ငရုတ်သီးစားခြင်းကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ
ပူပူစပ်စပ် အရသာကို ကြိုက်နှစ်သက်တတ်တဲ့ အရှေ့တိုင်းသားတွေထဲမှာ ကျွန်မတို့ မြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။ ဒီလို အရသာကို နှစ်သက်တတ်တဲ့ သူတွေအတွက် ငရုတ်သီးဟာ တစ်နေ့တာမှာ မပါမဖြစ်ပါပဲ။
ဒါကြောင့် နေ့စဉ် စားသုံးနေရတဲ့ ဒီငရုတ်သီးရဲ့ ကျန်းမာရေးပေါ်မှာ သက်ရောက်တဲ့ အကျိုးကျေးဇူးတွေကို သိရှိခဲ့ရင် စားသုံးရတဲ့အခါ ပိုပြီး ကျေနပ်မှုကို ဖြစ်စေမယ်လို့ ထင်မိလို့ ရေးပေးလိုက်ပါတယ်။
၁) အဝလွန်ခြင်းကြောင့် သေဆုံးရနှုန်းကို အတော်အသင့် လျော့ချပေးနိုင်ပါတယ်။
အပူအစပ် စားသုံးသူတွေရဲ့ ကိုယ်တွင်း ကယ်လိုရီ ဝင်ရောက်မှုဟာ ပုံမှန် အချို နဲ့ အဆီအစိမ့်တွေကို စားသုံးသူတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးပါတယ်။ တစ်ချို့သော လေ့လာချက်တွေ ကတော့ အစပ်စားသုံးတဲ့ အခါမှာ ကိုယ်တွင်းမှာ ကယ်လိုရီလောင်ကျွမ်းမှု များတယ်လို့ ဆိုပါတယ်။
အချို အရသာ ထက် အချဉ်အစပ် အရသာတွေကို နှစ်သက်တဲ့ မိန်းကလေးအများစုဟာ ပိန်နေတာကို သတိထားမိကြမှာပါ။
၂) အချို့သော ကင်ဆာရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
ငရုတ်သီးထဲမှာ ပါဝင်တဲ့ Capsaicin ဟာ Antioxidant အာနိသင် ရှိတဲ့အတွက် တစ်ချို့သော ကင်ဆာရောဂါတွေကို မဖြစ်ပွားအောင် ကာကွယ်နိုင်တယ်လို့ တစ်ချို့သော စမ်းသပ်မှုတွေက ဆိုကြပါတယ်။
၃) နှာချေခြင်း အအေးမိခြင်းတွေ ခံစားရတာကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
ငရုတ်သီးမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ချို့ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အအေးမိတဲ့အခါမျိုးမှာ လက္ခဏာကို သက်သာစေပါတယ်။
နှာပိတ်နေတဲ့ အခါမျိုးတွေမှာလည်း ပူပူစပ်စပ် တစ်ခုခုကို စားလိုက်လို့ ရှိရင် အပူဓာတ်တက်လာပြီး နှာစေးနှာပိတ်တွေ ခဏတဖြုတ်တော့ သက်သာသွားတာ အမှန်ပါပဲ။
၄) ခံတွင်းနံ့ ဆိုးတာကို လျော့ပါးအောင် လုပ်ပေးနိုင်ပါတယ်။
ငရုတ်သီးမှာ ပါဝင်တတ်တဲ့ ပါဝင်ပစ္စည်းတွေဟာ ပါးစပ်တွင်းက ထွက်လာမယ့် ခံတွင်းနံ့ တွေကို သန့်စင်ပေးပါတယ်။
၅) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ချို့ ပါဝင်ပါတယ်။
ငရုတ်သီးတောင့်မှာ အာဟာရဓာတ် မပါဝင်ဘူးလို့ အတော်များများက ထင်ကြပါလိမ့်မယ်။ ငရုတ်သီးတောင့် မှာလည်း သူရဲ့ အာဟာရ တန်ဖိုး ထိုက်သင့်သလောက် ရှိပါတယ်။ ငရုတ်သီးမှာ ဗီတာမင် စီ ၊ ဗီတာမင် အေ ၊ အီး နဲ့ ဘီ ဓာတ်တွေ ပါဝင်ပါတယ်။ Antioxidant တွေ ပါဝင်သလို ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေ ပါဝင်တာမို့ ကိုယ်တွင်း ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။
၆) သဘာဝ တာရှည်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။
ငရုတ်သီးမှုန့်တွေဟာ ပိုးမွှားတွေကို မပေါက်ဖွားအောင် ထိန်းပေးနိုင်တဲ့ အာနိသင် ရှိတာမို့ ဖန်တီးပြုလုပ်ထားတဲ့ တာရှည်ခံပစ္စည်းတွေအစား ငရုတ်သီးမှုန့်တွေကို အစားထိုးသုံးသင့်သလား ဆိုတာကို နောက်ပိုင်းမှာ စမ်းသပ်လာကြပါတယ်။
၇) အကိုက်အခဲ ဝေဒနာတွေကို သက်သာစေတယ်။
ခေါင်းကိုက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ၊ ကိုယ်လက်နဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုက်တဲ့ ဝေဒနာကို ပို အာရုံစိုက်နေရင် ပိုပြီး ခံစားရတာ အမှန်ပါပဲ။ တစ်ခြား အကြောင်းကိစ္စတစ်ခုခုကို အာရုံ လွှဲလိုက်တဲ့ အခါမှာ ကိုက်ခဲတဲ့ ဝေဒနာတွေ အထိုက်အလျောက် မေ့သွားတာကို ကြုံဖူးကြပါလိမ့်မယ်။
ကျွန်မတို့ရဲ့ အာရုံကြောတွေကလည်း အလားတူပဲ အလုပ်လုပ်ပါတယ်။ ကိုက်ခဲတဲ့ ခံစားချက်ကို ကျော်လွန်နိုင်အောင် အပူအရသာကို ပေးမယ်ဆိုရင် ကိုက်ခဲတဲ့ ဝေဒနာကို လျော့ပါးသွားစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်က ပါးစပ်က ပူလောင်တဲ့ အရသာ ကို ခံစားနှစ်သက်သူတစ်ဦး ဆိုရင်တော့ ကိုက်ခဲတဲ့ ဝေဒနာကို မခံနိုင်လောက်အောင် ခံစားရတဲ့ အခါမျိုးတွေကို ဒါကို စမ်းသပ်ကြည့်လို့ ရပါတယ်။
ငရုတ်သီး မှာ ရောင်ရမ်းမှုကို ကျစေတဲ့ ဓာတ်တွေပါဝင်တဲ့ အတွက်လည်း ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ ကိုက်ခဲမှု တွေကို သက်သာစေပါတယ်။
ဒါတွေကတော့ ငရုတ်သီး စားခြင်းက ရနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ… ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း စားသုံးတဲ့အခါ ချိန်ဆပြီး စားဖို့ကိုတော့ သတိပေးလိုက်ပါတယ်နော်…
Dr.မွှေး