ရုံးပတီသီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Abelmoschus esculentus ဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ Okra သို့မဟုတ် Okro သို့မဟုတ် Ladies Finger ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ်။ကျွန်တော်တို့ဆီကအများစုကတော့ ရုံးပတီသီးကို အင်္ဂလိပ်နာမည်နဲ့ကတော့ Ladies Finger လို့ပဲ အသိများကြပါတယ်။ရုံးပတီသီးပင်ရဲ့မူလဒေသကတော့ အနောက်အာဖရိက၊တောင်အာရှနဲ့ အီသီယိုးပီယားနိုင်ငံတွေဖြစ်ပါတယ်။
ရုံးပတီသီးပင်ဟာ ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာ ကောင်းစွာပေါက်ရောက်နိုင်ပါတယ်။ ရုံးပတီသီးသည် တနှစ်ပတ်လုံးရရှိနိုင်သော ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်ပါတယ်။ ကျွန်တော်တို့တွေနေ့စဉ်စားသောက်တဲ့ထဲမှာ ရုံးပတီသီးဟာ ဟင်းအနေနဲ့မကြာခဏပါလေ့ရှိပြီး ရုံးပတီသီးကို အမျိုးမျိုးအဖုံဖုံလုပ်စားကြပါတယ်။ မီးကင်ပြီးသော်လည်းကောင်း၊ရေနွေးလေးနဲ့ဖျော်ပြီးသော်လည်းကောင်း ငါးပိရည်တို့ အချဉ်ရည်တို့နဲ့တို့စားကြသလို ကြော်ကာ သုပ်ကာလည်းစားကြပါတယ်။
ဟင်းချိုလည်းချက်သောက်ကြသလို ခရမ်းသီး၊ဒန့်သလွန်သီး၊ကုလားပဲ၊အားလူးတို့နဲ့ရောပြီး ပဲကုလားဟင်းအနေနဲ့လည်းချက်စားကြပါတယ်။ရုံးပတီသီးဟာ လူတန်းစားမရွေး လက်လှမ်းမီတဲ့ဟင်းသီးဟင်းရွက်ဖြစ်တဲ့အပြင် ရုံးပတီသီးစားခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း များလှပါတယ်။ရုံးပတီသီးဟာ ကယ်လိုရီနည်းပြီး အမျှင်ဓါတ်မြင့်မားစွာပါဝင်ပါတယ်။ဗီတာမင်အေ၊ဘီ၊စီ၊ကေ စတဲ့ဗီတာမင်တွေ ကြွယ်ဝစွာပါသလို ဖောလစ်အက်စစ်၊ပိုတက်ဆီယမ်၊ကယ်လ်ဆီယံ၊မက်ဂနီဆီယံ၊ဇင့်အစရှိတဲ့သတ္ထုဓါတ်တွေ နဲ့ အန်တီအောက်ဆီးဒန့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝစွာပါပါတယ်။
ဒီလိုကျန်းမာရေးအကျိုးပြုတဲ့ဓါတ်တွေများစွာပါတဲ့အတွက် ရုံးပတီသီးကို မကြာမကြာစားပေးခြင်းဖြင့်
ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်လာခြင်း
အမြင်အာရုံပိုကောင်းလာခြင်း
ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်ခြင်း
ကင်ဆာရောဂါဖြစ်ပွားနိုင်မှုလျော့နည်းခြင်း
အရိုးတွေပိုမိုကြံခိုင်လာခြင်း
အရေပြားကျန်းမာပြီးစိုပြေလာခြင်း
သွေးတွင်းအဆီဓါတ်နဲ့သကြားဓါတ်ကိုထိန်းသိမ်းပေးတဲ့အတွက် နှလုံးရောဂါ၊သွေးတိုးနဲ့ဆီးချိုရောဂါတွေ ဖြစ်ပွားနိုင်ခြေလျော့နည်းလာခြင်း
ပန်းနာရင်ကြပ်ဖြစ်ပွားနိုင်ခြေလျော့နည်းခြင်း
ချောင်းဆိုးရင်ကြပ်သက်သာစေခြင်း
အစရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကိုရရှိနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် ရုံပတီသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အတွက် စားသင့်သောဟင်းသီးဟင်းရွက်တမျိုးပါ။ဒါကြောင့် မကြာမကြာဆိုသလို ရုံးပတီသီးကို စားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
သီတာနွယ်(အမရပူရ)