ငယ်ငယ်ကတည်းက သင်ခဲ့ရဖူး၊ ကြားခဲ့ရဖူးတဲ့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ဆိုင်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ရမယ်ဆိုတာပါပဲ။ အလေးထားပြီး တိုက်တဲ့သူတွေလည်း ရှိပါမယ်။ တစ်နေ့တစ်ခါလောက်ဆို လုံလောက်ပြီထင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ပညာရှင်တွေရဲ့တွေ့ရှိချက်အသစ်တွေအရတော့ တနေ့ကို နှစ်ကြိမ်ပုံမှန်မတိုက်တဲ့ အမျိုးသားထုကြီးအတွက် ရင်လေးစရာပါပဲ။
ဘာတွေ့ရှိခဲ့လို့လဲ
အာရှတိုက်နဲ့ဥရောပတိုက်က အမျိုးသားပေါင်း နှစ်သိန်းကျော်ကျော်လောက်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုငါးခုအရ သွားဖုံးရောဂါတွေနဲ့ ပန်းသေပန်းညှိုးရောဂါတွေဟာ ဆက်စပ်မှုရှိနေပါသတဲ့။ သွားကို တစ်နေ့နှစ်ကြိမ်ပုံမှန်တိုက်လေ့မရှိတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ချေ ပုံမှန်ထက်သုံးဆမြင့်မားနေတာ တွေ့ရှိခဲ့ပါတယ်။ ဒီလိုယူဆခဲ့ကြတဲ့အဓိကအကြောင်းရင်းကတော့ သွားဖုံးရောဂါနဲ့ ပန်းသေပန်းညှိုးမှာတွေ့ရတဲ့ သွေးကြောတွေရောင်ရမ်းခြင်းဟာ ပုံစံတူဖြစ်နေလို့လို့ ဆိုပါတယ်။ CRP ဆိုတဲ့ ကာလရှည်ရောင်ရမ်းမှုတွေနဲ့သက်ဆိုင်တဲ့ ပရိုတိန်းတစ်မျိုးဟာ ပန်းသေပန်းညှိုးဝေဒနာသည်တွေမှာရော၊သွားဖုံးရောဂါရှိတဲ့သူတွေမှာပါ မြင့်တက်နေတာ တွေ့ခဲ့ကြပါတယ်။ CRP ကို နှလုံးရောဂါရှိတဲ့အမျိုးသားတွေမှာလည်း မြင့်တက်နေတာ တွေ့နိုင်ပါတယ်။
ဒီအယူအဆကို ထပ်မံအားကောင်းစေတာကတော့ အိပ်ရာထဲမှာစိတ်ကျေနပ်မှုမရဖြစ်နေတဲ့အမျိုးသားတွေအနက် ၇၄ % လောက်ဟာ သွားဖုံးရောဂါတစ်ခုခုဖြစ်နေတတ်တယ်ဆိုတဲ့အချက်ပါပဲ။ ထပ်မံလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးပေမဲ့ အခုတွေ့ရှိချက်ဟာ သွားကျန်းမာရေးကို ဂရုတစိုက်မရှိတတ်တဲ့ အမျိုးသားတွေအတွက်တော့ အချက်ပေးခေါင်းလောင်းသံပါပဲ။ သွားလေးမှန်မှန်မတိုက်ယုံနဲ့ လူဖြစ်စောစောစီးစီးရှုံးသွားနိုင်တယ်ဆိုတာ မတွေးရဲစရာပါပဲ။
ကောင်းတဲ့ဘက်က လှည့်တွေးရင်တော့ ကိုကိုတို့အနေနဲ့ တစ်နေ့ကို သွားနှစ်ခါပုံမှန်တိုက်ပေးခြင်းဟာ ပန်းသေပန်းညှိုးစောစောစီးစီးမဖြစ်အောင် ကာကွယ်နေတဲ့သဘောပါပဲ။ မမတို့ ညီမလေးတို့အနေနဲ့လည်း ကိုယ့်လက်တွဲဖော်တွေကို သွားနှစ်ခါတော့ပုံမှန်တိုက်ဖို့ ချော့ပြီးတစ်မျိုး ခြောက်ပြီးတစ်ဖုံ တွန်းအားပေးဖို့ လိုအပ်နေပါပြီ။
(အခုပြောခဲ့တဲ့ သုတေသနတွေကိုပြုလုပ်ခဲ့တာကတော့ Jinan University (China) နဲ့ University of Granada(Spain) တို့ဖြစ်ပြီး Jinan University ရဲ့ သုတေသနကို Journal Of Sexual Medicine မှာ ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။)
Ref: Brushing teeth twice a day could prevent ED,Daily Mail, Jan 8 2019
Dr.KG