ကျန်းမာရေးအတွက် တရားထိုင်မယ်
တရားထိုင်တယ်ဆိုတာကို အကြမ်းအားဖြင့် နားလည်သလောက်ပြောရရင် စက္ကန့်နဲ့အမျှ ပျံ့လွင့်နေတတ်တဲ့ စိတ်အာရုံကို ပျံ့လွင့်မှုနည်းအောင် တင်ပလင်ချိတ် ခါးကိုမတ်မတ်ထားကာ မျက်လုံးမှိတ်ထားပြီး ဝင်သက်ထွက်သက်အပေါ်မှာ သတိအသိ ကပ်ထားခြင်းဖြင့် လေ့ကျင့်ခြင်းဖြစ်ပါတယ်။
ဟိုးအရင်ခေတ်တွေတုန်းကတော့ တရားထိုင်ခြင်းကို အရှေ့တိုင်းသားတွေကပဲ အများအားဖြင့် ဘာသာရေးအရ လုပ်ကြပါတယ်။
အခုနောက်ပိုင်းမှာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ တရားထိုင်ခြင်းဟာ စိတ်ကိုသာမက ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးနိုင်တယ်ဆိုတာကို သိရှိလာတဲ့အတွက် အနောက်တိုင်းသားတချို့ကပါ တရားထိုင်ခြင်းကို ပြုလုပ်လာကြပါတယ်။
တရားထိုင်ခြင်းကို ပုံမှန်လုပ်ခြင်းဖြင့် ရေရှည်မှာရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ………
စိတ်အာရုံပျံ့လွင့်မှု နည်းလာပြီး စိတ်တည်ငြိမ်အေးချမ်းလာတဲ့အတွက် စိတ်လှုပ်ရှားမှုများတာ၊ စိတ်ပူပန်မှုများတာတွေကို လျော့ပါးသက်သာစေပါတယ်။
စိတ်ကို သက်သောင့်သက်သာရှိစေကာ စိတ်ခံစားမှုကိုကောင်းစေတဲ့အတွက် စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။
စိတ်ဓါတ်ကျခြင်းကိုလျော့ပါးသက်သာစေပြီး မိမိကိုယ်မိမိ ယုံကြည်မှု ကိုတိုးလာစေပါတယ်။
စိတ်ဖိစီးမှုတွေကိုလည်း ခံနိုင်ရည်ရှိလာကာ အလွယ်တကူ ဒေါသထွက်ခြင်းကိုလည်းထိန်းနိုင်လာပါတယ်။
စိတ်အာရုံစူးစိုက်မှုကောင်းလာတဲ့အတွက် တီထွင်ကြံဆနိုင်စွမ်း နဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းလည်း တိုးတက်လာပါတယ်။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်လည်း………………
သွေး၊ လေ လည်ပတ်မှုကို ကောင်းစေကာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို ကာကွယ်လျှော့ချပေးပါတယ်။
စိတ်ကအေးချမ်းတဲ့အတွက် ညအိပ်ချိန်မှာ ကောင်းစွာအိပ်ပျော်စေပါတယ်။
အိပ်ရေးဝပြီးစိတ်ပူပင်မှုမများတဲ့အတွက် တနေကုန်နေရထိုင်ရတာ လန်းဆန်းတက်ကြွစေပါတယ်။
စိတ်ဖိစီးမှုနည်းလာတဲ့အတွက် စိတ်ပျိုကိုယ်နုဆိုတဲ့ စကားအတိုင်း ရုပ်အဆင်းဟာလည်း နုပျိုလာပါတယ်။
ကြွက်သားတွေ တင်းပြီးကိုက်ခဲနေတာ၊ အရိုးအဆစ်တွေနာကျင်နေတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
မှတ်ဉာဏ်နဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အသက်ကိုလည်းရှည်စေနိုင်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင် လူတိုင်းလူတိုင်း ညအိပ်ရာမဝင်ခင်မှာ တရားထိုင်ခြင်းကို နာရီဝက် တနာရီလောက် လုပ်ကြပါလို့ အကြံပေးတိုက်တွန်းချင်ပါတယ်။
တရားစစထိုင်တဲ့အခါမှာ ကျင့်သားမရသေးတဲ့အတွက် ၁၀ မိနစ် ၁၅မိနစ်လောက်ပဲ ထိုင်နိုင်တာများပါတယ်။ ကိစ္စမရှိပါ။ ထိုင်နိုင်သလောက်ပဲထိုင်ပါ။ တဖြည်းဖြည်းနဲ့ အချိန်နည်းနည်း နည်းနည်း ပိုထိုင်ကြည့်ပါ။ သိပ်မကြာခင်မှာ နာရီဝက်၊တနာရီ ထိုင်နိုင်လာပါလိမ့်မယ်။
Dr 528