နှစ်စဉ် မတ်လ ၁ ရက်မှာ ကျင်းပလေ့ရှိတဲ့ ခွဲခြားနှိမ်ချဆက်ဆံမှု ပပျောက်ရေးနေ့ (Zero Discrimination Day) အထိမ်းအမှတ် ပြုလုပ်တဲ့ ခွဲခြားမှုတွေ ရပ်တန့်ဖို့ အသံပြုကြစို့ အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၅ ရက်က ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အထိမ်းအမှတ်နေ့ရဲ့ ရည်ရွယ်ချက်ကတော့ မည်သူတစ်ယောက်မှ ယင်းရဲ့ ကျား၊ မ နဲ့ လိင် စိတ်ခံယူမှုအပေါ်မှာ ဖြစ်စေ၊ ကျန်းမာရေး အခြေအနေပေါ်တွင် ဖြစ်စေ၊ တခြားအကြောင်းပြချက် ကြောင့်မဆို ခွဲခြားနှိမ်ချ ဆက်ဆံခြင်း မပြုလုပ်သင့်ကြောင်းကို အလေးထား တိုက်တွန်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ခွဲခြားနှိမ်ချ ဆက်ဆံမှု ပပျောက်ရေးနေ့ရဲ့ဆောင်ပုဒ်ကတော့ Make Some Noise for Zero Discrimination Day (ခွဲခြားမှုတွေ ရပ်တန့်ဖို့ အသံပြု ကြစို့) ဖြစ်ပါတယ်။
HIV ပိုးဖြင့် အသက်ရှင်နေထိုင်နေသူတွေနဲ့ HIV ပိုးကြောင့် ထိခိုက်လွယ်တဲ့ အမျိုးသားချင်း ချစ်ခင်စုံမက်သူတွေ၊ လိင်လုပ်သားတွေ၊ မူးယစ်ဆေးသုံးစွဲတွေကို ခွဲခြား ဆက်ဆံခြင်း မပြုလုပ်ဖို့ လူအများကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းရှိ HIV တိုက်ဖျက်ရေးလုပ်ငန်း တွေကို ဆောင်ရွက်နေကြတဲ့ UNAIDS ၊ MSM Network ၊ Aye Myanmar Association (AMA) ၊ Myanmar Positive Group အစရှိတဲ့ NGO၊ INGO အဖွဲ့အစည်းတွေက ခွဲခြားနှိမ်ချ ဆက်ဆံမှုကို ရပ်တန့်ဖို့နဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။