လည်ချောင်းနာလည်း သောက်လို့ရတဲ့ အအေး
ဒီလိုရာသီဥတုမျိုးမှာ အအေးမိတုပ်ကွေးရောဂါတွေကလည်း ပျံ့နှံ့ဖို့နေတဲ့ အချိန် ရောက်လာပါပြီ။
အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် အဆိုးဆုံးခံစားရတဲ့ဝေဒနာကတော့ လည်ချောင်းနာတာပါပဲ။
လည်ချောင်းနာသက်သာအောင် အရည်တစ်ခုခုသောက်သုံးပေးနိုင်ပါတယ်။ အရည်တမျိုးမျိုးသောက်သုံးတဲ့အခါ တံတွေးထွက်မှုများပြားစေပြီး လည်ချောင်းကို ချောမွေ့စိုစွတ်စေတာကြောင့် လည်ချောင်းအနာကို သိသိသာသာ သက်သာစေပါတယ်။ ဒီနေရာမှာ အများစုက အပူသောက်ကြပြီးတော့ တစ်ချို့ က အအေးသောက်ရင်လည်း သက်သာတယ်ပြောကြပါတယ်။
ဒီတော့ ဘယ်ဟာပိုကောင်းသလဲ ကြည့်ကြရအောင်……..
ဘာလို့ လည်ချောင်းနာရသလဲ
အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲက အစောင့်ဆဲလ်တွေနဲ့ တွေ့ကြပါတယ်။ အဲ့ဒီအခါမှာ အစောင့်ဆဲလ်တွေကနေ ပိုးမွှားတွေကို တိုက်ခိုက်ဖို့ မော်လီကျူးအချို့ကို ထုတ်လွှတ်ပါတယ်။ မော်လီကျူးတွေထဲက Bradykinin နဲ့ ProstrglandinE2 တို့ဟာ လည်ချောင်းထဲမှာရှိတဲ့ အာရုံခံအကြောလေးတွေကို လှုံ့ဆော်ပေးတဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။
အေးတဲ့ အရည်တွေ သောက်ရင် သက်သာတာ တကယ်လား
UK နိုင်ငံက Prof တစ်ယောက်ဖြစ်တဲ့ Ron Eccles ပြောတာကတော့ ရေခဲချောင်းတွေ ရေခဲမုန့်တွေနဲ့ gas ပါဝင်နှုန်းနည်းတဲ့ အအေးတချို့ဟာ လည်ချောင်းနာဝေဒနာကို သက်သာစေတယ်လို့ ပြောပါတယ်။ ရေခဲတွေဟာ ရောင်နေတဲ့တစ်ရှူးတွေကို အေးသွားစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး နာကျင်မှုကိုအာရုံခံနိုင်တဲ့ နာဗ်ကြောတွေကို ဟန့်တားထားနိုင်တဲ့ အစွမ်းသတ္တိရှိလို့ပဲ ဖြစ်ပါတယ်။ အအေးတွေသောက်လို့ ပိုပြီးရောင်တယ်ဆိုတာဟာ အယူအဆအမှားတစ်ခုပါ။ ချောင်းမဆိုးစေမဲ့ အအေးမျိုးတွေဆိုရင်တော့ ပိုသင့်တော်ပါတယ်။
အအေးနဲ့ အပူ ဘာပိုကောင်းလဲ
ကော်ဖီပူပူ၊ ရေနွေးပူပူ၊ စွပ်ပြုတ်ပူပူတွေဟာ တံတွေးထွက်ရှိမှုကို ပိုမိုများပြားစေပြီး လည်ချောင်းနာသက်သာစေတယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။ နာမည်ကြီး Prof Eccles ရဲ့စမ်းသပ်မှုမှာ အပူသောက်တာ အအေးသောက်တာတွေဟာ လည်ချောင်းနာခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်လို့ ပြောပါတယ်။
ဒါကြောင့် လည်ချောင်းနာခြင်းအတွက် အအေးသောက်တာ၊ ရေခဲချောင်းစားတာတွေဟာလည်း သက်သာစေသလို ဟင်းရည်ပူပူသောက်ပေးတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်လို့ အသိပေးလိုက်ရပါတယ်။
Dr.KG