သံပုရာသီးအကြောင်းသိကောင်းစရာ
သံပုရာသီးဟာ ကမ္ဘာပေါ်ရှိလူသားအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အသီးဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အသုပ်သုပ်တဲ့အခါ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စားတဲ့အခါမှာ အအီပြေအနေနဲ့ သံပုရာသီးကို အရည်ညှစ်ထည့်ပြီး စားလေ့ရှိပါတယ်။
ဒါ့အပြင် သံပုရာသီးသနပ် လုပ်စားတာ၊ ဖျော်ရည်အနေနဲ့ ဖျော်သောက်ကြတာတွေလည်း ရှိပါတယ်။ သံပုရာသီးကို အင်္ဂလိပ်လို Sour Lime လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Citrus medica Linn. var. acida ဖြစ်ပါတယ်။ မျိုးရင်းကတော့ Rutaceae ပါ။
သံပုရာပင်ဟာ မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာ စိုက်ပျိုးပေါက်ရောက်တဲ့ အပင်အမျိုးအစားဖြစ်ပါတယ်။ အပင်ငယ် ချုံပင်မျိုးပါ။ သူ့ရဲ့ အကိုင်းအခက်များဟာ ဘေးသို့ကိုင်းဖြာပြီး ဆူးများလည်းရှိပါတယ်။ တဆင့် ငှက်မွေးရွက်ပေါင်းဖြစ်ပါတယ်။ အရွက်က ရှည်မျောမျောပုံစံရှိကာ ရွက်နားညီပါတယ်။ အဖြူရောင် (သို့မဟုတ်) ပန်းနုရောင် အပွင့်ကလေးများပွင့်ကာ မွှေးကြိုင်သင်းပျံ့သောအနံ အနည်းငယ်ရှိပါတယ်။
အသီးက မမှည့်ခင်မှာ အစိမ်းရောင်ရှိပြီး မှည့်တဲ့အခါမှာ အဝါရောင်ရှိပါတယ်။ သံပုရာသီးမှာ Ascorbic acid, limonene, dipentene စတဲ့ ဒြပ်ပေါင်းတွေပါဝင်ပါတယ်။
သံပုရာသီးမှာ သွေးကြောထဲရှိ ပိုလျှံ့နေတဲ့ ကိုလက်စထရောကို မကောင်းတဲ့အဆီဓါတ်တွေကို ကျဆင်းစေတဲ့ အစွမ်းသတ္တိ (Antihypercholesterolaemic action) ရှိပါတယ်။ သံပုရာသီးကို အစာကြေဆေး၊ ပိုးသတ်ဆေး၊ သွေးတိုးကျဆေးစတဲ့ တိုင်းရင်းဆေးတွေဖော်စပ်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။
သံပုရာသီးသည် ဝမ်းမီးတောက်ခြင်း ကြေကျက်ခြင်းကို ပြုတတ်၏။ ခက်မငါးဖြာသို့ လျှောက်သောလေကို ကြေစေ၏။ စဉ်းငယ်မျှချို၏။ ထိုးကျင့်သော လေနာ၊ လေသလိပ် ဝမ်းမီးနုန့်သော အနာ၊ အော့အန်နာ၊ အစာမကြေ၊ ရင်ဘတ်နာ အူသိမ်အူမတွင်စွဲသောအခါ သလိပ်သည်းခြေအားကြီးသောအနာတို့ကို ပျောက်ကင်းစေ၏။ ချောင်းဆိုး လည်ချောင်းဖောက်ပြန်ခြင်းတို့ကို ပျောက်ကင်းစေ၏။ ဆိုပြီး မြန်မာ့ဆေးကျမ်းမှာ ရေးသားထားပါတယ်။
ခေတ်သစ်လေ့လာချက်တွေအရ သံပုရာသီးဟာ ကျန်းမာရေးသာမက အလှအပအတွက်လည်း အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။ သံပုရာသီးအခွံကို ဆားနဲ့ရောပြီး သွားကိုပွတ်ပေးပါက သွားတွေဖြူဖွေးတောက်ပစေပါတယ်။ တံတောင်ဆစ်တွေ မည်းနေတာအတွက် သံပုရာသီးကိုထက်ခြမ်းခြမ်းပြီး ပွတ်ပေးကာ ၅ မိနစ်လောက်ထားပြီး ရေဆေးချပေးပါက မည်းနေတာတွေပျောက်ပြီး အသားအရေပြန်လည်ဝင်းပလာနိုင်ပါတယ်။
ဆံပင်ကျွတ်တာအတွက် အုန်းရည်ထဲ သံပုရာရည်ရောကာ တပတ်လျှင် တကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ အကြံပေးရရင် သံပုရာသီးဟာ အိမ်မှာဆောင်ထားသင့်တဲ့ အသီးတမျိုးပါ။ ရုတ်တရက်သွေးတိုးလို့ မူးမော်လာပါက သံပုရာသီးအခွံကို လက်သည်းလေးနဲ့ဆိတ်ပြီး ရှုနိုင်သလို သံပုရာရည်ဖျော်ပြီးတော့လည်း သောက်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ရုတ်တရက်မူးမော်တာကို သက်သာစေနိုင်ပါတယ်။
Dr. သီတာနွယ်(အမရပူရ)