မိမိကိုယ်မိမိ အဆုံးစီရင်မည့်သူဟုတ်မဟုတ် သိသာစေသည့် အချက်များ
အခုလတ်တလော ဖတ်မိတဲ့ သတင်းတစ်ပုဒ်အရ မိဘ ၂ ဦးစလုံး အဆုံးစီရင်သွားကြ၍ ကျန်ခဲ့သောကလေး ၆ ယောက်မိဘမဲ့ဖြစ်သွားခြင်း ဟူသောသတင်းကြောင့် ဒီဆောင်းပါးကိုရေးသားလိုက်ပါတယ်။ လူတိုင်းက ဘဝမှာလူမူရေး၊ စီးပွားရေးအမျိုးမျိုးသော ဒုက္ခမျိုးစုံခံစားလာရသောအခါ မိမိမှာကူညီမယ့်သူမရှိ ဖြေရှင်းရန် အဖြေရှာမတွေ့သောအခါ ထိုဒုက္ခကိုလွတ်မြောက်နိုင်ရန် အဆုံးသတ်ရန် မိမိကိုယ်မိမိအဆုံးစီရင်မှုကိုပြုလုပ်ကြပါတယ်။
မိမိကိုယ်မိမိအဆုံးစီရင်ခြင်းသည် စိတ်ရောဂါတစ်ခုတော့မဟုတ်ပါ။ သို့သော်အခြားသော ကုသ၍ရနိုင်သောစိတ်ရောဂါများရဲ့ အကျိုးဆက်တစ်ခုအနေဖြင့် အဆုံးသတ်ခံစားရခြင်းဖြစ်ပါတယ်။
မိမိကိုယ်မိမိအဆုံးစီရင်သူများသည် ဖြစ်လေ့ရှိသော သတိပြုဖွယ်လက္ခဏာများမှာ
1) အလွန်အမင်းစိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်မထိန်းနိုင်ခြင်း
ရေရှည်ဝမ်းနည်းမှုခံစားနေရသောသူများ၊ စိတ်အခြေအနေမထိန်းနိုင်လောက်အောင် ပြောင်းလဲသူများ၊
2) ကူညီမဲ့သူမရှိ၊ အားကိုးစရာတစ်ယောက်မရှိဟုခံစားရခြင်း
မိမိဖြစ်နေသောလက်ရှိအခြေအနေ၏ ပြဿနာနှင့် နောင်အနာဂတ်တွင် ကူညီရာမဲ့အားကိုးစရာမရှိဟု ခံစားရခြင်း၊အနာဂတ်မဲ့ခြင်း၊
3) အအိပ်အစားမမှန်ခြင်း
4) စိတ်အခြေအနေသည် အပြောင်းအလဲလုံးဝမရှိအောင် ငြိမ်သက်နေခြင်း
5) ပုံမှန်မဟုတ်သော အပြုအမူအပြောအဆိုများဖြင့် ပတ်ဝန်းကျင်ကိုပြောဆိုနေခြင်း
6) မိမိကိုယ်ကိုမိမိ ထိခိုက်မည့်အပြုအမူများကိုသာ ရွေးချယ်ပြုလုပ်ခြင်း
7) မမျော်လင့်သော ကြီးမားသော ဆုံးရှုံးမှု ရုတ်တရက် ဖြစ်ပွားခြင်းကို ရင်မဆိုင်နိုင်ခြင်း
ဥပမာ အိမ်ထောင်ကွဲခြင်း၊ ရောဂါကြီးရခြင်း၊ ဂုဏ်သိက္ခာထိခိုက်ခြင်းနှင့် ငွေကြေးဆုံးရှုံးခြင်း။
8) မိမိအဆုံးစီရင်မည့် အကြောင်းသွယ်ဝိုက်သောနည်းဖြင့် ပြင်ဆင်နေခြင်း
ဥပမာ မိမိမိသားစုကို မှာကြားခြင်းစသည့် အပြုအမူအခြေနေများပင်ဖြစ်ပါတယ်။
မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း အဖြစ်များသော သူများမှာ ဆယ်ကျော်သက်လူငယ်များနှင့်သက်ကြီးရွယ်အိုများဖြစ်ပါတယ်။
မိမိကိုယ်မိမိအဆုံးစီရင်မှု ဖြစ်စေနိုင်သော လူများမှာ
– အဆုံးစီရင်ရန်ကြိုးစားဖူးသူများ
– မိသားစုတွင် အဆုံးစီရင်သောဖြစ်ရပ်ရှိသူများ
– လိင်စော်ကားခံရသူများ
– အလုပ်လက်မဲ့သူများ
– နာတာရှည်ရောဂါခံစားရသူများ
– စိတ်ဝေဒနာ ရောဂါခံစားရသူများ
– ကွာရှင်းပြတ်ဆဲခဲ့သူများ
– ဘဝတလျောက်လုံးအနိုင်ကျင့်ခံရသူများ
– ငွေကြေးဆုံးရှုံးမှုများသူများတွင် အဆုံးစီရင်မှုအဖြစ်များလေ့ရှိပါတယ်။
လူတစ်ယောက် မိမိကိုယ်မိမိအဆုံးစီရင်နိုင်သည်ဟုထင်လျှင် သင်ဘာလုပ်သင့်သလဲ?
သင့်ရဲ့ဂရုစိုက်မှု၊ နားလည်မှုနှင့် ချစ်ခြင်းမေတ္တာများကို ထိုသူသိရှိရန်ကြိုးစားပေးပါ။ မိမိကိုယ်မိမိအဆုံးစီရင်ရန် ကြိုးစားသူကို ထိုသူရဲ့ဝေဒနာကို မေးရန်ဝန်မလေးပါနဲ့။ ဂရုတစိုက်နားထောင်ပေးပါ။ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ကူညီရှာဖွေပေးပါ။ လိုအပ်လျှင်ဆေးဝါးကုသမှုခံယူရန် တိုက်တွန်းပါ။
မိမိကိုယ်မိမိအဆုံးစီရင်ရန် ကြိုးစားသူကိုတွေ့လျှင်
– ထိုသူတစ်ယောက်တည်းမထားပါနဲ့။ နေ့ည အဖော်အဖြစ်စောက်ရှောက်ပါ။ လိုအပ်လျှင်မိသားစု။ မိတ်ဆွေများအကြောင်းကြားပါ။
– အသက်အန္တရာယ်ထိခိုက်စေနိုင်သော လက်နက်ပစ္စည်းများကို ထိုသူပတ်ဝန်းကျင်တွင် မရှိအောင်ဖယ်ရှားပါ။
– စိတ်ရောဂါဝေဒနာဖြင့် ဆေးကုသမူခံယူနေသုဖြစ်နေလျှင် သေချာ ကူညီနိုင်မည့်စိတ်အထူးကုဆရာဝန်ကို အကူအညီတောင်းပါ။
– မိမိကိုယ်မိမိအဆုံးစီရင်မည့်သူ နားလည်သဘောပေါက်နိုင်သည့်စကားများကို ပြောဆို၍ လက်ခံလာအောင်စည်းရုံးပါ။
– လိုအပ်လျှင် သက်ဆိုင်ရာကိုအကြောင်းကြားပါ။
Dr. Pyae Shin