ဗီတာမင် ဒီ ပါတဲ့ ဖြည့်စွက်စာတွေ သောက်သင့်ရဲ့ လား
မောင်ဒေါက်တာတစ်ယောက် ဆေးခန်းဖွင့်စမို့ အခန်းတွင်းသန့်ရှင်းရေးလုပ်အပြီး စာရေးစားပွဲရှေ့မှာ ထိုင်လိုက်သည်နှင့် ဦးလူနာ တစ်ယောက် သူ့ဆီအပြေးလာနေသည်ကို တွေ့လိုက်ရသည်။ လက်ထဲတွင်လည်း ဆေးဗူးကြီးတစ်ဗူးကို ကိုင်လျက်။
ဦး။ ။ ဟာ ဆရာ ရောက်နေပြီနော်၊ ဒီနေ့နောက်ကျသလားလို့ ဆရာရေ။ ကျနော့်မှာ ဆရာ့ကို မေးစရာရှိလို့ စောင့်နေရတာကြာပြီဗျ။ အခု နောက်တစ်ခေါက်ပြန်လှည့်ဝင်လာမှ ဆရာနဲ့တွေ့ရတာ ဆရာရဲ့။
မောင်။ ။ ဟဲ ဟဲ ဆရာဝန်တွေ ဆေးခန်းနောက်ကျတတ်တာများ အဆန်းလုပ်လို့ ဦးလူနာရယ်။ ကဲ ဆိုစမ်းပါဦး လာရင်းအကြောင်းလေး။ မဟုတ်မှလွဲရော ဒီဆေးဗူးကြီးအကြောင်းများလား။
ဦး။ ။ မှန်တာပေါ့ ဆရာရယ်။ ဒီဆေးဟာလေ အမေရိကားက ပို့လိုက်တာတဲ့ဆရာရယ်။ ကျနော့်သားရဲ့ သူငယ်ချင်းတစ်ယောက်က သူ့အဖေအတွက် ဝယ်ပို့ပေးနေကျတဲ့။ အခု ကျနော်ပါ သောက်ရအောင် သားက တစ်ဗူးပိုမှာပြီး ဝယ်လာတာ။ ဒီမှာကြည့်ပါဦး ဗီတာမင်ဒီ တစ်သောင်း အိုင်ယူတဲ့။ သိပ်ကောင်းဆိုပဲ လူကို သန်စွမ်းကျန်းမာစေပြီး ကင်ဆာရောဂါတွေကိုပါ ကာကွယ်နိုင်တယ်တဲ့။ အဲဒါ ဘယ်လိုသောက်ရမလဲ သိချင်လို့ ဆရာ့ လာမေးတာ။
မောင်။ ။ပြစမ်းပါဦးဗျ။ ဟာ ဟုတ်သား တစ်သောင်းအားပဲ။ အိုင်ယူ ဆိုတာ International Unit ကို IU ဆိုပြီး အတိုကောက်ခေါ်တာဗျ။ ယူနစ်ကို ပြောတာပဲ။ ဒါပေမယ့် ဒါကြီးက ဘယ်သူက ဘယ်လိုလုပ်ပြီးသောက်ခိုင်းတာတုန်း တစ်သောင်းအားဆိုတာကြီးက များလွန်းတယ်ဗျ။ နောက်ပြီး သူက ဆေးအနေနဲ့ ဖြန့်ဖြူးထားတာလည်း မဟုတ်ဘူးပဲ။ ဒီမှာ ရေးထားတယ် food supplement တဲ့။ ဖြည့်စွက်အစာပုံစံမျိုးနဲ့ ရောင်းထားတာလေ။
ဦး။ ။ ဟင် အဲဒီတော့ သောက်လို့မရဘူးလား ဆရာ။ ဒီမှာ ဈေးကြီးပေးပြီး ဝယ်ထားပြီးသား ဖြစ်ကုန်ပြီ။
မောင်။ ။ ဟုတ်ပြီ ဦးလေး။ ကျနော် အဲဒီ ဖြည့်စွက်စာဆိုတာနဲ့ ဗီတာမင်ဒီ အကြောင်းရှင်းပြမယ်။ ဗီတာမင်ဒီ ဆိုတာ ခန္ဓာကိုယ်ကနေ ပုံမှန် ထုတ်လုပ်နိုင်တဲ့ ဗီတာမင်တစ်မျိုးပဲ။ နေရောင်ခြည်က ကျနော်တို့ အရေပြားပေါ်ကျရောက်တာနဲ့ အဲဒီအရေပြားအောက်က အဆီတွေဖြစ်တဲ့ ကိုလက်စထရောတွေကနေ အသည်းနဲ့ ကျောက်ကပ်မှာ အဆင့်ဆင့်ပုံပြောင်းပြီး နောက်ဆုံး ဗီတာမင်ဒီ ဆိုတာဖြစ်လာတာပဲ။ ပြောချင်တာက တကူးတက ဆေးအနေနဲ့ ထည့်သောက်မှရတဲ့ ဓါတ်မဟုတ်ဘူးဗျ။
