သင့်ခြေထောက်တွေကပြောတဲ့ ကျန်းမာရေးပြဿနာများ
ခြေထောက်တွေဟာ ခန္ဓာကိုယ်ရဲ့အလှပဆုံး အစိတ်အပိုင်းတွေထဲမှာတော့ မပါပါဘူး။ ဒါပေမဲ့နေ့တိုင်းတော့ သူတို့ကို မှီခိုလှုပ်ရှားသွားလာနေရပါတယ်။ စစ်တမ်းတစ်ခုအရ အမျိုးသမီးတွေမှာဆို ၉၀% ခန့်ဟာ ခြေထောက်ပြဿနာတွေ ခံစားရလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ နာမည်ကျော် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Dr.Dawn Harper ရဲ့အဆိုအရ သင့်ခြေထောက်တွေဟာ သင့်ရဲ့ကျန်းမာရေးအကြောင်းအများကြီး ပြောပြနိုင်တယ်လို့ဆိုလိုပါတယ်။
(၁) ခြေဖဝါးပုံစံ
ပုံမှန်ဆိုရင် ပြင်ညီကြမ်းပြင်ပေါ်မှာ ခြေဗလာနဲ့ရပ်တဲ့အခါ ခြေဖဝါးနဲ့ကြမ်းပြင်အကြားမှာ အနည်းငယ်ခုံးခုံးလေးဟနေရပါမယ်။ အဲ့ဒီလိုမဖြစ်ဘဲ ခြေဖဝါးတစ်ခုလုံးကြမ်းပြင်နဲ့ ထိနေမယ်ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ အရပ်ထဲမှာတော့ ဒါကို ခြေပြား လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Flat Foot လို့ဆိုပါတယ်။
ဒီလိုဖြစ်ရခြင်းဟာ မွေးရာပါချို့ယွင်းချက်တွေကြောင့်သာမက ခြေဖဝါးရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အဆစ်အမြစ်ရောင်ရောဂါဖြစ်ခြင်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာအချို့တို့ကြောင့်ပါ ဖြစ်စေနိုင်ပါတယ်။ အဝလွန်သူများ၊ ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနဲ့ အသက်ကြီးသောသူများ ထိုသူတို့မှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီလိုခြေဖဝါးပြားတဲ့အခါ ခြေဖဝါးနာကျင်ခြင်း၊ ခြေထောက်ရောင်ခြင်း၊ ကျောနာကျောအောင့်ခြင်းတွေပါ ဖြစ်တတ်ပါတယ်။
(၂) အရောင်နဲ့ အပူချိန်
ပုံမှန်အားဖြင့်တော့ ခြေထောက်တွေရဲ့ အရောင်ဟာ အခြား ခန္ဓာကိုယ်အရောင်နဲ့ တူညီရပါမယ်။ တစ်ခါတစ်ရံ ခြေထောက်တွေ ပြာနှမ်းနှမ်း ဖြစ်တာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အမြဲမြဲလိုလို ပြာနှမ်းနေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုစနစ်မှာ ပြဿနာ ရှိနေနိင်ပါတယ်။
ခြေထောက်တွေ အေးစက်နေတာဟာလည်း သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ တစ်ချို့သိပ်ဆိုးတဲ့ ကိစ္စတွေမှာဆို သွေးမရောက်တာကြာပြီး ပုပ်သွားနိုင်တဲ့အတွက် ခြေထောက်ရဲ့ အရောင်နဲ့ အပူချိန်ဟာလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
(၃) ခြေထောက်နာကျင်ခြင်း
ခြေထောက်နာတယ်ဆိုတာ ဖြစ်နေကျအရာတစ်ခုပါပဲ။ ပုံမှန်ဆိုရင်တော့ အညောင်းဆန့်လိုက်ရုံ၊ နှိပ်လိုက်ရုံနဲ့ သက်သာသွားနိင်ပါတယ်။ ဒါပေမယ့် ခဏခဏ နာကျင်နေမယ်ဆိုရင်တော့ သွေးရောက်ရှိမှုနည်းတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်နဲ့ သတ္တုဓာတ် တွေလိုအပ်တာထက် နည်းနေတဲ့အခါမျိုးမှာ ကြွက်သားတွေဟာ တောင့်တင်းပြီး ပိုမိုနာကျင်တတ်ပါတယ်။ ညဘက်တွေမှာ ခြေသလုံးနာကျင်တာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင်တော့ အာရုံကြောကို ဖိမိနေတာမျိုးဖြစ်နိုင်ပါတယ်။
(၄) ခြေသည်း
ခြေသည်းကို ခဏခဏတိုက်ချွတ်ဆေးနေမယ်ဆိုရင် ခြေသည်းဝါတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေသည်းဝါပြီး ခပ်ထူထူကြီး ဖြစ်နေမယ် ဆိုရင်တော့ မှိုရောဂါတစ်မျိုးစွဲကပ်နေတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသင့်နေပါပြီ။
အဲဒီခြေသည်းတွေက နာကျင်မှုတွေဖြစ်နိုင်ရုံသာမက ကျွတ်ထွက်မှုတွေပါ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဒဏ်ရာရတာမျိုးမရှိဘဲ ခြေဖဝါးအောက်မှာ သွေးခြေဥတာမျိုး ဖြစ်နေရင်လည်း ဆေးစစ်မှုခံယူ သင့်ပါတယ်။ 1.4% သော အရေပြားကင်ဆာတွေဟာ အဲ့ဒီလိုမျိုးစတင်တယ်လို့ သိခဲ့ရပါတယ်။
(၅) ခြောက်သွေ့အက်ကွဲတဲ့ ခြေထောက်
အစိုဓာတ်ထိန်းပေးတဲ့ Cream လိမ်းနေပေမယ့်လည်း ခြေဖနှောင့်တွေ ခြောက်သွေ့ပြီး အက်ကွဲနေသေးတယ်ဆိုရင်တော့ အဲ့ဒီအခြေအနေကို Hyperkeratosis လို့ခေါ်ပါတယ်။ အဲ့ဒီအခြေနေမျိုးကို ခြေဗလာနဲ့ခဏခဏ ပြေးလွှားတာမျိုး၊ လမ်းလျှောက်တာမျိုးမှာ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာလည်း တွေ့ရတတ်ပါတယ်။
(၆) အနံ့
ခြေထောက်အနံ့ဆိုးထွက်တာဟာ ပိုးဝင်တဲ့လက္ခဏာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခြေချောင်းယားယံခြင်း၊ နီရဲရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထွက်ခြင်း၊ ခြောက်သွေ့အက်ကွဲ တာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။
များသောအားဖြင့် မှိုကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြေချောင်းခြင်းထိတာမှလည်း ကူးစပ်နိုင်ပါတယ်။ အဲ့လိုမျိုးတွေခံစားနေရပြီဆိုလျှင် ခြေထောက်ကို ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေစေရန် အမြဲဂရုစိုက်ပေးရပါမယ်။ ဆီးချိုသမားတွေ အဲ့လိုဖြစ်တယ်ဆိုရင်တော့ အထူးဂရုစိုက်ပြီး ကုသသင့်ပါတယ်။
Dr.KG