၁၀ တန်းဖြေခါနီး ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်မလဲ
၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ရက်နေ့မှာစပြီး ကျင်းပမယ်လို့ သိရပါတယ်။
ခုချိန်ကနေတွက်ရင် ၁၀တန်းစာမေးပွဲကြီးဖြေဖို့က သိပ်မလိုတော့ပါဘူး။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အရေးကြီးတဲ့စာမေးပွဲတခုဖြစ်ပါတယ်။
အရေးကြီးတဲ့စာမေးပွဲဖြစ်တဲ့အတွက် စာမေးပွဲဖြေနိုင်ပြီး အောင်မြင်ဖို့ကို ကျောင်းသူကျောင်းသားတွေသာမက ဆရာဆရာမတွေရော မိဘတွေပါလိုလားကြပါတယ်။
စာမေးပွဲကောင်းစွာဖြေနိုင်ဖို့ဆိုရင် စာရနေဖို့အပြင် ကျန်းမာရေးကောင်းဖို့လည်းလိုပါတယ်။
စာမေးပွဲဖြေခါနီးကျန်းမာရေးမကောင်းလို့ ထင်သလောက်မဖြေနိုင်တဲ့သူတွေ၊ကျန်းမာရေးတအားဆိုးဝါးလို့တနှစ်နားလိုက်ရတဲ့သူတွေ ရှိပါတယ်။
ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ စာမေးပွဲဖြေခါနီး ကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
၁။အစာစားတဲ့အခါ နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။
စာမေးပွဲဖြေခါနီးစာကျက်ရတဲ့အခါ စားတဲ့အချိန်ကိုလျှော့ပြီးစာကျက်ချိန်ပိုပေးချင်တာကြောင့် အများစုအနေနဲ့အစာစားတဲ့အခါ တထိုင်တည်းနဲ့များများစားထားလေ့ရှိတတ်ပါတယ်။
ဒါဟာမှားပါတယ်။ဒီလိုအများကြီးစားပြီး စာထိုင်ကျက်တဲ့အခါ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အတွက် အစာမကြေခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် စားတာများတဲ့အတွက် သွေးလေးပြီး အိပ်ငိုက်ခြင်းကိုဖြစ်စေကာ အာရုံစူးစိုက်နိုင်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
၂။မနက်စာကို အာဟာရပြည့်ဝအောင်စားပါ။များများစားပါ။
အထက်မှာပြောခဲ့တဲ့ အစာစားတဲ့အခါ နည်းနည်းနဲ့အကြိမ်ရေများများခွဲစားပါဆိုတဲ့ထဲမှာ မနက်စာတော့မပါပါဘူး။
မနက်စာစားတဲ့အခါမှာတော့ များများနဲ့ကောင်းကောင်းစားဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာညစာစားပြီးနောက်ပိုင်းကနေ မနက်ထိ ဘာမှမစားတဲ့အတွက်ရယ် နောက်ပြီးနေ့တနေ့ရဲ့လုပ်ငန်းတွေကိုထမ်းဆောင်ဖို့ရာမှာ ပြည့်ပြည့်၀၀ အကောင်းမွန်ဆုံးထမ်းဆောင်နိုင်ဖို့အတွက်ရယ် အချိန်မှီ အင်အားများကိုဖြည့်ပေးနိုင်ဖို့ပါ
လူတဦးတယောက်တိုင်းဟာ နေ့စဉ် အာဟာရပြည့်ဝသော မနက်စာကို စားရပါမယ်။မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာစေကာ ဦးနှော က်မှတ်ဉာဏ်လည်းပိုကောင်းလာနိုင်ပါတယ်။
စာမေးပွဲဖြေခါနီးသူတွေအနေနဲ့ဆိုရင် မနက်စာကို မနက်၇နာရီလောက်မှာစားသင့်ပြီး မနက်စာစားရာမှာ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အစားစာမျိုးတွေကိုစားသင့်ပါတယ်။ဥပမာအနေနဲ့ပြောရရင် ကွေကာအုပ်နဲ့နွားနို့သောက်ပြီး ပေါင်မုန့်စားတာ ထမင်းနဲ့ကြက်ဥ သို့မဟုတ် အသားတမျိုးမျိုးစားတာ မျိုးတွေပါ။မနက်စာစားရာမှာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေပါ ထည့်စားနိုင်ရင်ပိုကောင်းပါတယ်။