ဦး။ ။သြော် အဲဒါဆိုလည်း နေပူစာပဲများများလှုံတော့မယ်လေ။ ဒီဆေးမသောက်လည်း ဖြစ်တာပေါ့။
မောင်။ ။ ဟာ နေဦးလေ၊ ဦးလေးက လုပ်ပြီ စကားဆုံးအောင်နားထောင်ပါဦး။ အဲဒီလို ပေါပေါပဲပဲရနေတဲ့ ဗီတာမင်ဒီက သာမန်လူတွေ အတွက်ဆို ဖူလုံပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ကျနော်တို့နိုင်ငံလို နေရောင်များများရတဲ့နိုင်ငံက လူတွေမှာ သွေးစစ်ကြည့်လိုက်တော့ အများစုက ဗီတာမင်ဒီ အတော်ချို့တဲ့နေကြတာ သွားတွေ့ရပြန်သတဲ့။ နေဦး ဦးလေး၊ ဦးလေးပြောမှာ ကျနော်သိတယ်။ တစ်ခါတည်း ဆက်ပြီးဖြေထားလိုက်မယ်။ ဘာဖြစ်လို့နည်းနေရသလဲဆိုတာကတော့ သိတဲ့အတိုင်း နေပူတယ်ဆိုပြီး အကုန်လုံးက ထီးဆောင်းတယ်၊ နေကာမှန်အမည်းတွေတပ်တယ်၊ အကျီၤျလက်ရှည်တွေဝတ်ကြလို့ ဆိုပြီး ယူဆကြတာတွေရှိတယ်။ ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အတွက်က ဗီတာမင်ဒီဓါတ်က ခန္ဓာကိုယ်က ထုတ်ပေးတာထက်တော့ ပိုလိုနေနိုင်တာတော့ အမှန်ပဲ။
ဦး။ ။ အဲဒါဆိုသောက်ပြီလေ ဆရာရယ့်။ ဘာလို့ထပ်ရှင်းပြနေရတာတုန်း။
မောင်။ ။ နေပါဦး ဦးလေးရဲ့။ မပြီးသေးဘူး။ တကယ်တမ်း တစ်နေ့ကို လူတစ်ယောက်လိုတဲ့ ဗီတာမင်ဒီက ရှစ်ရာကနေ တစ်ထောင် အိုင်ယူပဲ လိုတာဗျ။ အခု ဦးလေးသောက်မယ်ဆိုတာ ဟာကြီးက တစ်သောင်းတောင်။ ဆယ်ဆ ဖြစ်နေတယ် အဲဒီတော့…။
ဦး။ ။ အဲဒီတော့ ဆယ်စိတ်စိတ်ပြီး သောက်ရမှာပေါ့။
မောင်။ ။ မရွဲ့နဲ့လေ ဦးလေးရဲ့။ အန္တရာယ်ရှိနိုင်လို့ ပြောတာဗျ။ ဗီတာမင်ဒီ ဓါတ်လွန်ကဲခြင်း Hypervitaminosis D ဆိုတဲ့ ရောဂါတောင်ရှိတယ်။ ပုံမှန် ဗီတာမင်ဒီက အရိုးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ကို များစေတဲ့အတွက် သူတအားများသွားရင် ကယ်လ်စီယမ်တစ်အားများလာပြီး ဘာတွေဖြစ်လာနိုင်လဲဆိုတာ ဦးလေးသိတယ်မှတ်လား။
ဦး။ ။ ကယ်လ်စီယမ်များရင် ကျောက်ကပ်မှာ ကျောက်တည်တတ်တယ်လို့ ဆရာပြောတာတော့ ကြားဖူးတယ်။
မောင်။ ။ ဟုတ်တယ် ကျောက်တည်တာအပြင် တစ်ခြား ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ၊ အူလမ်းကြောင်းပုံမမှန်တာတွေ နဲ့ စိတ်ရောဂါတွေ၊ ကျောက်ကပ်ပျက်စီးတာတွေပါ ဖြစ်တတ်တယ်ဗျ။
ဦး။ ။ ဟုတ်ပါပြီလေ။ အဲဒါဆိုလည်း မသောက်တော့ပါဘူး။ ဒါပေမယ့် တစ်ချို့ရေးထားတွေ ဖတ်ဖူးတာတော့ ရှိလို့ပါ။ ဗီတာမင်ဒီနဲ့ ဗီတာမင်ကေ ကို ဖြည့်စွက်စာအနေနဲက ပေါင်းပြီး သောက်ရင် ဘယ်လိုကောင်းတယ်ဆိုတာ. .
