သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး
လူတွေမှာတွေ့နိုင်တဲ့ သွေးအုပ်စု လေးခုရှိပါတယ်။A,B,AB နဲ့ O ဆိုပြီး သိကြပါတယ်။သက်ဆိုင်ရာသွေးအုပ်စုတွေအပေါ်လိုက်ပြီး ဘယ်သွေးအမျိုးအစားပိုင်ရှင်ကတော့ ဘယ်လိုစိတ်နေစိတ်ထားရှိတယ် ဘာညာစသဖြင့် စာတမ်းတွေသုတေသနတွေကို ဖတ်ဖူူးကြပါလိမ့်မယ်။ဒါတွေဟာ မှန်သလား မမှန်ဘူးလားဆိုတာကတော့ ခုထိငြင်းခုံနေရဆဲပါ။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း ခုလိုမျိုး သွေးအုပ်စုအပေါ်မူတည်ပြီး မတူညီတဲ့သက်ရောက်မှုတွေကို ပြုလုပ်ထားတဲ့သုတေသနတချို့ရှိနေပါတယ်။ဒါတွေကို ဗဟုသုတအဖြစ်ဖော်ပြပေးချင်ပါတယ်။ဘယ်လောက်မှန်တယ် ဘယ်လောက်မှားတယ်ဆိုတာဟာလည်း ငြင်းခုန်နေကြဆဲပါပဲ။
၁။မှတ်ဉာဏ်
သုတေသနတွေအရ AB သွေးပိုင်ရှင်အများစုဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။လေ့လာမှုပြုလုပ်ခဲ့တဲ့အထဲက ၈၂ % လောက်ဟာ သတိမေ့တတ်တဲ့ရောဂါ ခံစားရတတ်ပါသတဲ့။
၂။နှလုံးရောဂါ
သွေးအုပ်စုအမျိုးအစားဟာ နှလုံးပြဿနာ လေဖြတ်ခြင်း သွေးခဲခြင်းစတဲ့အခြေအနေတွေပေါ်မှာ သက်ရောက်မှုရှိပါသတဲ့။O သွေးသမားတွေဟာ အခြားသူတွေထက် ဒီရောဂါတွေဖြစ်နိုင်ချေ ၆၀ % လောက် နည်းပါးတာတွေ့ရပါတယ်။ဒါပေမဲ့ ဒီရောဂါတွေဟာ လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲပြီး ကြိုတင်ကာကွယ်လို့ရတာဖြစ်လို့ အခြားသူတွေအနေနဲ့လည်း သိပ်စိတ်မပူသင့်ပါဘူး။
၃။အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ
လေ့လာမှုတွေအရ A သွေးပိုင်ရှင်တွေဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ချေပိုများကြပြီး O သွေးသမားတွေကတော့ အစာအိမ်နဲ့အူသိမ်အနာတွေဖြစ်ဖို့အလားအလာတွေများပါသတဲ့။ဒီလိုဖြစ်ရတဲ့ဟာက H.pylori ဆိုတဲ့ bacteria တမျိုးအပေါ် ဒီသွေးအုပ်စုနှစ်ခုရဲ့ တမူထူးခြားတဲ့တုံ့ပြန်ပုံကြောင့် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။အဓိကရှောင်ကြဉ်ရမဲ့ ဆေးလိပ် အရက်စတာတွေကိုရှောင်ကြဉ်ပြီး အာဟာရပြည့်တဲ့အစားအစာတွေစားရင် ဒီရောဂါတွေဖြစ်နိုင်ချေကို အများကြီးလျော့ချနိုင်ပြီးသား ဖြစ်ပါလိမ့်မယ်။
၄။ကင်ဆာ
O သွေးသမားတွေဟာ တချို့သောကင်ဆာတွေဖြစ်နိုင်ချေနည်းတာကိုလည်း တွေ့ရပါတယ်။ဥပမာ အူမကြီးကင်ဆာ ပန်ကရိယကင်ဆာ စတာတွေပါ။
၅။ဆီးချို
၂၀၁၅ က အမျိုးသမီး ရှစ်သောင်းကျော်ကို သုတေသနပြုခဲ့ရာမှာ A သွေးနဲ့ B သွေးပိုင်ရှင်တွေမှာ ဆီးချိုပိုပြီး အဖြစ်များတာတွေ့ခဲ့ပါတယ်။
၆။ငှက်ဖျား
O သွေးသမားတွေက ဒီမှာလည်း ကံကောင်းပြန်ပါတယ်။ငှက်ဖျားကနေ အတော်အသင့်ကာကွယ်မှုရလို့ပါပဲ။ပညာရှင်တွေအဆိုအရ ခြင်တွေထုတ်လိုက်တဲ့ပရိုတိန်းတမျိုးက O သွေးထက် တခြားသွေးတွေကို အလွယ်တကူဝင်ရောက်ပေါင်းစပ်နိုင်လို့ဖြစ်ပါသတဲ့။
၇။သက်သက်လွတ်သမားနှင့်အသားစားသူ
သွေးအုပ်စုအပေါ်လိုက်ပြီး အစားအသောက်ပုံစံကွဲပြားမှုလည်း ရှိပါသေးသတဲ့။ဒါပေမဲ့ မှန်မမှန်တော့ ငြင်းနေဆဲပါပဲ။A သွေးသမားတွေက သက်သက်လွတ်စားရတာကြိုက်ကြပြီး O သွေးပိုင်ရှင်တွေကတော့ အသားစားရတာ ခုံမင်တတ်ကြပါတယ်လို့ ဆိုပါတယ်။
တကယ်တော့ သွေးအုပ်စုဆိုတာ ခင်ဗျားတို့ကျနော်တို့ ပြောင်းလဲပစ်လို့မရတဲ့အရာတခုပါပဲ။ဒီတွေ့ရှိချက်တွေကလည်း အခိုင်အမာအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဒါကြောင့် သိပ်စိတ်ပူမနေပဲ ကျနော်တို့ပြုပြင်ပြောင်းလဲလို့ရနိုင်မဲ့ အမူအကျင့်တွေ လူနေမှုပုံစံတွေကနေ စပြီး ပြောင်းလဲရင်း အသက်ရှည်ကျန်းမာစွာ နေထိုင်ကြပါစို့။
Dr.KG
Ref:Alternative Daily