ဖန်ခါးသီးကို အင်္ဂလိပ်လို Myrobalan လို့ခေါ်ပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Terminalia chebula Retz. ဖြစ်ပါတယ်။
မျိုးရင်းကတော့ Combretaceae ပါ။
ဖန်ခါးပင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။
အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးပါ။ ပင်စည်ဖြောင့်မတ်ပြီး အခေါက်ထူပါတယ်။
အရွက်ပုံစံကတော့ ရွက်ကြောများထင်ရှားတဲ့ ဘဲဥပုံအရွက်ပုံစံပါ။ ရွက်ထိပ်ချွန်ပါတယ်။
ပွင့်ညှာမဲ့ပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင်ရှိပါတယ်။
ဖန်ခါးသီးရဲ့ပုံစံကလည်း ဘဲဥပုံစံရှိပါတယ်။ သို့သော် ဘဲဥထက် အရွယ်အစားသေးပါတယ်။ အရောင်အနေနဲ့ကတော့ အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းဝါရောင်ရှိပါတယ်။
ဖန်ခါးသီးကို စားရာမှာ တို့စရာအဖြစ် ငပိရည်နဲ့တို့စားကြလေ့ရှိပါတယ်။
ဖန်ခါးသီးရဲ့အရသာဟာ သူ့နာမည်အတိုင်းပါပဲ။ ဖန်ပြီး ခါးတဲ့အရသာရှိပါတယ်။ သို့သော် ဖန်ခါးပြီးတဲ့နောက်မှာအချိုအရသာလေးလိုက်လာပါတယ်။
ဒီလိုဖန်ဖန်ခါးခါးအရသာရှိတဲ့အတွက် ဖန်ခါးသီးကို အများစုကမကြိုက်ကြပါဘူး။ အစားလည်းနည်းပါတယ်။
တကယ်တော့ ဖန်ဖန်ခါးခါးအရသာရှိပြီး လူကြိုက်နည်းတဲ့ ဖန်ခါးသီးဟာ ကျန်းမာရေးကိုအများကြီးအထောက်အကူပြုတဲ့အသီးပါ။
ဖန်ခါးသီးမှာ Tannins, zallotarims including terchebulin, terflavin A, punicalagin, corilagin, chebulic acid and chebulinic acid, D glucose, D fructose, saccharose, fatty oil စတဲ့ ကျန်းမာရေးကို ကောင်းကျိုးပေးတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။
ဒီလိုဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဖန်ခါးသီးဟာ နှလုံးသွေးလွှတ်ကြောများကို ကျယ်စေတဲ့အစွမ်းအာနိသင်၊ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အစွမ်းအာနိသင်၊ သွေးတွင်း အဆီဓါတ်တွေကျစေသောအစွမ်းအာနိသင်၊ အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ အစာမကြေမှုနဲ့ ရင်ခေါင်းပူလောင်မှုကို သက်သာစေသောအစွမ်းအာနိသင်၊ ဝမ်းပျက်ဝမ်းလျှောဝမ်းကိုက်ကိုသက်သာစေပြီး ဝမ်းမှန်စေတဲ့ အစွမ်းအာနိသင် စတဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။
ဒါကြောင့် ဖန်ခါးသီးကို တိုင်းရင်းဆေးအသုံးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွားဖုံးရောဂါ၊ လိပ်ခေါင်းသွေးယိုရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အစာအိမ်ရောင်နာရောဂါ၊ မျက်စိရောဂါတွေအတွက် ဆေးဖော်စပ်တဲ့နေရာမှာ တိုင်းရင်းဆေးသမားတော်တွေက တခြားပစ္စည်းများနဲ့ရောစပ်တာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။
မြန်မာ့ဆေးကျမ်းတွေမှာတော့
ဖန်ခါးသီးသည် ကြေကျက်လွယ်၏။ ပူ၏။ ခြောက်ကပ်စေ၏။ ဖန်၏။ ကြေကျက်သောအခါချို၏။ ဝမ်းမီးကိုတောက်စေ၏။အစာကိုကြေကျက်စေတတ်၏။ ပျို့အန်ခြင်းကိုသက်သာစေ၏။ ရေငတ်ပြေစေ၏။ နှုတ်ကိုမြိန်စေတတ်၏။
ဝမ်းဗိုက်ရောဂါများကို အကျိုးပြု၏။ လေကိုသက်စေ၏။ ဝမ်းဗိုက်တင်းခြင်း၊ ထိုးအောင့်ခြင်း၊ ကျို့ထိုးခြင်းများကို ပျောက်ကင်းစေတတ်၏။
ဖန်ခါးသီး၏ အတွင်းတွင်ရှိသောအစေ့အဆန်သည် မျက်စိကိုအကျိုးပြု၏။ ဆိုပြီး ဖန်ခါးသီးရဲ့ အကျိုးတွေကို ရေးသားထားတာ ဖတ်ရပါတယ်။
Dr သီတာနွယ်(အမရပူရ)