“မေမေရေမေမေ”
သားငယ်တစ်ယောက် ညနေခင်းကျောင်းကားပေါ်ကဆင်းဆင်းချင်းပင် အမေဖြစ်သူစံပယ်ကိုတစာစာအော်ခေါ်နေသည်။
“မေမေရေဘယ်မှာလဲဟင်”
“မေမေဒီမှာပါသားရဲ့”
ချွေးသံတရဲရဲနှင့် သားကားကျောင်းတွင် တော်တော်ကစားခဲ့ပုံရသည်။
“ဒီနေ့ ဆရာမက ခြင်တွေ အကြောင်းသင်လိုက်တယ်မေမေ”
ဒုတိယတန်းကိုရောက်နေပြီဖြစ်သောသားကတော်တော်များများကိုနားလည်နေပြီ။ ညနေခင်းကျောင်းဆင်းချိန်များတွင် ကျောင်းတွင် သင်ခဲ့သောအကြောင်းအရာများကိုအမေအားမမောနိုင် မပန်းနိုင်ပြောတတ်သည်ကားသား၏အကျင့်။ အမေဖြစ်သူမှ စိတ်ရှည်ရှည်နားထောင်ပေးရသည်။အမေကိုပြောပြီးတဲ့နောက် ညဖက် အဖေဖြစ်သူ ပြန်လာရင်လည်းကျောင်းမှ ကိစ္စများကိုအဖေဖြစ်သူအားနောက်တစ်ခေါက် ထပ်ပြောနေတတ်သည်။
“ဘာတွေ သင်လိုက်တာလဲ”
“ခြင်တွေကလူတွေကိုကိုက်တတ်တယ်လေမေမေ”
“ဟုတ်တာပေါ့။ ခြင်တွေကိုက်မှာစိုးလို့ သားကိုမေမေကဘောင်းဘီရှည်လေး အမြဲဝတ်ပေးထားတာပေါ့”
“ခြင်တွေကိုက်တာခံရရင် ရောဂါပိုးတွေလည်းကူးစက်ခံရတတ်တယ် မေမေ”
“ဟုတ်တယ်။”
သားကအမေကိုစိတ်ပါလက်ပါ ရှင်းပြနေသည်။
“ခြင်တွေကြောင့် ဖြစ်တဲ့ရောဂါတွေကကြောက်ဖို့ကောင်းတယ်တဲ့”
သားကိုရေချိုးပေးဖို့ အကျႌချွတ်လိုက်သည်။ ရေချိုးခန်းထဲသို့ သွင်းလိုက်သည်။
“ခြင်တွေကရေထဲမှာဥဥတာ။ ပြီးရင် ပိုးလောက်လန်းလေးတွေ ဖြစ်သွားတာမေမေ။ ပိုးလောက်လန်းတွေကတစ်ဆင့် ခြင်လေးတွေ ဖြစ်သွားတာမေမေ”
ကန်ထဲမှာရေတွေကို ကြည့်ပြီးအမေဖြစ်သူကိုပြောနေသည်။သားကတော်တော်သိနေပြီပဲ။
“ဒါကြောင့် ဒီလိုမျိုးရေကန်တွေကိုဖုံးအုပ်ထားရမယ်တဲ့။ သားတို့အိမ်မှာရေချိုးကန်ကိုဖုံးအုပ်မထားဘူးလို့ ဆရာမကိုပြောလိုက်တယ်။”
စပယ်တစ်ယောက် အလန့်တကြားပြန်မေးလိုက်သည်။
“ဆရာမကဘာပြန်ပြောလဲ”
“အဲဒါ ဆရာမ က အိမ်ကရေချိုးကန်ကိုဖုံးအုပ်ထားပါတဲ့။ ဒါမှ ခြင်တွေလာပြီးဥမဥနိုင်မှာတဲ့”
အမေကိုသေသေချာချာရှင်းပြနေသည်။
“ရေချိုးနေတာပဲသားရယ်။ ဖုံးအုပ်စရာမလိုပါဘူး။”
“မဖုံးအုပ်ချင်ရင် ပိုးလောက်လန်းတွေကိုစားတဲ့ ငါးလေးတွေ မွေးထားလို့ရတယ်တဲ့ မေမေ။ မေမေမဖုံးအုပ်ချင်လည်းနေပါ။ ပိုးလောက်လန်းစားတဲ့ ငါးလေးတွေ မွေးထားပါလားမေမေ”
ဘုရားဘုရားငါးတွေ ရေကန်ထဲထည့်ထားရမည်တဲ့။ အသည်းယားစရာကောင်းလိုက်တာ။
“အေးပါ သားရယ် သားဖေဖေ ပြန်လာတော့ ဖေဖေ့ကိုပြောကြည့်ရမှာပေါ့”
“ဖေဖေကိုပြောရမှာလား”
“အေးပေါ့။ ဖေဖေသဘောတူရင် မွေးကြတာပေါ့။”
သားစိတ်ချမ်းသာအောင် စံပယ်တစ်ယောက် ပြန်ပြောလိုက်သည်။ အမှန်ကတော့ ငါးများကိုမွေးရမှာစိတ်ရှုပ်ပါသည်။ ရေချိုးပြီး၍ အခန်းထဲသို့ပြန်ခေါ်လာသည်။
“ခြင်တွေ ကိုက်တတ်လို့ အကျႌလက်ရှည် ဘောင်းဘီရှည်လေးတွေ အမြဲဝတ်ထားတာလည်း ကောင်းပါတယ် မေမေ။ အိမ်ကို ခြင်လုံစကာလေးတတ်ထားရင် ပိုကောင်းတယ်တဲ့”
