မုန်တိုင်းဆိုတာ သဘာဝဘေးအန္တရာယ်တစ်ခုပါ။
မုန်တိုင်း(Storm)လို့ပြောလိုက်ရင် ကျွန်တော်တို့နိုင်ငံက လူအများစုက အပင်တွေ၊ ဓာတ်တိုင်တွေလဲအောင်၊ အိမ်ခေါင်မိုးတွေလန်အောင်လေတိုက်တာလို့ပဲသိကြပါတယ်။
တကယ်က မုန်တိုင်းမှာ မိုးကြိုးမုန်တိုင်း(Thunder Storm)၊ နှင်းမုန်တိုင်း(Snow Storm)၊ ရေခဲမုန်တိုင်း(Ice Storm)၊ လေမုန်တိုင်း(Wind Storm)၊ လေဆင်နှာမောင်း(Tornadoes) စသဖြင့် အမျိုးအစားအမျိုးမျိုးရှိပါတယ်။ မုန်တိုင်းအမျိုးအစားတွေထဲက ကျွန်တော်တို့တွေအသိများတဲ့မုန်တိုင်းတစ်ခုဖြစ်တဲ့ လေမုန်တိုင်းကို ဖြစ်တဲ့နေရာဒေသပေါ်မူတည်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့တောင်ပစိဖတ်သမုဒ္ဒရာအတွင်းမှာအစပြုတဲ့လေမုန်တိုင်းကို ဆိုင်ကလုန်း(Cyclone)၊ အနောက်အတ္တလန်းတိတ်သမုဒ္ဒရာနဲ့အရှေ့ပစိဖိတ်သမုဒ္ဒရာအတွင်းအစပြုတဲ့လေမုန်တိုင်းကို ဟာရီကိန်း(Hurricane)၊ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းအစပြုတဲ့လေမုန်တိုင်းကို တိုင်ဖွန်း(Typhoon) ဆိုပြီး သုံးမျိုးခွဲထားပါတယ်။
လေမုန်တိုင်းဖြစ်လာရခြင်းအကြောင်းကတော့ ကမ္ဘာကြီးပူနွေးလာပြီးလေဖိအားနည်းရပ်ဝန်းတွေဖြစ်လာတာကြောင့်ပါ။ လေရဲ့သဘောသဘာဝအရ ပူလျှင်ပေါ့ပါးလာပြီး အထက်သို့တက်ပါတယ်။အဲ့အခါကျ အပေါ်သို့တက်သွားတဲ့လေနေရာမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့လေဖိအားနည်းရပ်ဝန်းထဲကို ဘေးပတ်ဝန်းကျင်နေရာမှ လေတွေကတိုးဝင်လာပါတယ်။
လေဖိအားနည်းလေလေတိုးဝင်လာတဲ့လေပမာဏများလေလေပါပဲ။ တိုးဝင်လာတဲ့လေပမာဏဟာ အဆမတန်များပြားပြင်းထန်လာတဲ့အခါမှာ လေမုန်တိုင်းစတင်ဖြစ်ပေါ်လာပါတယ်။ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်း ဆိုတဲ့လေမုန်တိုင်းအမျိုးအစားသုံးမျိုးနာမည်အပြင် မာလာမုန်တိုင်း၊ နာဂစ်မုန်တိုင်း စတဲ့ နာမည်တွေလည်းကြားဖူးကြမှာပါ။
အဲဒီမာလာ၊ နာဂစ်ဆိုတာတွေက နောက်ထပ်လေမုန်တိုင်းအမျိုးအစားတွေမဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်လေ့ရှိတတ်တဲ့ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်း လေမုန်တိုင်း အမျိုးအစားတွေကို တစ်နှစ်နဲ့တစ်နှစ် နာမည်မထပ်အောင် မှည့်ခေါ်တဲ့နာမည်တွေပါ။နှစ်စဉ်နှစ်တိုင်းဖြစ်လေ့ရှိတဲ့ လေမုန်တိုင်းတွေကို ပထမ ဦးဆုံးအမည်မှည့်ခေါ်သူတွေကတော့ သြစတြီးယားလူမျိုး ရာသီဥတုခန့်မှန်းသူတွေပါ။
