ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့
လမ်းလျှောက်ခြင်းဟာ အလွယ်ကူဆုံး၊ အသက်သာဆုံး နှင့် အန္တရာယ်အကင်းဆုံး လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ထို့အပြင် သင့်အား ပျော်ရွှင်မှုကို ပေးနိုင်သည့်အပြင် အပေါင်းအဖော်များ နှင့် လမ်းအတူလျှောက်ပါက ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေနိုင်သော လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း ဟာအခြားသော လေ့ကျင့်ခန်းများ ကဲ့သို့ ပစ္စည်းပစ္စယ၊ နေရာအထူးတလည်မလိုအပ်ပေ။ ရာသီဥတုသာယာပါကလမ်းပေါ်တွင် လျှောက်နိုင်ကာ မိုးရွာသောနေ့များတွင် မိမိအိမ်ထဲတွင် ပတ်၍ဖြစ်စေ၊ အားကစားခန်းမများတွင် ရှိသော ပြေးစက်ပေါ်တွင်ဖြစ်စေ လမ်းလျှောက်ခြင်းကိုပြုလုပ်နိုင်ပါတယ်။ ထိုသို့လွယ်ကူသက်သာစွာ လုပ်ဆောင်နိုင်သော လမ်းလျှောက်ခြင်းဟာ လူတို့၏ကျန်းမာရေး အတွင်များစွာ အထောက်အကူပြုနေပါတယ်။
လမ်းလျှောက်ခြင်းဖြင့်
၁.လေဖြတ်ခြင်း နှင့် အခြားသော နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျော့ချနိုင်ခြင်း
-ဟားဗတ်တက္ကသိုလ် မှ လေ့လာချက်များအရ တစ်ပတ်လျှင် ၂ နာရီခွဲ (တစ်နေ့မိနစ် ၂၀ ကျော်မျှ) ပုံမှန်လမ်းလျှောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တာကိုတွေ့ရပါတယ်။ ထို့အပြင် ကြာရှည်ထိုင်ခြင်းသည် သွေးကြောများ ကျုံ့ခြင်း၊ ကျယ်ခြင်းကို စွမ်းရည်ကို လျော့ကျစေကာ သွေးကြောများတောင့်တင်းခြင်းကိုဖြစ်စေပါတယ်။ ထိုသို့ဖြစ်ပါက နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ပိုမိုဖြစ်စေတတ်ပါတယ်။ သို့သော် နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် အဆိုပါဖြစ်စဉ်ကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် သွေးပေါင်ချိန်ကို လည်းလျော့ကျစေသောကြောင့် သွေးတိုးရှိသူများ အနေဖြင့် နေ့စဉ်ပုံမှန် လမ်းလျှောက်သင့်ပါတယ်။
၂.အဝလွန်ခြင်းကိုလျော့ကျစေခြင်း
-လမ်းပုံမှန်လျောက်ခြင်းအားဖြင့် ကယ်လိုရီများကိုလောင်ကျွမ်းစေသောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။
၃.ဆီးချိုကို ထိန်းညှိပေးခြင်း
-လမ်းလျှောက်ခြင်းဟာ ဆီးချိုကို ထိန်းပေးသည့် အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်ပါတယ်။ အစာစားပြီး ၃မိနစ် မှ ၅မိနစ် ခန့်အား ဖြေးညှင်းစွာလျှောက်ပြီးနောက် အကြောလျှော့ကာ နောက် ၅မိနစ်မှ ၁၀မိနစ်ခန့် ပုံမှန်နှုန်းဖြင့် လျှောက်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ထိုကဲ့သို့ အစာစားပြီး ၁၅ မိနစ်၊ နာရီဝက်ခန့် လျှောက်ခြင်းဟာ တစ်နေ့ကို ၄၅မိနစ် တစ်ကြိမ်ပဲ လျှောက်ခြင်းထက် သွေးထဲရှိ သကြားဓါတ်ကို ထိန်းညှိပေးရာတွင် ပိုမို အကျိုးရှိတာကို တွေ့ရပါတယ်။