အမယ်လေးတော် ပြောတတ်နေလိုက်တာ။ ခြင်လုံစကာတတ်ရမယ်တဲ့။
“သားတို့အိမ်မှာ ခြင်လုံစကာလည်းမရှိဘူး။ ဒါကြောင့် အိမ်ထဲကို ခြင်တွေ ဝင်နေတာပေါ့။ ဒါကြောင့် သားတို့အိမ်မှာ ခြင်လုံစကာတတ်ရမယ်နော်။”
“အိမ်မှာ ခြင်ဆေးခွေ အမြဲထွန်းနေတာပဲလေသားရဲ့။ ခြင်မကိုက်ပါဘူး။”
“ကိုက်ပါတယ် မေမေရယ်။ သားညညဆိုရင် ခြင်ဆေးခွေထွန်းထားလည်း ခြင်တွေကကိုက်တာပါပဲ။ မေမေ့ ခြင်တွေက ခြင်ဆေးခွေကိုမကြောက်ပါဘူး။ ပြီးတော့ ဆရာမကပြောလိုက်သေးတယ်ခြင်ဆေးခွေတွေ အမြဲထွန်းတာမကောင်းဘူးတဲ့”
“ဘာပြောလိုက်တာလဲသား။”
သိချင်စောနှင့် ကလေးပြောတာကိုမစောင့်ပဲ ဖြတ်ပြောလိုက်သည်။
“ခြင်ဆေးခွေတွေကဘာဖြစ်တယ်ဆိုလားပဲမေမေရယ်။ ဆရာမကပြောလိုက်တယ်။ သားမေ့နေတယ်။ ခြင်ဆေးဗူးတွေလည်းမကောင်းဘူးတဲ့မေမေ။”
“ဘာမကောင်းတာလဲသားရဲ့။”
အတန်ကြာစဉ်းစားနေသည်။ မကောင်းမှန်းတော့ သိသည်။ ဘာမကောင်းတာလဲမေးတော့ သေသေချာချာမရှင်းပြတတ်။
“သားနက်ဖြန်ကျမှ ဆရာမကို ပြန်မေးခဲ့မယ် မေမေ။ မကောင်းတာတော့ အမှန်ပဲ။”
နက်ဖြန်မှ ဒီဇာတ်လမ်း ပြန်ဆက်ရမည်။
“အေးပါ သားရယ် နက်ဖြန်ကျရင် ပြန်မေးခဲ့လေ။နော်..”
အမေမမှာလည်းသေချာပေါက် ဆရာမကို ပြန်မေးလာမည့် ကလေးမျိုး။
စိတ်ထဲတွင်တော့ သိပ်ဘဝင်မကျချင်။
“ဟုတ်ကဲ့မေမေ။”
“အခုတော့ ထမင်းစားတော့နော်။ လာမေမေကျွေးမယ်”
“ သားသူငယ်ချင်းအောင်အောင်တို့အိမ်မှာ ခြင်လုံစကာရှိတယ်တဲ့ မေမေ။ ”
“အင်း”
သားအတွက် ထမင်းပြင်ရင်းခေါင်းညိတ်လိုက်သည်။
“သားတို့ အိမ်မှာလည်းခြင်လုံစကာတပ်ရမယ်နော်မေမေ”
“ညနေကျရင် သားဖေဖေကိုသားကိုယ်တိုင်ပြောလေ. နော်”
“ဟုတ်ကဲ့ မေမေ။ သူများအိမ်တွေမှာ ခြင်လုံစကာတပ်ထားပြီးသားတို့အိမ်မှာမရှိဘူးဆိုတော့ သားတို့အိမ်မှာလည်းတပ်ထားသင့်တာပေါ့။”
စကားတွေကတတ်နေလိုက်တာ။ဒီလိုမျိုးသာစကားတွေ တတ်နေပုံမျိုးနဲ့တော့ နောင် အသက်နည်းနည်းကြီးလာလျှင် မလွယ်။
“သားဖေဖေကိုသေသေချာချာရှင်းပြလိုက်မယ်”
ထမင်းစားပြီးကတည်းကအိမ်ရှေ့တွင် အဖေဖြစ်သူကိုမျှော်နေရှာသည်။ အဖေဖြစ်သူကလည်းဒီနေ့မှ အလုပ်နောက်ကျမည်ဆိုပြီးဖုန်းလှမ်းဆက်သည်။ သားကတော့ သူပြောချင်သည်များကိုပြောဖို့ စောင့်နေလေရဲ့။ ကာတွန်းကားတောင် ကောင်းကောင်းမကြည့်ပဲအိမ်ရှေ့ကိုပဲခဏခဏထွက်ထွက်ကြည့်နေသည်။
“မေမေရေဖေဖေကလည်းနောက်ကျလိုက်တာနော်”
စိတ်မရှည်လို့ထင်သည်။ အမေကိုလှမ်းမေးနေသည်။
“အလုပ်တွေ များနေလိုတဲ့ မေမေကိုဖုန်းလှမ်းဆက်တယ်။ ပြန်လာတော့မှာပါသားရဲ့။ ”
“ဟေးဖေဖေကြီးပြန်လာပြီ။”
အဖေကိုအပြေးလေးသွားကြိုနေသောသားအား ကြည့်ရင်း ခြင်လုံစကာတပ်ရင်တော့ ပိုက်ဆံကုန်တော့မှာပဲလို့ စံပယ်တစ်ယောက်တွေးတောနေမိသည်။ သားအတွက် ခြင်လုံစကာတပ်ဖို့ယောက်ျားနှင့် ဒီညတိုင်ပင်ရဦးမည်။
Author – ဒေါက်တာအေးချမ်းမိုး