သူတို့ဟာ သူတို့မနှစ်သက်တဲ့ သူတို့နဲ့အကြောမတည့်တဲ့ နိုင်ငံရေးခေါင်းဆောင်များ( အထူးသဖြင့် မိုးလေဝသ ခန့်မှန်းလေ့လာရေးဆိုင်ရာ ဘတ်ဂျက်ကိုဖြတ်တောက်သော နိုင်ငံရေး ခေါင်းဆောင်များ) အမည်ကို မုန်တိုင်းကြီးများအား အမည်တပ်မှည့်ခေါ်လေ့ရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာတဲ့အခါမှာတော့ လေမုန်တိုင်းများကို အမေရိကန်လေတပ်မှ အရာရှိများ၊ ရေတပ် ရာသီဥတုခန့်မှန်းရေး အရာရှိများက သူတို့၏ ဇနီးများနှင့် ချစ်သူများအမည်ကို မှည့်ခေါ်ခဲ့ကြပါသည်။
အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းဆက်သွယ်မှုတွေ၊ သိပ္ပံပညာတွေတိုးတက်ကောင်းမွန်လာပြီး စနစ်ကျလာတာနဲ့အမျှ တကမ္ဘာလုံး တစ်ပြေးညီဖြစ်အောင် ABCD အစဉ်အတိုင်း တန်းစီမှည့်ခေါ်လာကြပါသည်။
ဒါကြောင့် M အက္ခရာဖြင့်စသော မာလာမုန်တိုင်းပြီးနောက်မှာဖြစ်တဲ့လေမုန်တိုင်းကို N အက္ခရာဖြင့်စတဲ့ နာဂစ်မုန်တိုင်းလို့ ပညာရှင်များက အမည်ပေးခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းအမည်တွေကို ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသဌာနများက ကြိုတင်ရွေးချယ်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။ စစချင်းမှာပြောခဲ့သလိုပဲ မုန်တိုင်းဟာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့အတွက် မဖြစ်အောင်တားဆီးလို့မရပါဘူး။ ဒါပေမဲ့ မုန်တိုင်းမဖြစ်မီ၊ဖြစ်နေစဉ်နဲ့ ဖြစ်အပြီးမှာဘာတွေလုပ်ရမလဲဆောင်ရန်ရှောင်ရန်တွေကို သိထားခြင်းဖြင့် မုန်တိုင်းကြောင့် အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှုဖြစ်တာတွေကို အတိုင်းအတာတစ်ခုထိလျော့နည်းသက်သာစေနိုင်ပါတယ်။
ဒါကြောင့် မုန်တိုင်းမဖြစ်မီ၊ ဖြစ်နေစဉ်နဲ့ဖြစ်အပြီးဆောင်ရန်ရှောင်ရန်အချက်တွေကို သိသလောက် ဝေမျှတင်ပြလိုက်ရပါတယ်။
မုန်တိုင်းမဖြစ်မီမှာဆောင်ရရှောင်ရမယ့်အချက်တွေကတော့ –
၁။သက်ဆိုင်ရာအစိုးရဌာနမှ ရေဒီယို၊တီဗီ စတဲ့ မီဒီယာတွေကတစ်ဆင့် ထုတ်ပြန်တဲ့မုန်တိုင်းသတင်းများကိုသေချာဂရုစိုက်နားထောင်ပါ။
၂။ဖေ့ဘွတ်ခ်လိုမျိုးလူမှုမီဒီယာမှာတွေ့တဲ့သတင်းတွေကိုတော့ ချင့်ချိန်စဉ်းစားပြီးမှယုံပါ။ကောလဟာလ၊ သတင်းအမှားတွေကို မယုံမိပါစေနဲ့။
၃။မိမိအိမ်ဝန်းကျင်တွင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနဲ့ အိမ်ရဲ့ကြံခိုင်မှုကိုစစ်ဆေးပါ။ ပြင်စရာရှိတာပြုပြင်ပါ။
၄။အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းပါ။
