Pokemon Game
ကိုကို စိုးတစ်ယောက်ကို အခုတစ်လော စိတ်စိုးမိသည်။ မိဇင် ကို ကိုကိုစိုးတစ်ယောက် ဂရုမစိုက်အား တော့ပေ။ အရင်က ဆိုရင် မိဇင်နဲ့တွေ့တဲ့အချိန်တိုင်း မိဇင်ကို ဂရုတစိုက်ရှိသည်။ မိဇင်မျက်နှာ အငြိုးခံတဲ့ လူစားမျိူးမဟုတ်ပေ။ အခုတော့ ကိုကိုစိုးတစ်ယောက် စိတ်တွေက မိဇင်ဆီမှာ မရှိတော့။ သဝန်တိုရအောင်ကလည်း သက်ရှိမဟုတ်။ ဘယ်သူဆီကို ရောက်နေလဲဆို တော့ Game တွေ ဆီ ရောက်နေသည်။ အရင်ကတော့ အားတဲ့အချိန်ဆိုလျှင် Candy crush ဆိုတဲ့ game ကို ဆော့တတ်သည်။ အခုတော့ ကိုကိုစိုး တစ်ယောက် အကြိုက်ပြောင်းသွားသည်။ Pokemon game ကို ဆော့သည်။ Pokemon game ကလည်း နာမည် ကြီးပေသည်။ ကမ္ဘာတစ်လွားမှ လူတွေအများကြီး ဆော့နေသော game ဖြစ်ပေသည်။
Poke stop လေးတွေကို ရှာပြီး ဘောလုံးလေးတွေကို စုရပါသည်။ ပြီးလျှင် ဘောလုံးလေးတွေနဲ့ Pokemon လေးတွေကို လိုက်ဖမ်းရပါသည်။
ဒီနေ့တော့ ကိုကိုစိုးနဲ့ မိဇင်တို့ စကားများကြပေပြီ။
“ကိုကိုစိုးကို မိဇင်ကြည့်နေတာကြာပြီ။ ကိုကိုစိုး မိဇင်ကို ဂရုမစိုက်ဘူး။ ဒီ Game တွေဆီပဲ ကိုကိုစိုးစိတ်တွေရောက်နေတယ်။”
“ဒီ Pokemon game က ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ထိုင်နေလို့မရဘူး။ လမ်းတစ်ချိန်လုံး လျှောက်ပြီး ကစားရတာ။ ကိုကိုစိုးက တစ်နေကုန် အလုပ်ထဲမှာ ထိုင်နေရတော့ ညနေဖက် Game ကစားတော့ အားကစားလုပ်ပြီးသားလည်းဖြစ်သွားတာပေါ့။ တခြား game တွေဆို ထိုင်ကစား ရတာလေ။ အခုဆိုရင် ကိုကိုစိုးတောင် နည်းနည်းပိန်သွားတယ်လို့ခံစားရတယ်”
“စပါးလုံးတစ်ထောက်စာလောက်လေး ပိန်တာကို စကားထဲ ထည့်ပြောမနေပါနဲ့။”
မိဇင်တစ်ယောက် ဂျစ်တိုက်ပြောလိုက်ပေသည်။
“အော် ကိုကိုစိုးက အကောင်းပြောတာကို။မိဇင်လည်း ကစားကြည့်ပါလား။ မိဇင်လည်း တနေကုန် ကျောင်းတက်ရတော့ အညောင်းမိတယ်ဆို။ လမ်းလျှောက်ပြီးသားဖြစ်သွားတာပေါ့။ ကျန်းမာရေးလည်း လိုက်စားပြီးဖြစ်သွားမယ်။”
ကိုကိုစိုးတို့က ဆွယ်တရားများဟောနေပေသည်။
“တော်ပါပြီ။ တော်ပါပြီ။ မိဇင်တို့က Game ကစားတာ ဝါသနာ မပါပါဘူး။ မျက်လုံးက ကောင်းတာလည်း မဟုတ်ဘူး။ Game တွေသာ ကစားရင် ဒီမျက်မှန်က ပုလင်းခွဲ ဖင်လောက်ရှိတော့မယ်”
“ဟားဟား…. ငါ့ အသည်းလေးက မျက်မှန်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတာပါ”
မိဇင်တစ်ယောက် ကိုကိုစိုးကို မျက်စောင်းတစ်ချက်လောက် ထိုးလိုက်သည်။
“ကိုကိုစိုးကိုတော့ မတားနဲ့။”
မိဇင်တစ်ယောက် ကိုကိုစိုးကို ပြောလို့မရပေ။
တစ်နေ့ ကိုကှိုစိုးနဲ့ မိဇင် ရွှေတိဂုံ ဘုရားသို့ ဘုရားဖူးသွားခဲ့ကြသည်။ အရင်ကဆိုလျှင် အပြင်သိပ်မထွက်ချင်သော ကိုကိုစိုးတစ်ယောက် ရွှေတိဂုံ ဘုရားပေါ်သို့ရောက်ခဲ့လေပြီ။
