စိတ်အတွက်ဆေးတစ်ခွက်
ဆယ်စုနှစ် နှစ်ခုလောက်ကို ပြန်ကြည့်မယ်ဆို အိမ်ထောင်စုတိုင်းမှာ အမျိုးသားအိမ်ထောင်ဦးစီးတစ်ယောက်ကသာ သေချာအလုပ်လုပ်ပြီး တစ်မိသားစုလုံးကို ကျွေးမွေးနိုင်ပါတယ် အလုပ်ပိတ်ရက် ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ မိသားစုတွေ ဘုရားသွားကြတယ် အပျင်းပြေရုပ်ရှင်ကြည့်ကြတယ် ကစားကွင်းတွေသွားကြတယ် မုန့်တူတူထွက်စားကြတယ် စိတ်အပန်းပြေစရာတွေလုပ်ဆောင်တတ်ကြတယ်။အချိန်တွေရွှေ့ပြောင်းလာတာနဲ့အမျှ လူတစ်ဦးစီတိုင်းမှာ စိတ်ပင်ပန်းလူပင်ပန်းစရာတွေများလာပါတယ် မိသားစုအပန်းဖြေဖို့အချိန်မပေးနိုင်တာတွေဖြစ်လာတယ် ငွေအားလူအားမမျှတာတွေဖြစ်လာတယ် အိမ်ထောင်စုတစ်ခုမှာ ယောကျာ်းရောမိန်းမရောအလုပ်လုပ်နေကြရတာတွေ ကလေးတွေမှာလည်း ကျောင်းကျူရှင်တွေတန်းစီနေတတ်ကြတယ်။
စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း ကျန်းမာရေးကို မေ့လျော့လာကြတယ် ပညာရေးအတွက်ကြိုးစားရင် ပျော်ရွှင်မှုကို မေ့လျော့လာကြတယ် ငွေအားလူအားစိတ်အားတွေရှိသမျှကို အချိန်ပြည့် အသုံးပြုလာကြရတယ်။မိသားစုနဲ့ တူတူအချိန်ဖြုန်းတာတွေ မရှိကြတော့ဘူး ရယ်မောပျော်ရွှင်ခြင်းတွေနေရာမှာ တွေးတောစဉ်းစားနေတာတွေ အစားထိုးလာတယ် ကလေးတွေ ပြေးလွှားကစားမယ့်အစား ဖုန်းတီဗွီတွေနဲ့ အချိန်ကုန်လာတယ် ဘုရားသွားကျောင်းတက် လုပ်ရမယ့်အစား အချိန်ပိုအလုပ်လေးလုပ်လိုက်ရင် ဆိုတာတွေ ဖြစ်လာကြတယ်။
ဒါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း အရေးမကြီးပါဘူး ဒါတွေကို လိုက်ဖြေရှင်းနေဖို့လည်းမလိုပါဘူး ဖြေရှင်းတိုင်းလည်း မပြေလည်ပါဘူး လူဆိုတာက မောဟဒေါသလောဘ များတော့ ချက်ချင်းတော့မေ့ပစ်ဖို့ဆိုတာ မလွယ်တတ်ကြဘူး ဒါပေမယ့် ရတဲ့ နည်းလမ်းနဲ့တော့ ကြိုးစားရမှာပဲ စိတ်ထဲရှင်းနေမှ နောက်နေ့အတွက် အလုပ်လုပ်ဖို့ ခွန်အားတွေရမယ် အားအင်ပြည့်ဝမယ် အိပ်နိုင်စားနိုင်မယ် ဒေါသရှေ့ထားစရာမလိုတော့အမှားနည်းလာမယ် သေချာစဉ်းစားဆင်ခြင်နိုင်လာမယ် မိသားစုအပေါ်မှာ စိတ်ရှည်လာမယ် အဓိကက စိတ်ထားတတ်ဖို့ပါ ကလေးငယ်ဘဝတုန်းကလို တစ်နေ့ပြီးတစ်နေ့ ကြုံတွေ့လာတဲ့ သောကတွေ စိတ်ညစ်စရာတွေ စိတ်မတင်မကျဖြစ်တာတွေအားလုံးကို မေ့ပစ်လိုက်ဖို့ပါပဲ ပေါ့ပေါ့ပါးပါးနေတတ်ဖို့ပါပဲ။