၄.ကင်ဆာရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
-ဟားဗက်တက္ကသိုလ်အမျိုးသမီးကျန်းမာရေးဆိုင်ရာဌာန ၏စစ်တမ်းများအရ တစ်ပတ်လျှင် ၁နာရီ မှ ၃ နာရီခန့်အထိ ပုံမှန်လမ်းလျှောက်ခြင်းဟာ ရင်သားကင်ဆာ နှင့် သားအိမ်ကင်ဆာဖြစ်နှုန်းကို ၁၉ ရာခိုင်နှုန်းထိလျော့ကျစေကာ တစ်ပတ်လျှင် ၃ နာရီ မှ ၅နာရီ ထိပုံမှန် လျှောက်လျှင်မူ ၅၄ ရာခိုင်နှုန်းထိလျော့ကျစေနိုင်ကြောင်းဆိုထားပါတယ်။
၅.ဗီတာမင် ဒီ ဓါတ်ကြွယ်ဝစေခြင်း
-နေသာချိန်တွင် အပြင်ထွက်၍လမ်းလျှောက်ခြင်းဖြင့် အစားအစာများမှ ရခဲကာ နေရောင်နှင့်ထိတွေ့ခြင်းမှရရှိသော ဗီတာမင်ဒီဓါတ်ကြွယ်ဝစေပါတယ်။ အဆိုပါ ဗီတာမင် ဒီသည် အရိုးကျန်းမာရေးမှ ခန္ဓာကိုယ်ရှိကိုယ်ခံအားစနစ်အထိ အရေးပါသောဓါတ်တစ်မျိုးဖြစ်ပါတယ်။
၆.မှတ်ဉာဏ်အားကိုမြှင့်တင်ပေးခြင်း
-လမ်းလျှောက်ခြင်းဖြင့် ဦးနှောက်တွင်ရှိသော ဟစ်ပိုကမ်ပတ်စ်(Hippocampus) ပမာဏကို ၂ရာခိုင်နှုန်းအထိ တိုးပွားစေပါတယ်။ ထို့အပြင် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် အသက်ကြီးလျှင်ဖြစ်တတ်သော ဦးနှောက်ကျုံ့ခြင်း နှင့်မှတ်ဉာဏ်အားလျော့နည်းခြင်းကို နှေးကွေးစေပါတယ်။
၇.ခန္ဓာကိုယ်၏ကိုယ်ခံအားတက်စေခြင်း
-တစ်နေ့လျှင် နာရီဝက်ခန့်လမ်းလွျှောက်ခြင်းဟာ ကိုယ်ခံအားစနစ်အတွက်လိုအပ်သော ဆဲလ်များ၏အရေအတွက်ကို တိုးပွားစေပါတယ်။ ပို၍တိတိကျကျဆိုရသော် တစ်နေ့လျှင်မိနစ် ၂၀ ခန့်လမ်းလျှောက်ခြင်းဖြင့် ဖျားနာမှုဖြစ်စေနှုန်းကို ၄၃ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်ပါတယ်။
၈.တီထွင်မှုဉာဏ်ရည်မြှင့်တင်ပေးခြင်း
-လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအားပေးရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း လှုံ့ဆော်ပေးပါတယ်။ ထိုင်နေချိန်နှင့် နှိုင်းယှဉ်လျှင် လမ်းလျှောက်ခြင်းဟာ တီထွင်မှု နှင့် စိတ်ကူးဉာဏ်ထက်သန် မှုကိုများစွာအားပေးပါတယ်။
၉.စိတ်ခံစားမှုကောင်းမွန်စေခြင်း
-လေ့လာစမ်းသပ်ချက်များ အရ လမ်းလျှောက်ခြင်းဖြင့် စိတ်ခံစားမှုကိုကောင်းမွန်စေတာတွေ့ရပါတယ်။ အချို့သော ကုမ္ပဏီများတွင် နေ့လည်စာစားပြီး နာရီဝက်ခန့်လမ်းလျှောက်ချိန်ပေးကာ လမ်းလျှောက်စေခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်မှုအား မြင့်တက်စေတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် ကိုယ်၊စိတ် ၂ ပါး အကျိုးများစေသော လမ်းလျှောက်ခြင်းကို နေ့စဉ်ပုံမှန် လုပ်ဆောင်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝ ကိုအရယူကြပါစို့….
Dr. z