သားရေဖိနပ်မှာဆိုးတဲ့ဆေးကို အစားအသောက်မှာဆိုးပြီးရောင်းလာကြတဲ့အခါ
ယနေ့ခေတ်မှာ အစားအသောက်တွေကို လူတို့စားချင်စိတ်ရှိအောင် အမြင်လှပ ပသာဒဖြစ်စေဖို့ ဆိုးဆေးတွေမျိုးစုံ သုံးစွဲလာကြပါတယ်။ ခွင့်ပြုတဲ့ဆိုးဆေးဆိုပြဿနာမရှိသော်လည်း ခွင့်မပြုဆိုးဆေး ကျန်းမာရေးကို ထိခိုက်စေမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။
ဆိုးဆေးဆိုတာ အမြင်လှပစေဖို့သက်သက်သာဖြစ်ပြီး ဘာအာဟာရမှ မပါဝင်ပါဘူး။ပုံမှန်ရှိသင့်တဲ့ အရောင်ထက်တောက်ပနေပြီး စားချင်စဖွယ်ဖြစ်နေရင်တော့ သတိကြီးကြီးထားရပါတော့မယ်။
အစားအသောက်တွေမှာတော့ အဓိက ဆိုးဆေးနှစ်မျိုးရှိပါတယ်။
(က) သဘာဝဆိုးဆေး(Natural Food Dyes)
(ခ)ဓာတုဆိုးဆေး (Artificial Dyes)
(က) သဘာဝဆိုးဆေး
သဘာဝအပင် ၊အသီးအပွင့်တွေက ထုတ်တာမို့ အန္တရာယ်အရမ်းနည်းပါတယ်။
ဒါပေမယ့် သဘာဝက ပစ္စည်းဖြစ်လို့ ရေရှည်မခံတာ၊ ထုတ်ရခက်ခဲတာကြောင့် ဝိသမလောဘသား စီးပွားရေးသမားတွေ ကမကြိုက်ကြပါဘူး။
(ခ) ဓာတုဆိုးဆေး
အစားအသောက်များတွင် ခွင့်မပြု အန္တရာယ်ရှိတဲ့ဆိုးဆေးမျိုးတွေ သုံးမယ်ဆိုရင်တော့ ဆိုးကျိုုးတွေ ခံစားရမှာပါ။
မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ ခွင့်မပြုဆိုးဆေး ၄မျိုးရှိပါတယ်။
(1)Auramine O (အဝါရောင်ရှိဆိုးဆေး)
သူ့ကိုတကယ်သုံးတာက ချည်၊သိုးမွှေး၊ပိုးထည်နဲ့ သားရေတွေမှာပါ…ဒါပေမယ့် လက်ဖက်တွေမှာ အသုံးပြုလာကြတာဖြစ်ပါတယ်။
လတ်တလောမှာ အဆိပ်အတောက်မဖြစ်စေနိုင်ပေမဲ့ ရေရှည်မှာတော့ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးစေမယ်၊ ကင်ဆာရောဂါတွေဖြစ်စေမှာပါ။
(2)Rhodamine B(အနီရောင်ရှိဆိုးဆေး)
ရောဂါရှာဖွေရာမှာ သုံးတဲ့ဆိုးဆေး ဖြစ်ပါတယ်။စက္ကူတွေ ၊ ချည်၊သိုးမွှေး၊ပိုးထည်နဲ့ သားရေတွေမှာပါသုံးကြပါတယ်။ဝိသမလောဘသားတွေက ငါးပိကို အညိုရောင်ကနေ ပန်းရောင်သန်း စေဖို့၊အမြင်လှစေဖို့နဲ့ ယင်မနားစေဖို့ အသုံးပြုလာကြပါတယ်။
အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းတာ၊ ပျိုု့တာ၊ အန်တာ၊ဦးနှောက် အာရုံကြော ထိုင်းမှိုင်းတာ စတဲ့ လတ်တလောဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။
(3)Sudan Dyes (အနီရောင်ရှိဆိုးဆေး)
ဖိနပ်၊သားရေတွေကို ဆိုးသောဆိုးဆေးဖြစ်ပါတယ်။ ငရုတ်သီးမှုန့်တွေ အရောင်တင်မှုန့်တွေမှာအရောင်လှစေဖို့ သုံးကြပါတယ်။
အသည်းအဆိပ်ဖြစ်ပြီး အသည်းပျက်စီးတာ ကျောက်ကပ်ပျက်စီးတာတွေ ခံစားရနိုင်ပါတယ်။
(4)Orange II (လိမ္မော်ရောင်ရှိဆိုးဆေး)
ဖိနပ်၊သားရေတွေကို ဆိုးသောဆိုးဆေးဖြစ်ပါတယ်။ ငရုတ်သီးမှုန့်တွေ၊ယိုစုံတွေ၊ပဲနီလေး တွေကို တောက်တောက်ပပနဲ့ လှနေအောင် သုံးကြပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းတာ၊ ပျိုု့တာ၊ အန်တာ၊ဦးနှောက် အာရုံကြော ထိုင်းမှိုင်းတာ စတဲ့ လတ်တလောဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။
ဥပဒေအရတားမြစ်ချက်တွေ အနေနဲ့ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အစားအသောက်ထဲမှာ ခွင့်မပြုဆိုးဆေးတွေသုံးစွဲတဲ့ ထုတ်လုပ်ဖြန့်ဖြူးသူတွေကို အရေးယူလို့ရပါတယ်။
မိမိကျန်းမာရေးကို မိမိဂရုစိုက်ဖို့လိုအပ်တာမို့ အစားတစ်လုပ်အတွက် မလိုလားအပ်တာတွေမဖြစ်ရအောင် ဆင်ခြင်စားသုံးကြပါလို့တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။