အားလပ်ရက် တွေဟာ ကျန်းမာရေးအတွက် ဘာကြောင့် အရေးပါသလဲ
အလုပ်လုပ်ရတဲ့ လူငယ်လူရွယ်တွေ အတွက်ကတော့ အလုပ်ပိတ်ရက် အားလပ်ရက် ဆိုတာ ပျော်ရွှင်မှုတစ်ခု ပါပဲ ။ ဒါပေမဲ့ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်နေရတဲ့ အိမ်ထောင်ရှင်မတွေ နဲ့ နေ့စဉ် အလုပ်လုပ်နေရတဲ့ သူတွေအတွက်ကတော့ အားလပ်ရက်တွေ ဟာ မဆိုစလောက်နည်းပါတယ် ။ ရုံးအလုပ်လုပ်နေသူ တစ်ချို့ကလည်း တစ်ခါတစ်လေ အပိုဝင်ငွေ ရှာဖို့အတွက် ပိတ်ရက်မှာပါ overtime ယူပြီး အလုပ်လုပ်တတ်ကြပါတယ်။
ဘယ်လို အလုပ်လုပ်မျိုးကို လုပ်သည် ဖြစ်ပါစေ အနည်းဆုံး တစ်ခါတစ်ရံတော့ ကိုယ်ပိုင် အားလပ်ချိန်ကို သတ်မှတ်ပြီး အနားယူသင့် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလပ်တဲ့ အချိန်မှာ ကိုယ်နှစ်သက်တဲ့ အရာကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လုပ်ရတာဟာ စိတ်ကျန်းမာရေး နဲ့ ကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ပါပဲ။
၁) အလုပ်တစ်ခုကို နှစ်ရှည်လပေါင်း များစွာ လုပ်ကိုင်ရတဲ့ အခါမှာ အလုပ်ကို အလွန်နှစ်သက်ပါတယ်ဆိုတဲ့ သူမျိုးတောင် ငြီးငွေ့လာမှာ အမှန်ပါပဲ။ တစ်နေ့ တစ်နေ့ အလုပ်လုပ်ဖို့ ပြင်ဆင်ရတာ ရုံးသွားရတာ ရုံးမှာအလုပ်လုပ်ရတာတွေဟာ စိတ်ဖိစီးမှုတွေကို ဖြစ်စေသလို ကြာလာတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်း ( creative thinking) ကိုလည်း ကျစေနိုင်ပါတယ်။
ဒီလိုမျိုး ခံစားရတဲ့ အခါမှာတော့ အားလပ်ရက်ကို ခဏတစ်ဖြုတ်လောက်တော့ ယူဖို့ လိုအပ်နေပြီဆိုတာ အမှန်ပါပဲ။အားလပ်ရက်တိုလေး တစ်ခုလောက်ရနိုင်ရင်တောင် အိမ်မှာ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေဖတ်တာ ၊ သွားချင်တဲ့ စားသောက်ဆိုင် သို့ coffee shop လေးတစ်ခုကို အေးအေးဆေးဆေး သွားထိုင်တာ ၊ ဝေးကွာနေတဲ့ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံတာ အစရှိတာတွေကို လုပ်ဖြစ်မယ်ဆိုရင် အလုပ်မှာ ရခဲ့တဲ့ စိတ်ဖိစီးမှုတွေဟာ အနည်းငယ် လျော့ကျသွားမှာ အမှန်ပါပဲ။
အားလပ်ရက်မှာ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပြီး အလုပ်ခွင်မှာရခဲ့တဲ့ စိတ်ဖိစီးမှုတွေကို ခဏတဖြုတ်မေ့ပစ်လိုက်တာဟာလည်း သင့်ရဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းဖို့ အတွက် နည်းလမ်းတစ်ခုပါပဲ ။
၂) သင်ရဲ့ ကိုယ်ခန္ဓာ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် အချိန်တစ်ခု လိုအပ်ပါတယ်။
ရုံးမှာ တစ်နေ့လုံးထိုင်နေရပြီး အိမ်ကိုပြန်လာတဲ့ အခါမှာလည်း ပင်ပန်းလွန်းလို့ လဲလျောင်းမိတတ်ကြပါတယ်။ ရေချိုးပြီးသွားတာနဲ့ အိပ်ရာပေါ်မှာ လှဲပြီး ရုပ်ရှင်ကြည့်ရင်း Facebook သုံးရင်းသာ တစ်နေ့တာ ပြီးသွားတတ်ကြပါတယ်။ ဒီလိုနေမယ်ဆိုရင်တော့ ကိုယ်တောင် သတိမထားလိုက်ပဲ လှုပ်ရှားမှု နည်းသွားမှာပါပဲ။
လှုပ်ရှားမှု နည်းတဲ့အတွက် ကိုယ်အလေးချိန်ဟာ သတိရတဲ့အချိန်မှာ အတော်များနေတာကို တွေ့ရမှာပါ။ဒီလိုမဖြစ်ဖို့အတွက် ကိုယ်ရတဲ့ အားလပ်ချိန်မျိုးမှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးရပါမယ်။ အားကစားလုပ်တာဟာလည်း စလုပ်ခါစမှာ ပင်ပန်းနိုင်တဲ့ အတွက် လုပ်ခါစအချိန်မှာတော့ အေးအေးဆေးဆေး အားလပ်ရက်ယူပြီး စလုပ်ရင် ပိုကောင်းမှာ အမှန်ပါပဲ။
၃) ခရီးထွက်ပါ။
ကိုယ်မြင်တွေ့နေကျ နေရာတွေမဟုတ်ဘဲ နေရာအသစ်တွေကို သွားတဲ့အခါ စူးစမ်းချင်စိတ်ကို ဖြစ်စေသလို စိတ်ကိုလည်း လန်းဆန်းစေပါတယ် ။ ဒါပေမဲ့ ဒီလို ခရီးသွားနိုင်ဖို့ အတွက် အားလပ်ရက် လိုမှာတော့ အမှန်ပါပဲ ။
မိသားစု နဲ့ အတူခရီးသွားဖြစ်မယ် ဆိုရင်တော့ အလုပ်ကိစ္စတွေကြောင့် အချိန်မပေးနိုင်တဲ့ မိသားစုဝင်တွေ နဲ့အတူ ပျော်ရွှင်နိုင်ဖို့ အချိန်ပေးဖြစ်မှာ ဖြစ်သလို တစ်ယောက်တည်း ခရီးထွက်မယ်ဆိုရင်လည်း နေရာဒေသ အသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံပြီး စကားပြောဖြစ်ဖို့ အချိန်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အလုပ်ခွင်မှာ ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကို စိတ်ထဲက ဖွင့်ထုတ်လိုက်ဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်လာပါတယ်။ လူအများနဲ့ စကားပြောဖြစ်တဲ့အတွက် စိတ်ကူးညဏ်အသစ်တွေလည်း ပေါ်လာမှာ အမှန်ပါပဲ။
ဒါကြောင့် ဒီနေ့မှာ စာကိုဖတ်ပြီးပြီ ဆိုရင်တော့ အားလပ်ချိန်ကို ဘယ်လိုအသုံးချရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေ ရလာမှာ ဖြစ်သလို ခဏတဖြုတ် အနားယူဖြစ်ကြမယ် လို့လည်း ထင်ပါတယ်။
Dr. မွှေး