ဝမ်းနှုတ်ဆေးကို အမြဲတမ်း စွဲမသောက်သင့်တဲ့အကြောင်းများ
ဆရာရယ် ဝမ်းမသွားလို့ ခေါင်းတွေ ကိုက်နေတယ်ဆရာ။ အဲဒါ ဝမ်းနှုတ်ဆေးလေး လာတောင်းတာပါ။ ”
ဦးနေဝင်း တစ်ယောက် ဆေးခန်းထဲ ရောက်ရောက်ခြင်းပင် သူ့ လာရင်းအကြောင်းကို ဆရာဝန်လေးအား အသိပေးလိုက်သည်။ ဆရာဝန်ဆိုသည်ကလည်း ကိုယ်တွေ နှင့် တစ်ရပ်ကွက်ထဲ နေသူ။ ကိုယ်တွေ မျက်စိအောက်တွင်ပဲ ဆရာဝန် ဖြစ်လာသူဆိုတော့ အားမနာရ။ ဆေးခန်းထဲကို နေမကောင်းလို့ လာပြသည်မဟုတ်။ ဝမ်းမသွားလို့ ဝမ်းနှုတ်ဆေး လာတောင်းတာ။ ကိုယ့်ရောဂါ ကိုယ့်ဖာသာ နာမည် တပ်ခဲ့ပြီးသာ။ ဆေးလည်း ကိုယ့်ဖာသာ စပ်ခဲ့ပြီးသား။ ဆရာဝန်ဆီက ဆေးလေး လာတောင်းသည်ပင်။
ဆရာဝန်သည် လက်ဆေး နေရာမှ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ နောက်ကို မှီလိုက်သည်။ စကား အေးအေးဆေးဆေး ပြောမည်ဆိုသည့် အရိပ်အရောင်ပင်။
” ဆရာမ သွေးပေါင်လေး ချိန်လိုက်ပါဦး ” ဆရာမကို သွေးပေါင်ချိန်ခိုင်းလိုက်သည်။
“အပေါ် သွေး ၁၃၀ အောက်သွေး ၇၀ ပါဆရာ ”
“အိုကေ ”
” ဆရာက ကျွန်တော့ ကို သွေးတိုးနေလို့ ခေါင်း မကြည်လင် ဘူးလို့ ထင်နေတာလား။ ကျွှန်တော် အိမ်မှာ သွေးပေါင်ချိန် စက် ဝယ်ထားပါတယ်။ တိုင်းလည်း တိုင်းဖြစ်ပါတယ်။ ကျွန်တော့မှာ သွေးတိုးမရှိပါဘူး။ အခုဟာက ဝမ်းချုပ်လို့ ဖြစ်နေတာပါ။ ကျွန်တော့ ရောဂါ ကျွန်တော် သိပါတယ်။ ” ဆရာဝန်ကို ပြန်ရှင်းပြေနေသည့် ဦးနေဝင်းကို ဆရာဝန်သည် ပြုံးလို့ ကြည့်နေမိသည်။
” ဟုတ်ကဲ့ပါ။”
” ဝမ်းနှုတ်ဆေးသာ ပေးလိုက်ပါ ဆရာ။ ဟိုတစ်ခါ ဆရာပေးတဲ့ ဝမ်းနှုတ်ဆေး အရမ်းကောင်းလို့ပါ။ ဆရာ ဆေးလေး သောက်ပြီးရင် ဝမ်း ကို ကောင်းလို့ပါ ”
“ကျွန်တော် အဲဒီတုန်းကလည်း အများကြီးပေးလိုက်တာပဲလေ။ပြီးတော့ နေ့တိုင်း လည်း မသောက်နဲ့လို့ ပြောလိုက်ပြီးသားလေ။ ကုန်သွားပြီလား ”
“ဆရာရယ် ကျွန်တော်က ဝမ်းနှုတ်ဆေးကို တစ်ရက် ခြားတစ်ခါသောက်တာလေ ဆရာ။ ကုန်ပြီပေါ့။ ” ဆရာဝန်သည် ဦးနေဝင်း စကားကြောင့် မျက်လုံးပြူးသွားသည်။
“ဝမ်းနှုတ်ဆေး ဆိုတာမျိုးက တစ်ရက်ခြားသောက်ရတဲ့ ဆေးတွေ မဟုတ်ဘူးလေ။ တစ်ခါတစ်လေမှ သောက်ရတာမျိုး။ ”
” ကျွန်တော် အမြဲ သောက်နေတာ ကြာပြီ ဆရာ။ ကျွန်တော် ဝမ်းနှုတ်ဆေး မသောက်ရင် ဝမ်း မသွားတဲ့ အဖြစ် ဖြစ်နေပြီ ”
“ဗုဒ္ဓေါ ” အလန့်တကြား ဘုရားတမိသည်။
