တရားထိုင်ခြင်းရဲ့ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုများ
တရားထိုင်တဲ့ အလေ့အထကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာပေါ်မှာ ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာလည်း ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တရားထိုင်တဲ့ အကျင့်ကို အနည်းနဲ့အများ ရင်းနှီးတတ်ကြပါတယ်။ ဘာသာတရား အရ တရားထိုင်ခြင်းဟာ ကုသိုလ်ကောင်းမှုပြုတာတစ်ခု ဖြစ်သလို သမထ ကျင့်တာလည်းဖြစ်ပါတယ်။
တရားထိုင်ခြင်းအားဖြင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုတွေလည်း များစွာ ရှိပါတယ်။
ဒီနေ့တော့ တရားထိုင်ခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လို အထောက်အကူပြုတယ် ဆိုတာကို နည်းနည်းလေး ရှင်းပြသွားချင်ပါတယ်။
၁) စိတ်ရော ကိုယ်ပါ ငြိမ်းချမ်းစေဖို့ အတွက် တရားထိုင်ဖို့ အကြံပေးတတ်ကြပါတယ်။
တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တရားထိုင်ခြင်းအားဖြင့် မလိုအပ်တဲ့ အတွေးတွေကို ခဏတဖြုတ် မေ့ထားလိုက်နိုင်မှာပါ။ စိတ်ရဲ့ ပူပန်သောကတွေကို လျော့ကျစေတဲ့ အတွက်လည်း လုပ်ဆောင်ရမဲ့ အရာတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်နိုင်စွမ်း တိုးလာမှာပါပဲ။
တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ချပေးသလို ကိုယ်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်လာစေမှာ ဖြစ်လို့ ကျောင်း နဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ တိုးတက်လာမှာပါ။ စိတ်တည်ငြိမ် အေးချမ်းနေတဲ့ အတွက်လည်း တီထွင်နိုင်စွမ်းကိုပါ မြင့်တက်စေလာနိုင်ပါတယ်။
မကြာခဏ တရားထိုင်ပေးခြင်းအားဖြင့် သည်းခံနိုင်စွမ်းမြင့်တက်လာတဲ့ အတွက် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးစရာ ကိစ္စတွေမှာလည်း မလိုအပ်ပဲ အလွယ်တကူ ဒေါသထွက်ပေါက်ကွဲတာတွေကို ရှောင်ရှားနိုင်ပါတယ်။
၂) တစ်ချို့သော ရောဂါဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း တရားထိုင်ခြင်းအားဖြင့် ဝေဒနာခံစားရတာကို သက်သာစေနိုင်တယ်လို့ အချို့သော လေ့လာစမ်းသပ်မှုတွေက ဆိုကြပါတယ်။ ဒါကို အတိအကျတော့ သက်သေမပြနိုင်သေးပေမဲ့ မှန်ကန်တယ်လို့်လည်း အကျမ်းဖျဉ်းအားဖြင့် ဆိုနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရောဂါဝေဒနာခံစားရတဲ့ အခါမှာ ဒါကိုပဲအာရုံစိုက်ခံစားနေမယ်ဆိုရင် စိတ်ဖိစီးလာမှာပါပဲ။ ဒီလို စိတ်ဖိစီးတဲ့ အခါမျိုးမှာ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ ဟော်မုန်းတွေ ထပ်ထွက်လာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဝေဒနာဟာ ပိုဆိုးလာတတ်ပါတယ်။
တရားထိုင်မယ်ဆိုရင်တော့ စိတ်ဖိစီးမှုကို ဖြစ်တာကို ထိန်းချုပ်နိုင်တဲ့အတွက် အချို့သော ရောဂါလက္ခဏာတွေကို သက်သာစေမှာ အမှန်ပါပဲ။
စိုးရိမ်မှုလွန်ကဲတာ
ပန်းနာရင်ကြပ် လက္ခဏာထတဲ့ အချိန်မှာ
ကင်ဆာရောဂါတွေမှာ နာကျင်မှုခံစားရတဲ့ အခါ
စိတ်ဓာတ်ကျရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ
သွေးတိုးရောဂါ
အိပ်မပျော်တာ
စိတ်ဖိစီးမှုကြောင့် ရတဲ့ ခေါင်းကိုက်ဝေဒနာ
အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲ ဝမ်းလျောတာ အစရှိတဲ့ လက္ခဏာတွေကို ခံစားရတဲ့အခါမှာ တရားထိုင်ခြင်းအားဖြင့် ဒီလက္ခဏာတွေကို အနည်းအကျဉ်း သက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့လည်း တရားထိုင်ခြင်းက တိကျတဲ့ ဆေးကုသမှုတစ်ခုတစ်ခုတော့ မဟုတ်တာမို့ တိကျတဲ့ ဆေးကုသမှုကို ဆက်ယူရမယ်ဆိုတာကိုတော့ သတိပြုမိဖို့ လိုပါလိမ့်မယ်။
တစ်ချို့သော ရောဂါတွေမှာတော့ တရားထိုင်တာဟာ ရောဂါဟာ ပိုဆိုးသွားစေနိုင်တဲ့ အတွက် ပြင်းပြင်းထန်ထန် တရားထိုင်ဖို့ စဉ်းစားထားတာ ဆိုရင်တော့ ဆရာဝန်နဲ့ ဦးစွာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တရားထိုင်ခြင်းဆိုရာမှာ ဘုရားရှေ့မှာ တရားထိုင်တာ ၊ ဘုရားစာရွတ်ဖတ်တာ ၊ အာရုံပြုမှတ်တာတွေ အပြင် ထိုက်ကျိ ယောဂ ကစားတာတွေကိုပါ ထည့်သွင်းထားပါတယ်။
ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမဲ့ အနေအထားမှာ အာရုံစိုက်ပြီး နေနိုင်ဖို့အတွက်ကို ဦးစားပေးစဉ်းစား ထားတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မယ့် တရားထိုင်တာကိုနေ့စဉ် လုပ်နိုင်အောင် ကြိုးစားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင် ဖို့ ဆုတောင်းပေး လိုက်ပါတယ်။
Dr. Hmwe