ကြောင်လျှာပင်ကို အင်္ဂလိပ်လို Broken Bones Tree, Indian Trumpet Flower, Kampong စသဖြင့်ခေါ်ပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Oroxylum Indicum Vent ဖြစ်ပါတယ်။
ကြောင်လျှာပင်ဟာ အပင်လတ်အမျိုးအစားဖြစ်ပြီး ကြီးထွားနှုန်းမြန်ပါတယ်။ အပင်အမြင့်အနေနဲ့ကတော့ ၈ မီတာကနေ ၁၅ မီတာအထိမြင့်တတ်ပါတယ်။ အခေါက်ထူကာ မီးခိုးစိမ်းရောင်ရှိပြီး အတွင်းသားအနေနဲ့တော့ အဝါရောင်ရှိပါတယ်။
အရွက်ပုံစံကတော့ ရွက်ရင်းအနည်းငယ်ဝိုင်းပြီး ရွက်ဖျားချွန်ပါတယ်။ ရွက်ပေါင်းဖြစ်ပြီး ရွက်ဆိုင်ထွက်ပါတယ်။
နယုန်နဲ့ ဝါဆိုလတွေမှာ ခေါင်းလောင်းပုံစံရှိသော ခရမ်းရောင်အပွင့်များ ပွင့်တတ်ပါတယ်။
အသီးအနေနဲ့တော့ တွဲလျားကျပြီးသီးသော သီးတောင့်ရှည်အမျိုးအသားဖြစ်ပါတယ်။ အသီးပုံစံကပြားပြီး လက်တတောင်ကျော် လောက်ရှည်ကာ အမွှေးနုကလေးတွေရှိပါတယ်။ အသီးအတွင်းသားကထူပါတယ်။ တန်ဆောင်မုန်းလလောက်မှာ အသီးသီးလေ့ရှိပါတယ်။
ကြောင်လျှာပင်ရဲ့ အသီး၊ အရွက်၊ အပွင့် ၃ ခုလုံးဟာ အစားအစာဖြစ်လည်းစားလို့ရသလို ဆေးဖက်လည်းဝင်ပြီး ကျန်းမာရေးကိုအထောက်အကူူပြုပါတယ်။ ဒါပေမဲ့ အရသာက ခါးတဲ့အတွက် လူအများစုအနေနဲ့ကတော့ သိပ်စားလေ့မရှိပါ။
- ကြောင်လျှာပွင့်နဲ့ ကြောင်လျှာရွက်နုကို ရေနွေးနဲ့ ဖျောပြီးသုတ်စားလေ့ရှိသလို ငါးပိရည်နဲ့လည်း တို့စားကြပါတယ်။
- ကြောင်လျှာပွင့်နဲ့ ကြောင်လျှာရွက်နု စားခြင်းဖြင့် လေအားကောင်းစေပြီး နားလေထွက်တာ၊ နားပင်းတာ၊ အသက်ကြီးလို့ နားလေးတာတွေကို သက်သာစေနိုင်ပါတယ်။
- ကြောင်လျှာသီးကိုတော့ မီးဖုတ်ပြီးဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ ငါးပိရည်နဲ့တို့စား၊ သုပ်စားကြသလို ကြော်စားတာ၊ အသားတစ်မျိုးမျိုးနဲ့ ရောချက်စားတာ လည်းရှိပါတယ်။
ကြောင်လျှာသီးရဲ့အရသာက ခါးပြီးဖန်ချိုအရသာရှိပါတယ်။
ကြောင်လျှာသီးစားခြင်းဖြင့် ဝမ်းမီးကိုကောင်းစေပြီး အစာကြေလွယ်စေကာ စားချင်သောက်ချင်စိတ်မရှိဘဲ အစားသောက်ပျက်တာကိုသက်သာစေနိုင်ပါတယ်။
နားအူတာကိုလည်း သက်သာပျောက်ကင်းစေနိုင်ပြီး ဆံပင်ကိုလည်း နက်မှောင်စေနိုင်ပါတယ်။
အစာမကြေတာ၊ လေသလိပ်ထတာ၊ ချောင်းဆိုးတာ၊ အအေးမိတာ စတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
- ကြောင်လျှာသီးကို ကြက်သားနဲ့ ချက်စားပါက ပန်းနာရင်ကျပ် ရောဂါသက်သာ၏။
- ပုဇွန်ဖြင့်ချက်စားပါက နှလုံးတုန်၊ရင်တုန်သက်သာ၏။
- ငါးသလောက်ဖြင့်ချက်စားပါက အဖောရောဂါကိုသက်သာစေ၏။
- ငါးရံဖြင့်ချက်စားပါက အားကိုဖြစ်စေပြီး အစာမကြေဝမ်းပျက်ခြင်းကိုသက်သာစေ၏။
- ငါးမြွေထိုးဖြင့်ချက်စားပါက ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်း၊လိပ်ခေါင်းရောဂါတွေကိုသက်သာစေ၏။
ဆိုပြီး မြန်မာ့ဆေးကျမ်းတွေမှာ ဓာတ်စာသဘောအနေနဲ့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
Dr သီတာနွယ်(အမရပူရ)