ထမင်းကို ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်ဝအောင် ဘယ်လိုချက်မလဲ
ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာ ထမင်းကိုပဲအဓိက အားထားစားကြပါတယ်။
ဆန်မှာ ခွန်အားဖြစ်စေဖို့အတွက် ကာဘိုဟိုက်ဒရိတ်ဓါတ်၊ကိုယ်ခန္ဓာကြီးထွားစေဖို့အတွက် ပရိုတင်းဓါတ်၊ကိုယ်ခံအားနဲ့အာရုံကြောတွေကောင်းဖို့အတွက် ဗီတာမင်ဓါတ် စတဲ့ဓါတ်တွေများစွာပါခြင်းကြောင့် ဆန်ကနေဖြစ်တဲ့
ထမင်းစားရင် အားရှိတာမှန်ပေမယ့် ထမင်းချက်နည်း မမှန်ပါက ဆန်ကနေ ထမင်းပြောင်းသွားတဲ့အခါမှာ အာဟာရတန်ဖိုးတွေဆုံရှုံးမှုများနိုင်ပါတယ်။
အဲ့အခါမှာ ထမင်းကောင်းကောင်းစားပေမယ့် အာဟာရဓါတ်တွေချို့တဲ့တာမျိုး ဖြစ်နိုင်ပါတယ်။
ဆန်ကနေ ထမင်းဖြစ်ဖို့အတွက် ချက်ရာမှာ ထမင်းရေခန်း ချက်နည်း နဲ့ ထမင်းရေငှဲ့ ချက်နည်း ဆိုပြီး နှစ်နည်းရှိပါတယ်။
အဲ့ထဲကမှာ ထမင်းရေခန်းချက်နည်းနဲ့ ချက်ထားတဲ့ထမင်းဟာ ကျန်းမာရေးနဲ့ညီပြီး အာဟာရတန်ဖိုးပိုပြည့်ဝပါတယ်။
ဘာလို့လဲဆိုတော့ ထမင်းရေငှဲ့ချက်တဲ့အခါ ဆန်မှာပါတဲ့ ဗီတာမင်ဘီဝမ်း၊ဘီတူး၊ဘီသရီး အစရှိတဲ့ ဗီတာမင်ဘီအုပ်စုဝင်ဗီတာမင်ဓါတ်တွေဟာ ရေမှာပျော်ဝင်တဲ့ဗီတာမင်အမျိုးအစားတွေဖြစ်တဲ့အတွက် ငှဲ့လိုက်တဲ့ထမင်းရည်နဲ့အတူ ပါသွားပါတယ်။
အဲ့အခါမှာ ငှဲ့လိုက်တဲ့ထမင်းရည်ကိုမသောက်ဘူးဆိုရင် ထမင်းစားပေမယ့် ဘီတာမင် ဘီဓါတ်တွေချို့တဲ့နိုင်ပါတယ်။
ရေရှည်မှာအဖြစ်များဆုံးကတော့ ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းပါ။
ဘီဝမ်းချို့တဲ့တဲ့အခါ
ခြေတွေလက်တွေထိုင်းမှိုင်းလာတာ ရေတိုမှတ်ဉာဏ်တွေချို့ယွင်းလာတာ(Sever Short term memory Loss) နောက်အစာခြေလမ်းကြောင်းဟာလည်း ပုံမှန်တာဝန်မထမ်းဆောင်နိုင်ဘဲ အစာမကြေတာ အန်တာ ဝမ်းလျှောတာ ခြေထောက်တွေထုံကျဉ်ပြီး ဆောင့်ကြောင့်ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါ အလွယ်တကူ မတ်တပ်ရပ်လို့ မရတာမျိုးတွေခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်သည်တွေမှာဗီတာမင်ဘီဝမ်းချို့တဲ့ပါက မွေးလာတဲ့ကလေးမှာလည်း ဘီဝမ်းချို့တဲ့တာဖြစ်ပါတယ်။အထူးသဖြင့် မိခင်နို့စို့တဲ့ ၂လသား ၃လသားလေးတွေမှာဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ကလေးငယ်ဟာ ဂနာမငြိမ်ဖြစ်လာမယ်။ငိုလိုက်တဲ့အခါမှာ အသံစူးစူးဝါးဝါးဖြစ်ပြီး ခပ်ကြမ်းကြမ်းဖြစ်နေနိုင်တယ်။ထိုမှတဆင့် ကလေးဟာအသံလုံးလုံး မထွက်နိုင်တဲ့အဆင့်ထိ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် နှလုံးကြီးလာတာ နှလုံးခုန်မြန်တာ ခြေထောက်တွေဖောလာတာ မျက်နှာတွေအန်းလာတာတွေပါထပ်ဖြစ်နိုင်ပါတယ်။အချိန်မှီမကုသဘူးဆိုရင် နှလုံးအလုပ်မလုပ်ဘဲ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် ထမင်းချက်တဲ့အခါမှာ ထမင်းရည်ကို မငှဲ့ဘဲ ရေခန်းချက်စားတာ အာဟာရဓါတ်ပိုပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းပါတယ်။
ခုခေတ်မှာတော့ လျှပ်စစ်မီးရတဲ့နေရာကလူတွေအများစုအနေနဲ့ ထမင်းပေါင်းအိုး(Rice cooker)နဲ့ချက်ကြပါတယ်။
ထမင်းပေါင်းအိုးနဲ့ချက်တာကလည်း ထမင်းရေခန်းချက်တာပါပဲ။
ထမင်းရည်ငှဲ့ချက်တဲ့ထမင်းကိုကြိုက်တဲ့သူတွေအနေနဲ့ကတော့ ငှဲ့တဲ့ထမင်းရည်ကို သွန်မပစ်ဘဲ သောက်ဖို့လိုပါတယ်။
နောက်ထပ်သတိထားရမယ့်အချက်တခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ ဆန်ဆေးတဲ့အခါမှာ ခပ်ကြမ်းကြမ်းပွတ်မဆေးဖို့ပါ။ကျွန်တော်တို့တွေအများစုက ဆန်ဆေးတဲ့အခါမှာ ပြောင်အောင်သန့်ရှင်းအောင်ဆိုပြီး ဆန်ကို ခပ်ကြမ်းကြမ်းပွတ်ကာ သုံးရေ လေးရေ အထပ်ထပ်ဆေးတတ်ကြပါတယ်။
အဲ့လိုလုပ်တဲ့အခါမှာလည်း ဆန်အပေါ်ယံလွှာမှာပါတဲ့ဗီတာမင်ဘီဝမ်းက မရှိသလောက်နည်းသွားတတ်ပါတယ်။
ဒါကြောင့် ဆန်ဆေးတဲ့အခါမှာ အရမ်းမပွတ်ဘဲညင်သာစွာပွတ်ပါ။နှစ်ရေလောက်ပဲဆေးပါလို့အကြံပြုလိုက်ရပါတယ်။
Dr 528