အိမ်ထောင်ရေးသုခ ပြည့်စေတယ်ဆိုတဲ့ ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီးကို အင်္ဂလိပ်လို Nutmeg လို့ခေါ်ပါတယ်။ ရုက္ခဗေဒလိုတော့ Myristica fragrans Houtt လို့ခေါ်ပါတယ်။ မျိုးရင်းအနေနဲ့က Myristicaceae မျိုးရင်းဖြစ်ပါတယ်။
ဇာတိပ္ဖိုလ်ပင်ဟာ အပင်ငယ်အမျိုးအစားဖြစ်ပါတယ်။ အမြင့်အနေနဲ့ကတော့ အကြမ်းအားဖြင့် ပေ ၃၀ မှ ပေ ၆၀ ထိမြင့်ပါတယ်။ အရွက်များဟာချွန်ပြီးရှည်ကာ ရွက်ကြောများဟာ ထင်ရှားပါတယ်။ အဝါရောင်ဖျော့ဖျော့ အပွင့်ငယ်များအခိုင်လိုက်ပွင့်ပါတယ်။
ဇာတိပ္ဖိုလ်ပင်ဟာ အသက် ၈ နှစ်အရွယ်မှာ အသီးစပြီးသီးပါတယ်။ တနှစ်လျှင် အသီးပေါင်း ၁၅၀၀ မှ ၂၀၀၀ နီးပါးသီးနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးဟာ အဝါရောင်ရှိပြီး အသားထူပါတယ်။ အပွင့်ပွင့်ပြီးနောက် ၆ လ ကနေ ၈ လအကြာမှာ အသီးရင့်မှည့်ပြီး အက်ကွဲပါတယ်။
အဲ့အခါမှာ အသီးတွင်းထဲက ကြက်သွေးရောင် သို့မဟုတ် နီညိုရောင် ရှိတဲ့ သွေးကြောပိုက်ကွန်သဏ္ဍာန် အမြှေးပါးကို တွေ့ရပါတယ်။ ဇာတိပ္ဖိုလ်စေ့ကို ဖုံးအုပ်ထားသော ထိုအမြှေးပါးကို ဇာပွင့်လို့လည်း ခေါ်လေ့ရှိပါတယ်။
ထိုအမြှေးပါးကို ဖယ်လိုက်ပါက ဇာတိပ္ဖိုလ်စေ့ကို ရပါတယ်။ ဇာတိပ္ဖိုလ်စေ့ဟာ ဘဲဥပုံရှိပြီး
တလက်မခန့် ရှည်ပါတယ်။ သူ့အပေါ်မှာ အမြှောင်းလေးတွေလည်း ပါပါတယ်။ သူ့အထဲမှာအဆန် ထပ်ရှိပါတယ်။
တကယ်လက်တွေ့ အသုံးဝင် ဆေးဖက်ဝင်တာက ဇာတိပ္ဖိုလ်အစေ့အဆန်နဲ့ အမြှေးပါး (ဇာပွင့်) ပါ။
ပါးချိတ်ရောင်တာ၊ အံဆုံးပေါက်ပြီး ပါးရောင်ရမ်းတာတွေအတွက် ဇာတိပ္ဖိုလ်စေ့ကို သွေးပြီး ရောင်တဲ့ ပါးပေါ်လိမ်းပါက အရောင်ကျစေနိုင်ပါတယ်။ အစေ့တွင်းမှ အဆန်ကို သွေးလိမ်းလို့လည်းရပါတယ်။
ပါးမှာ ဝက်ခြံတွေ ပြုံခဲပေါက်တာ၊ ဝက်ခြံအဆန်မထွက်ဘဲ ခဲနေတာတွေ အတွက်လည်း ဇာတိပ္ဖိုလ်သီးအစေ့ အဆန်ကို သွေးလိမ်းနိုင်ပါတယ်။
ဇာတိပ္ဖိုလ်သီးအစေ့ အဆန်ကနေ အဆီထုတ်လို့ရပါတယ်။ အဲ့အဆီက သွေးလည်ပတ်မှုကို ကောင်းစေပြီး အရိုးအဆစ်နဲ့ ကြွက်သားနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။
ဇာတိပ္ဖိုလ်သီးအစေ့ အဆန်ကို အမှုန့်လုပ်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးနိုင်ပါတယ်။
အိပ်မပျော်သူတွေဆိုရင် ဇာတိပ္ဖိုလ်အစေ့ အမှုန့်အနည်းငယ်ကို နွားနို့ထဲထည့်သောက်ပေးပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
ဇာတိပ္ဖိုလ်သီးအစေ့အဆန်ဟာ ဘက်တီးရီးယားပိုးတွေကို ဟန့်တားပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် အမှုန့်လုပ်ပြီး ဟင်းထဲထည့်ချက်ကာ မကြာမကြာစားပေးပါက ခန္ဓာကိုယ်ကိုကျန်းမာစေပြီး မကြာခဏဖျားတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် အစာမကြေတာ၊ အစာအနည်းငယ်စားရုံနဲ့ ရင်ခေါင်းတောင့်တာ၊ လေပွတာတွေကိုလည်း သက်သာစေနိုင်ပြီး ကာမအားကိုတိုးစေကာ အိမ်ထောင်ရေးသုခပြည့်ဝဖို့ရာလည်း အထောက်အကူပြုနိုင်ပါတယ်။
မြန်မာ့ဆေးကျမ်းများမှာ ……
ဇာတိပ္ဖိုလ်သည် ပူ၊ ခါး၊ ဖန် အရသာ ရှိ၏။ ဝမ်းမီးတောက်စေ၏။ ကြေညက်လွယ်၏။ မွှေးကြိုင်၏။ ကာမအားတိုးစေ၏။ အဖျားရောဂါကို ထိရောက်စွာ ပျောက်စေ၏ဟု ရေးသားဖော်ပြထားပါတယ်။
Dr သီတာနွယ်(အမရပူရ)