လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကနေစပြီး Detox Water သောက်ခြင်းဟာ ကျန်းမာရေးလိုက်စားသူတွေကြားမှာ တဖြည်းဖြည်းခေတ်စားလာပါတယ်။
Detox Water သောက်တယ်ဆိုတာကတော့ အကြမ်းအားဖြင့်ပြောရရင် အသီးအရွက်တွေထည့်စိမ်ထားတဲ့ရေကို သောက်တာဖြစ်ပါတယ်။
ဆိုးဆေးပါတဲ့အစားသောက်၊တာရှည်ခံအောင်လုပ်ထားတဲ့အစားသောက်တွေကိုစားမိတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ မီးခိုးငွေ့တွေကိုရှုရှိုက်ရတာ စတဲ့အကြောင်းတွေကြောင့် တနေ့တနေ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးအဆိပ်အတောက်တွေစုပုံလာပါတယ်။
စုပုံလာတဲ့အညစ်အကြေးအဆိပ်အတောက်တွေကို ခန္ဓာကိုယ်ရဲ့ အသည်းတို့ကျောက်ကပ်တို့ကနေ ဖယ်ရှားစွန့်ပစ်ပေးပါတယ်။
အသီးအရွက်တွေထည့်စိမ်ထားတဲ့ရေကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိအညစ်အကြေးအဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ ပိုမို အထောက်အကူပြုနိုင်တဲ့အတွက် Detox water လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
Detox water ကို Sassy water လို့လည်းခေါ်ပါတယ်။
ဘာလို့ဒီလိုခေါ်ရလဲဆိုတော့ အသီးအရွက်စိမ်ရေ သောက်တာဟာ အမေရိကန်အာဟာရပညာရှင် Cynthia Sass မှ အစပြုခဲ့တာဖြစ်လို့ပါ။
Detox water ပြုလုပ်တဲ့နည်းဟာလွယ်ကူရိုးရှင်းပါတယ်။
အဝကျယ်ဖန်ဘူး၊ ဖန်ခွက်၊ ရေကရား၊ ပုလင်း စတာတွေထဲကို အသီးအရွက်တွေကို အခွံခွာရေဆေးပြီး လှီးထည့်ကာ ရေသန့်ကို သင့်တင့်သလောက်ထည့်ပါ။
ထို့နောက် အနည်းဆုံး ၆ နာရီ ကြာအောင် ရေခဲသေတ္တာထဲထည့်ထားပါ။
အဲ့နောက်မှာတော့ အသီးအရွက်တွေရဲ့ အာနိသင်တွေပျော်ဝင်နေတဲ့ အသီးအရွက်စိမ်ရည်ကို စတင်သောက်သုံးနိုင်ပါပြီ။ မသောက်ခင်မှာ ခွက်ဆိုရင်မွှေတာ၊ ဗူးဆိုရင်အဖုံးပိတ်ပြီး Shake (လှုပ်တာ) လုပ်ပါ။
သောက်နေရင်းနဲ့ ထည့်ထားတဲ့ ရေနည်းသွားပါက ရေထပ်ထပ်ထည့်ပြီး နှစ်ရက်လောက်ထိ သောက်နိုင်ပါတယ်။
နှစ်ရက်ကျော်သွားရင်တော့ ထည့်ထားတဲ့အသီးအရွက်တွေဟာ မလတ်ဆတ်နိုင်တော့ဘဲ အာနိသင်လည်းမရှိနိုင်တော့လို့ အသစ်ပြန်လုပ်သင့်ပါတယ်။
အသီးအရွက်ထည့်ရာမှာ ဘယ်အသီးဘယ်အရွက်ထည့်ရမယ် ဘယ်လောက်ထည့်ရမယ်ဆိုတာ သတ်မှတ်ထားတာမရှိပါဘူး။
မိမိရဲ့လိုအပ်ချက်၊မိမိနဲ့အဆင်ပြေမယ့် အသီးအရွက်တွေကို ထည့်မယ့်ခွက်၊ပုလင်း၊ဘူးအရွယ်အစား ရေပမာဏတို့နဲ့ ချင့်ချိန်ပြီး ထည့်နိုင်ပါတယ်။
Detox water လုပ်တဲ့အခါ အသီးတမျိုးပဲထည့်လည်းရပေမယ့် အများအားဖြင့်တော့ အသီးနှစ်မျိုး သို့မဟုတ် အသီးနှစ်မျိုးနဲ့အရွက်တမျိုး သို့မဟုတ် အသီးသုံးမျိုးထည့်လေ့ရှိပါတယ်။
Detox water အမျိုးအစားဟာ အမျိုးအစားပေါင်း ၅၀ ကျော်ထိရှိပါတယ်။
