သွေးကြောထဲကဒုက္ခပေးတဲ့အဆီဓာတ်နဲ့ ကောင်းကျိုးပေးတဲ့အဆီဓာတ်
“ငါတော့ သွေးစစ်ကြည့်တာ ကိုလက်စထရောတက်နေလို့ အဆီလျှော့စားနေရတယ်။ဆေးတွေသောက်နေရတယ်” စသဖြင့် ပြောကြတာကို ခုခေတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ မကြာခဏ ကြားဖူးကြမှာပါ။
ကိုလက်စထရာ ကိုလက်စထရော နဲ့ ပြောနဲ့ကြပေမယ့် ကိုလက်စထရောအကြောင်းကို သေသေချာချာမသိတာများပါတယ်။
ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ကိုလက်စထရော (Cholesterol) အကြောင်းကို သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။
ကိုလက်စထရာ(Cholesterol)ဆိုတာဟာ ကျွန်တော်တို့ခန္ဓာကိုယ်ဆဲလ်အားလုံးရဲ့အထဲမှာတွေ့နိုင်တဲ့ ဖယောင်းဆီကဲ့သို့သော အရာဖြစ်ပါတယ်။
ကိုလက်စထရာများရင်မကောင်းဘူးလို့ အကြမ်းအားဖြင့်ပြောကြပေမယ့် ကိုလက်စထေရာဓါတ်ဟာ ခန္ဓာကိုယ်အတွက်မရှိလို့လည်းမရပါဘူး။
ပုံမှန်လူတယောက်မှာ စုစုပေါင်းကိုလက်စထရောဓါတ်ပမာဏ(Total cholesterol level)ဟာ 200mg/dl အောက်မှာရှိရပါမယ်။
အဲ့ထက်များရင်ကျန်းမာရေးအတွက်မကောင်းသလို ကိုလက်စထရောဓါတ်ပမာဏဟာ 140mg/dl ထက်နည်းရင်လည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။
ကိုလက်စထရာဓါတ်ဟာ ဆဲလ်နံရံတွေတည်ဆောက်ရာမှာ အရေးကြီးတဲ့ပစ္စည်းဖြစ်သလို ဗီတာမင်ဒီဓါတ်ဖွဲ့စည်းတည်ဆောက်ခြင်း ဟော်မုန်းများထုတ်လုပ်ခြင်း အစာခြေဖျက်ရာမှာ ကူညီပေးမယ့် ပစ္စည်းများကိုထုတ်လုပ်ခြင်း စတဲ့နေရာတွေမှာ အရေးပါတဲ့ ကဏ္ဍ ကနေပါဝင်ဆောင်ရွက်ပေးပါတယ်။
ကိုလက်စထရောကို ခန္ဓာကိုယ်ရဲ့အသည်းကနေလည်း ထုတ်လုပ်ပေးနိုင်သလို ကျွန်တော်တို့နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှလည်းရပါတယ်။
ကိုလက်စထရောဓါတ်ပါဝင်တဲ့အစားသောက်တွေကတော့ ဥအမျိုးမျိုး၊ အသား၊ ကိုယ်တွင်းကလီစာ၊ အဆီ၊ စားသုံးဆီ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး စသဖြင့်ဖြစ်ပါတယ်။
ကိုလက်စထရောဓါတ်ကို မကောင်းတဲ့ကိုလက်စထရောဓါတ်(LDL cholesterol) နဲ့ ကောင်းတဲ့ကိုလက်စထရောဓါတ်(HDL cholesterol) ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးခွဲထားပါတယ်။
LDL cholesterol ကို မကောင်းတဲ့ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူကများလာတဲ့အခါမှာ ခန္ဓာကိုယ်သွေးကြောတွေထဲမှာ အဆီဖတ်ကလေးတွေဖြစ်စေပြီး ကြာလာတဲ့အခါ သွေးကြောတွေကိုကျဉ်းလာစေကာ နှလုံးသွေးကြောကျဥ်းရောဂါ၊လေဖြတ်တာ၊နှလုံးဖောက်တာ စတဲ့ရောဂါတွေကိုဖြစ်စေနိုင်တဲ့အတွက်ပါ။
ပုံမှန်လူတယောက်မှာ LDL Cholesterol ပမာဏဟာ 130 mg/dl အောက်မှာပဲရှိရပါမယ်။အဲ့ထက်များရင် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။
HDL cholesterol ကို ကောင်းတဲ့ ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူက ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့အဆီ ပိုနေတဲ့အဆီတွေကို အသည်းဆီပို့ပြီး ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်ပေးရာမှာ အကူအညီပေးလို့ဖြစ်ပါတယ်။
HDL cholesterol ပမာဏကကျ LDL cholesterol လို များရင်မကောင်းမဟုတ်ပါ။
HDL cholesterol ကများလေကောင်းလေပါ။
HDL cholesterol ပမာဏက 40mg/dl အောက်နည်းနေရင်မကောင်းပါ။
ပုံမှန်လူတယောက်မှာ HDL Cholesterol ပမာဏဟာ 60 mg/dl အထက်ရှိရပါမယ်။ဒါမှ ပိုတဲ့အဆီ၊ မကောင်းတဲ့အဆီတွေကို အသည်းဆီများများပို့ပြီး ခန္ဓာကိုယ်ထဲကနေ များများစွန့်ထုတ်နိုင်မှာပါ။
မကောင်းတဲ့အဆီဓါတ်များပြီး ကောင်းတဲ့အဆီဓါတ်နည်းနေတာဟာ ကျန်းမာရေးကိုထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ စတဲ့ရောဂါဖြစ်နိုင်ခြေတွေကိုများစေနိုင်ပါတယ်။
အောက်ပါအချက်များကိုဂရုတစိုက်လိုက်နာခြင်းဖြင့်
မကောင်းတဲ့အဆီဓါတ်တွေနည်းပြီး ကောင်းတဲ့အဆီဓါတ်တွေများလာစေကာ ကျန်းမာရေးကိုကောင်းလာစေနိုင်ပါတယ်။
၁။တိရစ္ဆာန်မှရတဲ့ အဆီတွေ(ဥပမာ-ဝက်ဆီ) နဲ့ ပြည့်ဝဆီများဖြစ်တဲ့ စားအုန်းဆီ၊ ပြန်ကြော်ဆီ တွေကိုရှောင်ပါ။
၂။ဆီနဲ့ကြွပ်အောင်ကြော်ထားတာတွေ၊ အဆီအဆိမ့်များတဲ့အစားသောက်တွေကို ရှောင်ပါ။
၃။ဆေးလိပ်၊ဘီယာ ရှောင်ပါ။
၄။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ များများစားပေးပါ။
၅။နေ့စဉ်စားသုံးတဲ့ဆီကို မပြည့်ဝဆီဖြစ်တဲ့ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊သံလွင်ဆီ တွေကိုသုံးပါ။လျှော့သုံးပါ။
၆။လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးပါ။
၇။ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။