မောင်။ ။ အဲဒါမျိုးတွေရေးတာ ကျနော်လည်း ဖတ်ဖူးတယ်၊ ဦးလေးရ။ ယုတ္တိတော့ ရှိတယ်။ သူတို့ရေးထားတာကလေ။ ဒါပေမယ့် ဆေးပညာဆိုတာက အဲသည်လို ဖြစ်နိုင်တာတွေကို တွေးပြီးကုလို့ရတဲ့ အရာမဟုတ်ဘူး။ လက်တွေ့သုတေသနအဆင့်ဆင့်ပြုပြီးမှ ယုံကြည်ရတာ။ ဗီတာမင်ဒီ အပြင် အေ၊ အီး၊ ကေ စတဲ့ ဗီတာမင်တွေက တကယ်ကောင်းတဲ့ ဗီတာမင်တွေပါ။ ကင်ဆာဖြစ်စေမှုကို လျော့စေတဲ့ antioxidant တွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်များလာရင် ဘယ်ဟာမှမကောင်းဘူးလေ။ သူတို့က ဖြည့်စွက်အစာ food supplement ပါ ဆိုပြီး ရုပ်ဖျက်ပြီးဝင်လာတာကတော့ ဆိုးတာပေါ့။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုပေမယ့် တန်ဆေးလွန်ဘေး ဆိုတာကလည်း ရှိတယ်လေ။
ဦး။ ။ ကောင်းပါပြီ ဆရာရယ်။ ဘာပဲပြောပြော မသောက်ခင် ဆရာ့ကို လာမေးလိုက်တော့ သောက်သင့်၊ မသောက်သင့် သိသွားတာပေါ့။
မောင်။ ။ မသောက်ပါနဲ့တော့ ဦးလေးရယ်။ တကယ်တမ်းသောက်ချင်ရင် ခန္ဓာကိုယ်ထဲက ဗီတာမင်ဒီပမာဏကို စစ်ပြီး လိုမှသောက်ပေါ့။ လက်ရှိဈေးကွက်ထဲမှာ ရှိတဲ့ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ ပေါင်းထားတဲ့ဆေးတွေကလည်း ပမာဏ မများပါဘူး။ အဲဒါမျိုးသောက်လည်း ရပါတယ်။ ယုတ်စွအဆုံး နို့ တို့၊ ဒိန်ခဲတို့ ၊ တစ်ခြားနို့ထွက်ပစ္စည်းတွေ ငါးသေးသေးလေးတွေ စားလည်း အဲဒီဓါတ်တွေ ရပါတယ်ဗျ။ အဲဒီတော့မှ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာဗျ။ ခုနကဟာက အစာလိုလို ဆေးလိုလိုနဲ့…ဘယ်လိုပြောရမလဲဆိုတော့. . ။
ဦး။ ။ ဘယ်လိုပြောရမလဲ. . ဆရာပြောပုံအရဆို. . ဂျင်းထည့်တဲ့ ဆေး၊ ဂျင်းဆေးပေါ့ဗျ။ ကျနော် ဂျင်း မိသွားတာပေါ့။
မောင်။ ။ အား ဟုတ်လိုက်လေ ဦးလေးရယ်။ ဂျင်း. .ဆေး အစစ်ပဲ။ ကဲ အားလုံးပဲ ဂျင်းဆေး ရန်က လွတ်အောင်ရှောင်ကြပါဗျို့။
– –
ဒေါက်တာထွန်းလင်း (၁၂.၁.၂၀၁၉)
reference:
https://www.everydayhealth.com/vitamin-d/you-need-vitamin-d-supplement-everything-know/