အဲ့ထဲကမှ အသုံးများတဲ့ Detox water အမျိုးအစားတွေကိုသိသလောက်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။
ဖရဲသီး၊စတော်ဘယ်ရီ၊ပူစီနံ Detox water
ဒီအမျိုးအစားဟာ သောက်လို့လည်းအရသာရှိသလို ဆီးချိုထိန်းညှိ၊ သွေးတိုးထိန်းညှိရာမှာလည်း အထောက်အကူပြုတဲ့အတွက် ဆီးချိုရောဂါ၊ သွေးတိုးရောဂါသမားတွေအတွက်အထူးသင့်တော်ပါတယ်။
ရှောက်သီး၊သံပုရာသီး၊သခွားသီး detox water
ဒီအမျိုးအစားက ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးနိုင်ပြီး အလွယ်တကူဖျားနာတာ၊အအေးမိလွယ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒါ့အပြင် ဝိတ်ချဖို့အတွက်လည်းအထောက်အကူပြုပါတယ်။
ပန်းသီး၊သစ်ဂျပိုးခေါက် detox water
ဒီအမျိုးအစားကတော့ Detox water သောက်သူတွေ အသောက်များတဲ့အမျိုးအစားပါ။ပန်းသီးနဲ့သစ်ဂျပိုးခေါက်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်တဲ့ဓါတ်တွေများစွာပါတယ်။ဒါ့အပြင် အသားအရေကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။
သရက်သီး၊ဂျင်း Detox water
ဒီအမျိုးအစားဟာ ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်ဖြစ်ပျက်ခြင်း(Metabolism)ကိုအားပေးသော အမျိုးအစားဖြစ်ပါတယ်။အစာချေဖျက်ရာမှာလည်းကူညီပေးသလို ဦးနှောက်မှတ်ဉာဏ်ကောင်းဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ဒါ့အပြင် လိင်စိတ်ကိုလည်းတိုးပွားစေနိုင်ပါတယ်။
လိမ္မော်သီး၊နာနတ်သီး Detox water
ဒီအမျိုးအစားဟာ သင့်ခန္ဓာကိုယ်အတွင်းရှိအဆီများကိုလောင်ကျွမ်းစေနိုင်သလို သင့်ကိုတနေကုန် လန်းဆန်းစေဖို့ရာလည်း အထောက်အကူပြုပါတယ်။
Detox water သောက်တဲ့အခါ တချို့လည်းရက်အနည်းငယ်သောက်ရုံနဲ့အကျိုးအာနိသင်ကို သိသာခံစားရရှိတာရှိသလို တချို့ကျတော့လည်းသောက်တာကြာမှ အကျိုးအာနိသင်ကိုသိသာခံစားရတတ်ပါတယ်။
Detox water သောက်တဲ့အခါ ရေရှည်စွဲသောက်ဖို့လိုပါတယ်။Detox water လုပ်ရာမှာ စိမ်တဲ့ အသီးအရွက်တွေကိုလည်း ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးသုံးစိုက်ထားတဲ့အသီးအရွက်တွေမသုံးဘဲ သဘာဝ(organic)နည်းနဲ့စိုက်ထားတဲ့ အသီးအရွက်တွေကို သုံးသင့်ပါတယ်။
Detox water ကိုပုံမှန်ရေရှည်သောက်ပေးခြင်းဖြင့် —
- အစာခြေစနစ်ကိုကောင်းစေခြင်း
- ဝမ်းချုပ်ခြင်းကင်းဝေးစေပြီး ဝမ်းမှန်စေခြင်း၊ဆီးမှန်စေခြင်း
- ခန္ဓာကိုယ်ရှိအဆီပိုများကိုဖယ်ရှားပေးနိုင်ခြင်း
- အသားအရေကိုကြည်လင်ဝင်းပစေခြင်း
- ကိုယ်ခံအားကိုကောင်းမွန်စေခြင်း
- တနေကုန်လန်းဆန်းတက်ကြွနေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။