ဆိုးရမည်ဆိုတာလေးလည်းမှတ်ထားရဦးမယ်။
Author – ဒေါက်တာအေးချမ်းမိုး