“ဟိုးအရင်ကတည်း က ဝမ်းချုပ်တတ်တဲ့သူပါ။ အမြဲ ဝမ်းနှုတ်ဆေး ဆောင်ထားတတ်တယ်။ ကျွန်တော်မသောက်ဖူးတဲ့ ဝမ်းနှုတ်ဆေး ဆိုတ မရှိသလောက်ရှားတယ်။ အသက် ကြီးလာတော့ ဝမ်း ပိုချုပ်လာတယ်။ အခု နှစ်ပိုင်းလောက်မှာ ပိုဆိုးတယ်။ ဝမ်းနှုတ်ဆေး မသောက်ရင် ဝမ်းမသွားတော့ဘူး။ ” ဒီတစ်ကြိမ်တော့ ဦးနေဝင်းစကားသည် ဆရာဝန်ကို ခေါင်းကြီးစေသည်။
” ဒါမျိုး ဝမ်းနှုတ်ဆေးကို တစ်သက်လုံး သောက်သွားလို့ မရဘူး။ ဝမ်းဆိုတာ အကျင့်လုပ်ရတာပါ။ ကျင့်လို့လဲ ရပါတယ်။ မနက် အိပ်ယာ ထထ ခြင်း ဝမ်းသွားတတ်အောင်လည်း ကျင့်လို့ရပါတယ်။ တစ်ချို့တွေ အိပ်ယာထထခြင်း ရေ တစ်ဖန်ခွက် သောက်ပြီး ဝမ်းသွားကြပါတယ်။”
” ကျွန်တော်ကတော့ ဘယ်ရမလဲ။ ”
” တစ်ချို့ မနက်စာ စားပြီး ပြီးချင်း ဝမ်းသွားတဲ့သူတွေလည်း ရှိပါတယ်။ ဝမ်းဆိုတာမျိုးက အကျင့်လုပ်ရတာပါ။ လုပ်လို့လည်း ရပါတယ်။ ဝမ်းပုံမှန်သွားဖို့အတွက် Fiber ပါတဲ့ အသီးအရွက်တွေ များများ စားပေးရပါတယ်။ ထမင်းစားတဲ့ အခါ အသား ဓာတ်အပြင် အသီး အရွက်တွေ များများစားပေးရပါတယ်။ ပြီးရင် လည်း သင်္ဘောသီးတို့ လိမ္မော်သီးတို့လိုမျိုးလည်း စားပေးရပါတယ်။ ဒါဆိုရင် နောက်တစ်နေ့ ဝမ်းသွားပါတယ်။ ” ဆရာဝန်သည် ဦးနေဝင်းကို စိတ်ရှည်ရှည်ရှင်းပြပါသည်။
” ကျွန်တော် ကတော့ ဒါတွေ စားလည်း မသွားဘူး ဆရာ။ ဝမ်းနှုတ်ဆေး စားမှကို ဝမ်းသွားတော့မဲ့ သူ ဖြစ်နေပါပြီ။ ” ဦးတဝငိး စောဒက တက်မိသည်။
” လူတွေက ဝမ်းနှုတ်ဆေး စားရင် အပူကင်းစင်တယ်။ အစာလမ်းကြောင်းမှာရှိတဲ့ အညစ်အကြေးတွေ ကင်းစင်တယ်လို့ယူဆနေကြတယ်။ တကယ်က ဝမ်းနုတ်လိုက်ရင် အစာလမ်းကြောင်းမှာရှိတဲ့ ဟာတွေမှန်သမျှ ဆေးကြောင့်ထွက်သွားတာပါ။ ဝမ်းနှုတ်လိုက်တဲ့ အခါ ရေနဲ့ ဓာတ်ဆားတွေကုန် ခမ်းသွားမယ်။ ဆိုဒီယမ်၊ မက်ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဆိုတဲ့ နည်းသွားမယ်။ ဒီဓာတ်တွေဟာ ကြွက်သားတွေကို အလုပ်လုပ်ပေးနေတဲ့ အာရုံကြောတွေကို အားနည်းသွားစေသည်။ အရေးအကြီးဆုံးက နှလုံးကြွက်သားပဲ။ အမြဲ မသောက်သင့်ပါဘူး။ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတာ များရင် အသက် ကိုတောင် စိုးရိမ်ရတယ်။။ နောက်တစ်ခုက ဝမ်းနှုတ်ဆေးပေါ် မူတည်နေတဲ့ လူ တစ်ယောက်ဖြစ်လာမယ်။ ဝမ်းနှုတ်ဆေးကြောင့်ပဲ ဝမ်းသွားတော့တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ကျွန်တော်ကတော့ ဦးကို အကြံပေးချင်ပါတယ်။ ဝမ်းကို အကျင့်ပြန်လုပ်ပါလို့ ။ ဝမ်းနှုတ်ဆေး ကြောင့်သွားတယ်လို့ မဖြစ်အောင်ပါ”
“ကျင့်ခဲ့တာပဲ ဆရာရယ် ” ဦးနေဝင်းသည် ဆရာဝန်ကို အလိုက်သင့်ဖြေလိုက်သည်။ ဆရာဝန်သည် ဦးနေဝင်းကို သေချာရှင်းပြသင့်ပြီဟု ယူဆသည်။
