အရမ်းဝလွန်းရင် ကလေးရပါ့မလား
လူတယာက်ဟာ မိမိမှာရှိသင့်တဲ့ ကိုယ်အလေးချိန်သတ်မှတ်ချက် (BMI-Body Mass Index) ထက်ကျော်ပြီး ကိုယ်အလေးချိန်တအားများကာ အဝလွန်လာပါက နောက်ဆက်တွဲအနေနဲ့ ရေရှည်မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တွေခံစားရဖို့ အခွင့်အလမ်းပိုများလာနိုင်ကြောင်းကို လူအတော်များများသိကြမှာပါ။
သို့သော် ကိုယ်အလေးချိန်များပြီး အဝလွန်ခြင်းဟာ မျိုးဆက်ပွားကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှုရှိတာကိုတော့ သိတဲ့သူ နည်းပါတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မိမိမှာရှိသင့်တဲ့ ကိုယ်အလေးချိန်သတ်မှတ်ချက် (BMI-Body Mass Index) ထက်ကျော်ပြီး ကိုယ်အလေးချိန်များတဲ့သူတွေ အဝလွန်တဲ့သူတွေ ဟာ သားသမီးရနိုင်ခြေနည်းပါးပြီး သားသမီးရဖို့ခက်တတ်ပါတယ်။
BMI ၁၈.၅ ကနေ ၂၄.၉ အကြားမှာရှိရင် ကျန်းမာရေးအတွက်အကောင်းဆုံးပါ။ အနေတော် ကိုယ်အလေးချိန်ရှိတယ်လို့ သတ်မှတ်ပါတယ်။ BMI ၂၅ နဲ့ ၂၉.၉ အကြားဆိုရင်တော့ ကိုယ်အလေးချိန် များနေတဲ့သူ (ဝနေတဲ့သူ)လို့ သတ်မှတ်ပါတယ်။ တကယ်လို့ BMI က ၃၀ နဲ့ အထက်ရှိတယ် ဆိုရင်တော့ အဝလွန်နေတဲ့သူလို့ သတ်မှတ်ပါတယ်။
အမျိုးသားအယောက် ၂၀၀၀ ကို သုတေသနလုပ်ခဲ့တဲ့ ရလဒ်တွေအရ သုတ်ပိုးအရေအတွက်ဟာ အလေးချိန်ပိုနေသူတွေ (ဝနေတဲ့သူတွေ) မှာဆိုရင် ရှိသင့်တာထက်
၁၀ ရာခိုင်နှုန်းနည်းပြီး အဝလွန်နေသူတွေမှာ ဆိုရင်တော့ ရှိသင့်တာထက် ၂၀ ရာခိုင်နှုန်းနည်းသွားတယ်လို့ သုတေသနပညာရှင်တွေက ပြောထားပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်သူတွေမှာ သုတ်ပိုးတွေရဲ့ စွမ်းဆောင်ရည် (လှုပ်ရှားနိုင်မှုနဲ့ လန်းဆန်းတက်ကြွမှု) ကလည်း အားနည်းနေကာ ကျားဟော်မုန်းပမာဏာ (Testosterone) ကလည်း လျော့နည်းနေတာကို တွေ့ရပါတယ်လို့ ထပ်ဆောင်း ပြောကြားထားပါသေးတယ်။
ပုံမှန်ကိုယ်အလေးချိန်ထက်ပိုနေ၊ အဝလွန်နေတဲ့ အမျိုးသားတွေလိုပဲ အမျိုးသမီးတယောက်ဟာ ရှိသင့်တဲ့ ပုံမှန်ကိုယ်အလေးချိန်ထက်ပိုနေ အဝလွန်နေပါက ကိုယ်တွင်းဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး မျိုးဥမကြွေနိုင်တာ၊ ရာသီသွေးပုံမှန်မဆင်းတာတွေ ဖြစ်နိုင်ခြေများပါတယ်။
ဒါ့အပြင် သားဥအိမ်မှာ ရေအိတ်တည်တာ၊ သားအိမ်မှာ အသားလုံးဖြစ်တာ စတဲ့မီးယပ်ရောဂါတွေလည်း ဖြစ်ပွားနိုင်ခြေများတဲ့အတွက် ကလေးရဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင် ကိုယ်အလေးချိန်များတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ အစားရှောင်တာ၊ ညနေဘက်လျှော့စားတာ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေ လုပ်ပါ။
အဝလွန်နေတဲ့ အမျိုးသား အမျိုးသမီးတွေဆိုရင်တော့ အစားရှောင်တာ၊ အဆီအဆိမ့်အငန်ရှောင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာအပြင်ကို အားကစားခန်းမသွားပြီး
နည်းပြဆရာနဲ့ သေချာ ဝိတ်ချတာမျိူးတွေလုပ်ပါလို့ အကြံပေးချင်ပါတယ်။
Dr 528