စိတ်ထဲရှင်းနေဖို့အတွက်ကတော့ တရားထိုင်တာလည်းနည်းလမ်းကောင်းတစ်ခုပါပဲ တရားထိုင်တယ်ဆိုတာ ဘာသာစွဲအယူအဆမဟုတ်ပါဘူး ခရစ်ယာန်ဖြစ်စေ ဗုဒ္ဓဘာသာဖြစ်စေ အစ္စလာမ်ဖြစ်စေ ဟိန္ဒူ ဖြစ်စေ တရားထိုင်တာတွေရှိပါတယ် တရားထိုင်တာက အချိန်မရွေး ထိုင်လို့ရတယ် နေ့လည်ပိုင်းထက်စာရင်တော့ မနက်နဲ့ ညနေက ရာသီဥတုပူတာသက်သာလို့ တရားထိုင်ရတာပို အဆင်ပြေတတ်ပါတယ် တရားထိုင်တဲ့အခါ အေးဆေးငြိမ်သက်တဲ့ နေရာမရနိုင်ရင်တော့ အရမ်းဆူညံတဲ့ နေရာမဖြစ်ဖို့တော့လိုပါတယ် စိတ်ကို မပျံ့လွှင့်စေဖို့ပါ။တရားထိုင်တာက တရားမှတ်ဖို့ ဘုရားစာဆိုဖို့ လို့တော့မသတ်မှတ်ထားပါဘူး စိတ်ထဲ ဘာမှမတွေးဘဲ ဝင်သက်ထွက်သက်ကို မှတ်နေဖို့ပါ တရားထိုင်ကာစမှာ ဘယ်လိုမှအဆင်မပြေတတ်ဘူး စိတ်လည်း အရမ်းပျံ့နှံ့လွယ်တယ် ပျံ့လည်း စိတ်ထဲကပြန်ထုတ်ပြီး စိတ်ကိုရှင်းနေအောင်ပြန်ထားပါ ဘာမှမတွေးမိဖို့ကို ပြန်ကြိုးစားပါ။စိတ်ထဲဘာမှမရှိအောင်ရှင်းထားနိုင်ဖို့က ပထမအဆင့်ပါ ဘယ်လောက်ကြာကြာတရားထိုင်ရမယ်မဟုတ်ပါဘူး တစ်မိနစ်လောက်ကနေ ငါးမိနစ် တစ်ဖြည်းဖြည်း အချိန်တိုးတိုးပြီး ဆယ့်ငါးမိနစ် နာရီဝက် တစ်နာရီ စသဖြင့် ရအောင်ထိုင်ပါ တရားထိုင်တဲ့ အဓိက ရည်ရွယ်ချက်က စိတ်သောကတွေ စိတ်ညစ်စရာတွေ အားလုံးမေ့ထားပြီး စိတ်ထဲ ရှင်းနေဖို့ပါပဲ။
တစ်ချို့တွေကျတော့ တရားထိုင်ရင်းအိပ်ငိုက်သွားတာလည်းရှိပါတယ် တစ်နည်းဆိုရင် အိပ်ငိုက်တယ်ဆိုတာလည်း စိတ်ထဲ ဘာမှလျှောက်မတွေးနေလို့ပါပဲ တစ်ဖြည်းဖြည်းတော့ပြန်ကျင့်ယူလို့ရပါတယ်။တရားစထိုင်ကာစမှာ အဆင်မပြေလို့ လက်မလျှော့ပါနဲ့ နေ့တိုင်းအချိန်သတ်သတ်မှတ်မှတ်ထားပြီး တရားထိုင်ပါ ထိုင်တာကြာလာတာနဲ့အမျှ တရားထိုင်တဲ့ ကောင်းကျိုးကို ခံစားလာကြရမှာပါ စိတ်အေးချမ်းလာတာကို တွေ့ရမှာပါ။
Dr. CST