၃။အိုမီဂါသရီးကြွယ်ဝတဲ့အစားစာတွေစားပေးပါ။
အိုမီဂါသရီးဓါတ်ဟာ နှလုံးကျန်းမာရေးကိုအထောက်အကူပြုရုံသာမက ဦးနှောက်မှတ်ဉာဏ်အတွက်လည်း များစွာအကျိုးပြုကြောင်းသုတေသနတွေအရ သိရပါတယ်။
ဒါကြောင့် စာမေးပွဲဖြေခါနီးကျောင်းသူကျောင်းသားများအနေနဲ့ အိုမီဂါသရီးကြွယ်ဝတဲ့ ငါးကြင်း၊ငါးမြင်း ဗိုက်သား၊သစ်ကြားသီး စတာတွေကိုများများစားပေးသင့်ပါတယ်။
၄။ရေဓါတ်ပြည့်ဝအောင်ဂရုစိုက်ပါ။
ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေဖို့ကအရေးကြီးပါတယ်။
ရေဓါတ်မပြည့်ဝပါက မောပန်းနွမ်းနယ်တာ၊အားအင်ချိနဲ့တာ၊မူးဝေတာတွေဖြစ်ပြီး ဦးနှောက်ကလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်ပါ။
ဒါကြောင့် ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေအောင် ရေတနေ့ကိုအနည်းဆုံး နှစ်လီတာသောက်ဖို့လိုပါတယ်။
၅။ကဖိန်းဓါတ်များတဲ့ကော်ဖီတွေ၊လက်ဖက်ရည်တွေ၊အားဖြည့်အချိုရည်တွေသောက်တာရှောင်ပါ။
စာကျက်ရာတွင်အိပ်မငိုက်အောင်ဆိုပြီး ကျောင်းသားကျောင်းသူအများစုအနေနဲ့ ကော်ဖီ၊လက်ဖက်ရည်၊အားဖြည့်အချိုရည်တွေသောက်တတ်ကြပါတယ်။
ဒီလိုသောက်ခြင်းဟာ အခန့်မသင့်ရင် တညလုံးအိပ်ရဘဲမျက်စိကြောင်နေတာ၊နှလုံးတုန်ရင်တုန်ဖြစ်တာတွေဖြစ်ပြီး ကိုယ်ခံစွမ်းအားကိုလျော့နည်းစေကာ အလွယ်တကူဖျားနာအအေးမိဖြစ်စေနိုင်ပါတယ်။
၆။အိပ်ရေး၀၀အိပ်ပါ။
ညနက်သန်းခေါင် အချိန်ထိ မအိပ်ဘဲ စာကျက်နေတာမျိုးကိုမလုပ်သင့်ပါ။စာမေးပွဲဖြေနေတဲ့ကာလမှာဆိုရင် လုံးဝကိုမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ လုံလောက်တဲ့အိပ်ချိန်မရခြင်းဟာ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုထိခိုက်စေပြီး မှတ်ဉာဏ်နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလျော့ကျစေနိုင်ပါတယ်။အဲ့အခါ စာမေးပွဲမှာ ဉာဏ်စမ်းမေးခွန်းတွေ၊Unseen မေးခွန်းတွေမေးရင် ကောင်းစွာမဖြေနိုင်ဘဲဖြစ်တတ်ပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ရေချိုးဂရုစိုက်ပါလို့အကြံပေးချင်ပါတယ်။
ကျောင်းသူကျောင်းသားတချို့အနေနဲ့ စာကျက်ရတာပင်ပန်းတဲ့အခါ လန်းဆန်းအောင်ဆိုပြီး နေရထိုင်ရတာလေးလံထိုင်းမှိုင်းလာတိုင်း ရေချိုးလေ့ရှိပါတယ်။တချို့ဆိုရင်တနေ့ကို သုံးခါ လေးခါလောက်ချိုးတာ ညဘက်ထရေချိုးတာတွေလုပ်တတ်ပါတယ်။
ဒီလိုမျိုးရေချိုးများတာ အချိန်မတော်ရေချိုးတာတွေဟာ အအေးမိလွယ်ပြီး ဖျားနာခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ရေချိုးများတာ အချိန်မတော်ရေချိုးတာမျိုးတွေကိုမလုပ်ဖို့အကြံပေးချင်ပါတယ်။စာကျက်ရင်းနဲ့လေးလံထိုင်းမှိုင်းလာတဲ့အခါ မိနစ်ပိုင်းလောက်ခဏနားပြီးလမ်းလျှောက်တာ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာတွေလုပ်ပေးနိုင်ပါတယ်။
မြန်မာတပြည်လုံးက တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများအားလုံး ကိုယ်စိတ်ကျန်းမာစွာဖြင့် စာမေးပွဲကြီးကို ဖြေဆိုအောင်မြင်နိုင်ကြပါစေ လို့ ဆုတောင်းရင်း
Dr 528