“မိဇင် ကိုကိုစိုးကို စောင့်ဦးလေ။”
နောက်မှာကျန်၍ Pokemon ဖမ်းနေပြန်ပြီ။
မိဇင် ကိုကိုစိုးကို စောင့်၍ ခေါ်လိုက်သည်။ နောက် လေးငါးလှမ်းလောက် လျှောက်ပြီးတော့ ကိုကိုစိုးတစ်ယောက် ကျန်ခဲ့ပြန်သည်။
“မိဇင် ကိုကိုစိုးကို စောင့်ဦးလေ”
မိဇင် စိတ်ဆိုးလာပေပြီ။
“ဒီမှာ ကိုကိုစိုး အခုထိ လမ်းလျှောက်နေတာ မုဒ်တစ်ခုနဲ့တစ်ခု မရောက်တော့ဘူး။ ဒီနေ့ဘုရားဖူးရဦးမှာလား။ ဒီလိုမျိုးသာ လျှောက်နေရင် ဒီညတော့ ဘုရားတစ်ပတ်တောင် ပတ်လိုက်ရမှာ မဟုတ်ဘူး။ ရှေ့ကို မရောက်တော့ဘူး။ ရပ်နေရတာနဲ့ကို အချိန်ကုန်တယ်”
မိဇင်စိတ်ဆိုးတော့လည်း ကိုကိုစိုးက မိဇင်ကို ပြန်ချော့ပါသည်။
“အော် အေးအေး။ ကိုကိုစိုုးလာပါပြီ။ မိဇင်လေးကလည်း စိတ်ချည်းပဲ။
ဒေါသကလည်း ခဏခဏ မထွက်နဲ့နော်။ ရုပ်ရင့်တတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားကြီးရုပ်ထွက်နေဦးမယ်”
ကိုကိုစိုးက မိဇင် စိတ်စိုးတတ်မှန်းသိလို့ အမြဲကို နောက်ပြောင်တတ်ပါသည်။
“ကိုကိုစိုးဟာက ဘုရားလာဖူးတာနဲ့မတူတော့ဘူး။ Pokemon game လာကစားတာနဲ့တူနေပြီ။”
“အော် ဘုရားလည်းဖူးရင် း လိပ်ဥလည်းတူးတဲ့ သဘောပါ မိဇင် လေးရဲ့။ သူကလည်း စိတ်ချည်းပဲ။ အခုမကစားတော့ဘူးလေ.. နော် …စိတ် မဆိုးနဲ့တော့။ ”
ကိုကိုစိုးက အခုတစ်လော Pokemon game ကို တော်တော်ကိုစွဲနေသည်။တစ်နေ့ မနက်စောစော ကျောင်းသွားခါနီး ဖုန်းဝင်လာသည်။ ကိုကိုစိုးတစ်ယောက် မနက်ခင်းရုံးကို အသွားကားတိုက်မိလို့ ရန်ကုန်ဆေးရုံကြီးကိုလိုက်ခဲ့ပါလို့ မှာပါသည်။ မိဇင်တစ်ယောက် စိုးရိမ်တကြီး ကိုကိုစိုးရှိရာသို့ မြန်မြန်လာခဲ့ပါသည်။
အလာကောင်းပေမဲ့ အခါနှောင်းသွားပေပြီ။ မိဇင် ရောက်တဲ့ အချိန်မျာ ကိုကိုစိုးဟာ လူ့လောကထဲကနေ ထွက်ခွာသွားပေသည်။ သူချစ်သော မိသားစုနှင့် မိဇင်ကို ပစ်ထားခဲ့ပေသည်။
မနက်ရုံးသွားတုန်း Pokemon game ကစားရင် လှမ်းလျှောက်လာသော ကိုကိုစိုးသည် လမ်းကွေ့အရောက် ကွေ့ကားကို မမြင်ပဲ ကားရှေ့ကို တိုးဝင်သလို ဖြစ်သွားခဲ့ပေသည်။ ကိုကိုစိုးက game ထဲတွင်သာ အာရုံရောက်နေသဖြင့် ကားကို သတိမထားမိလိုက်ခြင်းဖြစ်သည်။ ကိုကိုစိုးတစ်ယောက် လူ့လောကထဲ လွယ်လွယ်နှင့် ထွက်သွားခဲ့ပေမဲ့ ကျန်ခဲ့တဲ့ မိဇင် အတွက် တော့ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်။
လမ်းမပေါ်မှာ Pokemon game ကစားနေကြသော လူများကို မြင်တွေ့တိုင်း ကိုကိုစိုးကို သတိရသည်။ ကိုကိုစိုးလို အဖြစ်ဆိုးနဲ့ကြုံမှာကိုလည်း အရမ်းစိုးရိမ်မိပေသည်။ ကိုကိုစိုးလို အဖြစ်မျိုးနောက်တစ်ကြိမ် ဘယ်သူမှ မခံစားရပါစေနဲ့လို့ မိဇင် အမြဲဆုတောင်းနေပါသည်။