လူတစ်ယောက်အနေနဲ့ ဘဝမှာအောင်မြင်ဖို့၊ အသက်ရှည်ကျန်းမာဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းနေရုံနဲ့တင် မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း ကျန်းမာကြံ့ခိုင်နေပြီး စိတ်ဖိစီးမှု ကင်းဝေးနေဖို့ လိုပါတယ်။
ဒီလိုမဟုတ်ဘဲ စိတ်ဖိစီးစရာများနေပါက “စိတ်ထောင်းကိုယ်ကြေ” ဆိုတဲ့ စကားပုံအတိုင်း စိတ်ဖိစီးမှုများလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်မှာလည်း ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုများလာတဲ့အခါ ရုပ်ခန္ဓာမှာဖြစ်လာနိုင်မယ့် ထိခိုက်မှုတွေကို သိသလောက်တင်ပြရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဝက်ခြံထွက်ခြင်း
ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ပိုးဝင်တာ၊ အိပ်ရေးပျက်တာ စသဖြင့် ဝက်ခြံဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲမှာမှ စိတ်ဖိစီးမှုများခြင်းကလည်း အကြောင်းအရင်းကြီးတစ်ခုအနေနဲ့ ပါဝင်ပါတယ်။
တချို့လေ့လာမှုတွေကတော့ စိတ်ဖိစီးမှုများတဲ့အခါ လက်ကမျက်နှာကို ခဏခဏသွားကိုင်လေ့ ရှိတတ်တာကြောင့် လက်ကနေတစ်ဆင့် မျက်နှာအရေပြားမှာ ပိုးဝင်ပြီး ဝက်ခြံပေါက်တာလို့ ပြောကြပါတယ်။ စာမေးပွဲဖြေဖို့ရှိနေတဲ့ လူ ၂၂ ယောက်ကို လေ့လာခဲ့တဲ့လေ့လာမှုတစ်ခုကလည်း စိတ်ဖိစီးမှုများတာနဲ့ ဝက်ခြံထွက်တာဟာ ဆက်စပ်နေတဲ့အပြင် စိတ်ဖိစီးမှုကြောင့် ဝက်ခြံတွေဟာ ပိုဆိုးလာနိုင်ကြောင်း ပြောထားပါတယ်။
၂။ ခေါင်းကိုက်ခြင်း
အအေးမိခြင်း၊ နဖူး နှာခေါင်း မျက်လုံးတစ်ဝိုက် အခေါင်းပေါက်တွေမှာ ပိုးဝင်ရောင်ရမ်းခြင်း၊ အရက်ဆေးလိပ်သောက်သုံးခြင်း၊ အနားယူမှုမရှိခြင်း၊ ဟော်မုန်းပြောင်းခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အစားမှားခြင်း၊ ရာသီဥတုပြောင်းခြင်း၊ စိတ်ဖိစီးစရာများခြင်း စသဖြင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေ များစွာရှိပါတယ်။ အဲဒီထဲကမှ ခေါင်းမကြာခဏကိုက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းကတော့ စိတ်ဖိစီးမှုများခြင်းပဲ ဖြစ်ပါတယ်။
သုတေသနပညာရှင်တွေ လေ့လာခဲ့တဲ့ လေ့လာချက်တွေ၊ သုတေသနရလဒ်တွေအရ စိတ်ဖိစီးမှုများခြင်းနဲ့ ခေါင်းမကြာခဏကိုက်ခြင်းဟာ ဆက်နွှယ်နေကြောင်း သိရပါတယ်။
၃။ အစားတွေ အရမ်းစားလာခြင်း
စိတ်ဖိစီးစရာများပြီး စိတ်ဖြေစရာ ထွက်ပေါက်ရှာဖို့ မလွယ်တဲ့အခါ အများစုက အစားအစာပေါ်မှာပဲ ဖြေဖျောက်ကျလေ့ရှိပါတယ်။ အဲဒီအခါမှ တကယ်မဆာဘဲနဲ့ အစားတွေ အများကြီးစားတတ်ကြပါတယ်။ ဒီလိုဖြစ်တာကို ဆေးပညာအရ Emotional Eating လို့ခေါ်ပါတယ်။
၄။ အိပ်မပျော်ခြင်း
စိတ်ဖိစီးမှုများခြင်းဟာ အိပ်စက်ခြင်းကို နှောင့်ယှက်ပေးနိုင်ပါတယ်။ အိပ်ရေးမဝတာ ကြာလာရင် လူက နုံးချိချိနဲ့ ပင်ပန်းနွမ်းနယ် လာနိုင်ပါတယ်။
၅။ အာရုံစူးစိုက်နိုင်မှု လျော့နည်းလာခြင်း
စိတ်ဖိစီးစရာများလာတဲ့အခါ စိတ်အာရုံတွေ စုစည်းဖို့ မလွယ်ကူတဲ့အတွက် အရာရာမှာ အာရုံစူးစိုက်နိုင်မှုဟာ လျော့နည်းလာတတ်ပါတယ်။
၆။ စိတ်ဓာတ်ကျခြင်း
စိတ်ဖိစီးစရာများလာရင် ရေရှည်မှာ အပေါင်းအသင်းတွေနဲ့ ဝေးလာပြီး တကိုယ်တည်းအထီးကျန်ဆန်တာ၊ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
၇။ အကောင်းမြင်စိတ် နည်းပြီး၊ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ ဒေါသထွက်ခြင်း
စိတ်ဖိစီးစရာများတဲ့အခါ တွေ့သမျှကိစ္စတွေအပေါ်မှာ အကောင်းမြင်စိတ်နဲ့ ရှုမြင်ခြင်းဟာ လျော့နည်းလာတဲ့အတွက် ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုနဲ့တောင်မှ ဒေါသအရမ်းထွက်နေတာမျိုးဖြစ်တတ်ပါတယ်။
Author: Dr. 528