” ကျွန်တော် ခုနကပြောသလိုမျိုး အသီးအနှံတွေကို အဓိက စားကြည့်ပါ။ရေများများသောက်ပါ။ ဝမ်းကို အကျင့်ပြန်လုပ်ကြည့်ပါ။ ဝမ်းချုပ်စေတဲ့ ကောက်ညင်းတွေလည်း မစားပါနဲ့။ ဒီလိုမျိုး ဝမ်းနှုတ်ဆေး ကြောင့်ပဲ ဝမ်းသွားတော့ရင် ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကျွန်တော် ခုနကပြောခဲသလို ဓာတ်ဆားနဲ့ ရေ ဆုံးရှုံးမှုကြောင့် အာရုံကြောတွေ ကြွက်သားတွေ အားနည်းတဲ့အပြင် နှလုံးနဲ့ အူတွေလည်းထိခိုက်တတ်တယ်။ ဝမ်းနှုတ်ဆေးကြေင့် ဦးရဲ့ အူတွေ ဟာ Lazy colon လို့ခေါ်တဲ့ အပျင်းထူတဲ့ အူ ဖြစ်လာမယ်။ အပျင်းထူတဲ့ အူကြောင့် အူလမ်းကြောင်း ပိုးဝင်တာတွေ အူလမ်းကြောင်းမှာ အစာမကျေ အစာကောင်းကောင်း မချေတာမျိုးတွေဖြစ်တတ်တယ်။ဒီထက် ဆိုးရင်တော့ အသည်းကို ထိခိုက်မယ်။ ဒီထက် ဆိုးရင်တော့ တစ်နေ့မှာ အူမကြီးကင်ဆာ ဖြစ်နိုင်ပါတယ်။ ”
ဦးနေဝင်း၏ မျက်လုံးများ ပြူးလာသည်ဟု ဆရာဝန်ထင်သည်။
” ဒီထက်ဆိုးရင် အရိုးတွေ ပွလာမယ်။ ပါးလာမယ်။ အရိုးကျိုးလွယ်တာတွေ ဖြစ်လာမယ်။ နောက်တစ်ခု က ကျောက်ကပ် ပျက်မယ်။ အသည်း ပျက် စီးတာတွေဖြစ်တတ်တယ်။ ကိုယ်ခံအား စနစ် အားနည်းလာပြီး ခဏခဏ ဖျားနာတာတွေ ဖြစ်တတ်တယ်။ ”
” ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ကြိုးစားကြည့်ပါမယ် ” ဒီတစ်ခါတော့ ဦးနေဝင်းတစ်ယောက် ဆရာဝန်ပြောကို နားထောင်လိမ့်မည်ဟု ဆရာဝန်သည် ထင်သည်။
” ဆေး စွဲနေပြီ ဖြစ်တဲ့ အတွက် ဆေးကို ဒီအတိုင်း ဖြတ်လို့မရဘူး။ တစ်ဖြည်းဖြည်းချင်း ပြန်ဖြတ်ရမယ်။ ကျွန်တော်နဲ့တိုင်ပင်ပြီး ဆေးစွဲနေတာကို ပြန်ဖျက်ရမယ်။ ကျွန်တော် ပြောတဲ့ အစားအစာတွေကို တစ်နေ့ချင်းစားမယ်။ ကျွန်တော်ပြောတဲ့ အတိုင်းပဲစားမယ်။ ကျွန်တော် သောက်ခိုင်းမှပဲ ဆေးကို ပြန်သောက်ပြီး ဝမ်းနှုတ်ဆေး စွဲနေတာကိုပြန်ကုရမယ်။ ဝမ်းနှုတ်ဆေး စွဲသွားပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ လူနဲ့ ဝမ်းနှုတ်ဆေး စွဲတာကို စနစ်တကျ ပြန်ကုသပေးရတယ်။ ”
” ဟုတ်ကဲ့ပါ ဆရာ”
ဦးနေဝင်းကား ဆေးခန်းထဲမှ ထွက်သွားသည်။ ဆရာဝန်သည် ဦးနေဝင်းနောက်ကျောကို ကြည့်ရင်း အတွေးများနှင့်ကျန်ခဲ့သည်။ လမ်းထိပ်က ဆေးဆိုင်ကများ ဝယ်သောက်နေမလား။ ငါပြောတာ နားရောဝင်ရဲ့လားဟု တွေးလျှက်။ သံသယအတွေးတွေလည်းများလိုက်တာဟု ကိုယ့်ကို ကို ဆုံးမလျှက် နောက် လူနာကို ခေါ်လိုက်ပေသည်။ သို့သော် နက်ဖြန် ဦးနေဝင်းတစ်ယောက် ဆေးခန်းကို ပြန်လာလိမ့်မည်ဟု မျှော်လင့်လျှက်။
Dr.အေးချမ်းမိုး