မောပန်းနွမ်းနယ်မှုများ ပြေပျောက်ဖို့ ဘယ်လိုကြိုးစားကြမလဲ
ယနေ့ခေတ်မှာ လူတော်တော်များများဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများကြောင့် စိတ်ဖိစီးမှုများရရှိကာ မောပန်းနွမ်းနယ်လေ့ ရှိကြပါတယ်။ တစ်ခါတစ်လေမှာ ပင်ပန်းလွန်းခြင်း၊ ဘယ်အရာကိုမှ စိတ်ဝင်စားလို့မရဘဲ ဘာမှမလုပ်ချင်တဲ့အချိန်တွေ ရှိပါလိမ့်မယ်။ ဒီလိုခံစားနေရတာလေးတွေ အမြန်ဆုံးသက်သာစေဖို့ နည်းလမ်းတစ်ချို့ကို ဝေမျှပေးပါရစေ။
– နေ့စဉ်နေ့တိုင်း ပင်ပန်းနွမ်းနယ်မှုများ တိုက်ထုတ်ပါ….
ပထမဦးဆုံး နည်းလမ်းတစ်ခုကတော့ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းပါပဲ။ နေ့တိုင်း အလုပ်တွေကြားထဲ နေရသောအခါ အနားယူရမယ့် အချိန်တွေဟာ တစ်ဖြည်းဖြည်း ရှားပါးလာပါတယ်။ နေ့လည် ခေတ္တမျှ ထိုင်ခုံမှာထိုင်ပြီး အနားယူပေးခြင်းဖြင့် စိတ်ဖိစီးမှုများကို ပြေပျောက်စေပါတယ်။
ဒါ့အပြင် ညဘက်တွင်လည်း အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။ သို့မှသာ နောက်တစ်နေ့မနက် အလုပ်သွားလျှင် ပေါ့ပါးလန်းဆန်းနေပြီး တစ်နေကုန်အလုပ်လုပ်ရတာလည်း အဆင်ပြေလာပါလိမ့်မယ်။ အိပ်ရေးဝအောင်အိပ်စက်အနားယူရမယ့်အချိန်ပမာဏကတော့ လူတစ်ယောက်နဲ့ တစ်ယောက်စီမှာ ကွဲပြားခြားနားလေ့ရှိပါတယ်။
ယေဘူယျအားဖြင့် လူတစ်ယောက်သည် အိပ်ချိန် ၇ နာရီမှ ၉ နာရီအတိုင်းအတာထဲတွင် ရှိသင့်ပါတယ်။ ကလေးငယ်လေးများကတော့ လူကြီးများထက် အိပ်စက်ချိန် ပိုမိုလိုအပ်ပါတယ်။
– လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းသည် ခန္ဓာကိုယ်သွယ်လျလှပစေခြင်း၊ စိတ်ကျန်းမာခြင်းတို့ကို ဖြစ်စေသည်သာမက ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ထားခြင်းကြောင့် ညဘက်တွင်လည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေဖို့ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းသည် အထောက်အကူဖြစ်စေပါတယ်။ တစ်နေ့လျှင် နာရီဝက်မျှ လေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။
– ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ်စားသုံးပါ။
တစ်နေ့တာ ကာယအား၊ ဉာဏအား အသုံးပြုပြီး အလုပ်လုပ်နေရသူများအတွက် ကုန်ခမ်းသွားတဲ့ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုဖြည့်တင်းဖို့အတွက် carbohydrate နဲ့ protein ဓာတ်များ ကြွယ်ဝစွာပါဝင်သော အစားအစာများကို စားသုံးပေးသင့်ပါတယ်။ အာဟာရဓာတ်မပြည့်ဝသော မုန့်ပဲသရေစာများ၊ အဆီအစိမ့်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
– ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပါ။
ကိုယ်အလေးချိန်ကို ပုံမှန်အတွင်းရှိနေအောင် ထိန်းထားခြင်းသည်လည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။ အဝလွန်ခြင်းနှင့် ပိန်လွန်းခြင်းတို့သည် ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို လျော့ကျစေပါတယ်။
