အလွယ်တကူပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ ” ဝ ” စေတတ်တဲ့အလေ့အထများ
၁။ ဖတ်ရှုလေ့လာနိုင်စွမ်း
အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန်တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။
၂။ ဆော်ဒါသောက်သော အလေ့အထ
လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။
၃။ အိပ်ရေးပျက်ခြင်း
လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။
၄။ အခန်း အပူချိန်
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။
၅။ ဝသော သူငယ်ချင်းများ ရှိခြင်း
နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။
၆။ အစာကို အလွန်အမင်း စားခြင်း
တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။
၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ
ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။
၈။ စိတ်ဖိစီးမှု အဆင့်
နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။