၅။မုန်တိုင်းပြင်းပြင်းထန်ထန်ကျပါက ခိုအောင်းနိုင်အောင် မိမိနဲ့အနီးဆုံးတည်ရှိတဲ့ မုန်တိုင်းခိုအဆောက်အအုံကို ကြိုတင်ရှာထားပါ။ဒါ့ပြင် အဲ့မုန်တိုင်းခိုအဆောက်အဦးဆီကို ဘေးအန္တရာယ်ကင်းကင်းဖြင့် ရောက်နိုင်မယ့် လမ်းကြောင်းလည်းရှာထားပါ။
၆။မုန်တိုင်းအတွင်းမိသားစုတွေတကွဲတပြားဖြစ်ခဲ့ပါက ပြန်ဆုံဆည်းဖို့လွယ်အောင် ဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။အမည်၊ရပ်ကွက်၊ကျေးရွာမြို့၊ဆက်သွယ်ရမည့်သူ စတဲ့အချက်တွေကိုကဒ်ပြားပေါ်မှာရေးထားပြီး မိသားစုဝင်တိုင်းဆောင်ထားပါ။
၇။ရေသန့်၊ဓာတ်ဆား၊ဆေး၊ရှေးဦးသူနာပြုပစ္စည်းများ၊ဓါတ်မီး၊ရေဒီယို၊ဖုန်း၊မီးခြစ်၊ဖယောင်းတိုင်စတဲ့အရေးပေါ်သုံးပစ္စည်းများ၊စားနပ်ရိက္ခာများ၊အရေးကြီးစာရွက်စာတမ်းများကို သယ်ရလွယ်အောင် အိတ်တွေနဲ့ကြိုတင်စုထည့်ပြီး အနားမှာထားပါ။
၈။သက်ဆိုင်ရာအစိုးရဌာနရဲ့ နေရာရွှေ့ပြောင်းဖို့သတိပေးချက်ရရချင်း ရွေးချယ်ထားသောဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပါ။
မုန်တိုင်းဖြစ်နေစဉ်မှာလုပ်သင့်တဲ့အချက်တွေကတော့ –
၁။အပြင်မထွက်ပါနဲ့။မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာမှသတင်းထုတ်ပြန်သည်အထိ လုံခြုံသောနေရာတွင်နေပါ။
၂။မိန်းချထားပါ။လိုအပ်ပါက အားသွင်းမီးအိမ်၊ ဓာတ်မီးသုံးပါ။ရေဒီယိုမှမိုးလေဝသသတင်းကို အချိန်မှန်နားထောင်ပါ။
၃။လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အအုံပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင်ဝပ်နေပြီး စားပွဲခြေထောက်၊ကုတင်ခြေထောက်ကိုကိုင်ထားပါ။
မုန်တိုင်းအပြီးမှာ ဆောင်ရရှောင်ရမှာတွေကတော့ –
၁။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်းမကြညာမချင်း အပြင်မထွက်ပါနဲ့။
၂။မိသားစုဝင်များပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာကိုအကြောင်းကြားပါ။
၃။အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ဓါတ်တိုင်များ၊သစ်ပင်သစ်ကိုင်းများ သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့အကြောင်းကြားပြီး ကူညီရှင်းလင်းပါ။
၄။ အိမ်ထဲမဝင်ခင် အိမ်ရဲ့ကြံခိုင်မှုအနေအထားနဲ့ အိမ်ခြံဝင်းအတွင်း အဆိပ်ရှိတိရိစ္ဆာန်များရှိမရှိ သေချာစစ်ဆေးပါ။
၅။ရေစိုနေသောလျှပ်စစ်ပစ္စည်းများကိုအသုံးမပြုပါနဲ့။
၆။ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်ပါ။
၇။ကယ်ဆေးရေးနဲ့အရေးပေါ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာပူးပေါင်းဆောင်ရွက်ပါ။
Author: Dr 528