ဒါ့ကြောင့် BMI (body mass index)ဟုခေါ်သော ကိုယ်အလေးချိန်နဲ့ အရပ်အချိုးကို သေချာတွက်ပြီး ပုံမှန်အနေအထားမှာ ရှိနေဖို့ကြိုးစားသင့်ပါတယ်။ အကယ်၍ သင်ဟာ အဝလွန်နေပါက ကိုယ်အလေးချိန်ကို တစ်ဖြည်းဖြည်းလျှော့ပေးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းတို့ လုပ်ပေးသင့်ပါတယ်။ လျှင်မြန်စွာ ကိုယ်အလေးချိန်လျှော့တာမျိုးတော့ မလုပ်စေချင်ပါဘူး။ ထိုသို့ ပြုလုပ်ခြင်းက ပို၍ပင်ပန်းနွမ်းနယ်စေပါတယ်။
– စိတ်ဖိစီးမှုဒဏ်များကို တတ်နိုင်သမျှ လျှော့ချပါ။
အလုပ်တွင်လည်း အမြန်ပြီးရမယ့် အလုပ်များကို လုပ်နေရခြင်း၊ အိမ်ပြန်ရောက်တဲ့အခါ မိသားစုများနဲ့ အငြင်းပွားနေရခြင်း စသည့် စိတ်ဖိစီးမှုဖြစ်စေသော အသေးအဖွဲကိစ္စများက စိတ်ဖိစီးမှုဒဏ်ကို ရေရှည်ဖြစ်ပေါ်လာအောင် ဆွဲခေါ်လေ့ရှိပါတယ်။
စိတ်ဖိစီးမှု များလွန်းလာသောအခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့မှာ ပို၍ပင်ပန်းနွမ်းနယ်လာတဲ့အပြင် အားအင်ကုန်ခမ်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဒဏ်များလာခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်လာခြင်း စသည့်ဝေဒနာများပါ တိုးလာနိုင်ပါတယ်။
စိတ်ဖိစီးမှုဒဏ်များ နည်းစေရန် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခြင်း၊ သီချင်းနားထောင်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ဖြေဖျောက်နိုင်ပါတယ်။
– စိတ်တည်ငြိမ်စေရန် တရားထိုင်ကြည့်ပါ။
တရားထိုင်ခြင်းဖြင့် တစ်နေရာတည်းကို အာရုံစူးစိုက်နိုင်တဲ့ အလေ့အကျင့်ရလာပါတယ်။ သင်သည် သင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုဖြစ်သည့် မျက်နှာ၊ ပုခုံး၊ ခြေ၊လက် စသည်တို့ကို အာရုံစူးစိုက်ထားခြင်းဖြင့် စိတ်တည်ငြိမ်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်နေမှုကို လျော့ကျစေပါတယ်။ ထို့အပြင် ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်ရရှိနိုင်ပြီး စိတ်အေးချမ်းမှုကိုပါ ခံစားရရှိစေမှာပါ။ မယုံလျှင် သင်ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်နော်။
– caffeine ဓာတ်ပါဝင်သော အစားအစာ၊ အရည်များကို သောက်သုံးခြင်းမှရှောင်ကြဉ်ပါ။
ကော်ဖီ၊ လက်ဖက်ရည်စသည့် caffeine ဓာတ်ပါဝင်သော အရည်များ၊ အဖြည့်အချိုရည်များကို မသောက်သုံးသင့်ပါဘူး။ ၎င်းအရည်များမှာ အားအင်အမှန်ဖြည့်တင်းပေးသော အရာများမဟုတ်သည့်အပြင် စွဲလမ်းစေတတ်ပါတယ်။ ဒါ့အပြင် cocaine, amphetamines စသည့် ဓာတ်များပါဝင်သော မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။
အရက်၊ ဆေးလိပ်၊ ကွမ်းစသည်တို့ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ အထက်ပါ အကြောင်းအရာများသည် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရနာ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါတယ်။
ထိုအကြောင်းအရာများအတိုင်း လိုက်နာသော်လည်း မိမိတွင် ပင်ပန်းနွမ်းနယ်မှုများ ဆက်လက်ရှိနေလျှင် ဆရာဝန်များနှင့် သေချာတိုင်ပင်ဆွေးနွေးပြီး ဆေးစစ်ဆေးကုသမှုကို ခံယူသင့်ပါကြောင်း နိဂုံးချုပ်အနေနဲ့ ပြောကြားပါရစေ။
ကျန်းမာရွှင်လန်းကြပါစေ
Dr. သီတာလှိုင် (ဆေး-၂)