ကမ္ဘာကြီးပူလာပြီဆိုရင်
ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာဟာ ကမ္ဘာ့လေထုနဲ့ သမုဒ္ဒရာတွေရဲ့ ပျမ်းမျှအပူချိန် မြင့်တက်လာတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တရာလောက်ကစပြီး ကမ္ဘာ့လေထုနဲ့သမုဒ္ဒရာတွေရဲ့ ပျမ်းမျှအပူချိန်ဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။
ဒီလို အပူချိန်မြင့်တက်လာရတာတဲ့ အကြောင်းရင်းကတော့ Green house gases မှန်လုံအိမ် (ဖန်လုံအိမ်) ဓာတ်ငွေ့လို့တင်စားခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbondioxide)၊ နိုက်ထရပ်အောက်ဆိုဒ် (Nitrous oxide)၊ မီသိန်း (Methane)၊ ဟိုက်ဒရိုဖလူရိုကာဗွန် (hydroflurocarbon)၊ ပါဖလူရိုကာဗွန် (perfluorocarbon)၊ ရေခိုးရေငွေ့ (water vapour) စတဲ့ဓာတ်ငွေ့တွေဟာ လေထုထဲမှာပိုမိုများပြားလာကာ မှန်လုံအိမ် (ဖန်လုံအိမ်) အကျိုးသက်ရောက်မှုလို့ တင်စားခေါ်တဲ့ Green House Effect ကို ပိုပြီးဖြစ်စေလို့ပါ။
Green House Effect မှန်လုံအိမ် (ဖန်လုံအိမ်) အကျိုးသက်ရောက်မှု ဆိုတာဘာလဲ။
အရမ်းအေးတဲ့အရပ်ဒေသ၊ ရာသီဥတုမှာ အပင်တွေစိုက်ပျိုးဖြစ်ထွန်းဖို့အတွက် စိုက်ပျိုးရေးသုတေသန ပညာရှင်တွေဟာ အပင်တွေကို မှန်လုံအိမ်ထဲမှာ ထည့်စိုက်တဲ့နည်းကို သုံးကြပါတယ်။
အဲ့မှန်လုံအိမ်တွေရဲ့ မှန်တွေဟာ နေရောင်ခြည်နဲ့ အပူကို ဝင်ခွင့်ပြုပြီး မှန်လုံအိမ်ထဲမှ ပြန်ကန်ထွက်လာသော အပူတွေကို ထွက်ခွင့်မပြုပါ။
ဒီလိုလုပ်ခြင်းဖြင့် မှန်လုံအိမ်အတွင်းမှာ အပူတွေစုနေပြီး ပြင်ပပတ်ဝန်းကျင်က အေးနေပေမယ့် မှန်လုံအိမ်အတွင်းမှာတော့ နွေးနေပါတယ်။
ထိုသဘောတရားအတိုင်းပဲ နေက ကမ္ဘာကို အပူနဲ့အလင်းပေးပါတယ်။
ကမ္ဘာကလည်း နေဆီက ရတဲ့အပူတွေကို လေထုထဲသို့ ပြန်ပြီး ထုတ်လွှတ်ပါတယ်။
ထိုသို့ထုတ်လွှတ်ရာမှာ လေထုထဲမှာရှိတဲ့ဓါတ်ငွေ့အချို့က မှန်လုံအိမ်ရဲ့ မှန်တွေလို ပြုမူပြီး ကမ္ဘာဆီမှ ပြန်လွှတ်တဲ့အပူတွေကို လေဟာနယ်ထဲ အကုန်လွတ်ထွက်မသွားအောင် စုပ်ယူ ထိန်းသိမ်းလိုက်တာမျိုး ရှိပါတယ်။
အဲ့အခါမှာ အပူတွေဟာ လေဟာနယ်ထဲမရောက်သွားတော့ဘဲ လေထုထဲမှာပဲပိတ်မိနေပြီး ကမ္ဘာကို ပူနွေးလာစေပါတယ်။
ဒီသဘောတရားအာနိသင်ဟာ မှန်လုံအိမ်ရဲ့ သဘောတရားအာနိသင်နဲ့ ဆင်တူတာကြောင့် မှန်လုံအိမ်အာနိသင်လို့ တင်စားခေါ်ပြီး အပူကိုစုပ်ယူတဲ့ဓါတ်ငွေ့တွေကိုတော့ မှန်လုံအိမ် ဓာတ်ငွေ့များလို့ တင်စားခေါ်တာဖြစ်ပါတယ်။
တချို့လူတွေစဉ်းစားတွေးထင်တဲ့အတိုင်း မှန်လုံအိမ်တွေများလာခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာရခြင်းကို ဆိုလိုတာမဟုတ်သလို မှန်လုံအိမ်ဓာတ်ငွေ့တွေဆိုတာဟာလည်း မှန်လုံအိမ်မှ ထွက်လာတဲ့ဓာတ်ငွေ့တွေမဟုတ်ပါ။
မှန်လုံအိမ်အာနိသင်ဟာ လုံးဝမရှိလို့လည်းမဖြစ်ပါဘူး။
မှန်လုံအိမ်အာနိသင်မရှိပါက ကမ္ဘာကြီးရဲ့အပူချိန်ဟာ အလွန်အမင်းကျဆင်းပြီး အေးခဲကာ သက်ရှိတွေအသက်ရှင်ဖို့ရာ မဖြစ်နိုင်တဲ့အခြေအနေရောက်သွားနိုင်ပါတယ်။
ထို့အတူ မှန်လုံအိမ်ဓာတ်ငွေ့တွေ များလာပြီး မှန်လုံအိမ်အာနိသင် များလာတဲ့အခါမှာလည်း ကမ္ဘာ့ကြီး ပူနွေးလာမှုကိုဖြစ်စေနိုင်ပါတယ်။
– ကား၊ ဆိုင်ကယ်တွေများလာပြီး စွမ်းအင်လိုအပ်ချက်အတွက် ရုပ်ကြွင်းလောင်စာတွေ (ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးတွေ) ကိုအသုံးများလာခြင်း
– သစ်တောများပြုန်းတီးလာခြင်း
– စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်း
– စက်ရုံတွေများလာခြင်း
– ရေခဲသေတ္တာ၊ အဲယားကွန်းတွေအသုံးများလာခြင်း စတဲ့အကြောင်းတွေကြောင့် လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏဟာလည်း များလာကာ ကမ္ဘာမှပြန်ကန်ထွက်လာတဲ့ အပူတွေကို များများစုပ်ယူထိန်းပြီး ကမ္ဘာကြီး ပူနွေးလာမှုကိုဖြစ်စေပါတယ်။
ကမ္ဘာကြီး ပူနွေးလာခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပြီး လူသားတွေသေဆုံးနှုန်းကို သိသိသာသာမြင့်တက်စေနိုင်ပါတယ်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် မီးတောင်ပေါက်ကွဲတာ၊ မုန်တိုင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရေကြီးပြီးရေလွှမ်းတာ စတဲ့သဘာဝဘေးအန္တရာယ်တွေဟာ ပိုမိုပြင်းထန်အားကောင်းစွာနဲ့ အကြိမ်ရေပိုမိုများပြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် အမြင့် နဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာကာ ကာလဝမ်းရောဂါကဲ့သို့သော ရေမှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပွားနှုန်းကို များစေနိုင်ပါတယ်။
ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာ ………….
– အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ကိုယ်တွင်းရှိရေဓါတ်ခန်းခြောက်ကာ နုံးတာ(Heat Exhaustion)၊
– အပူဒဏ်ကြောင့် ခြေသလုံးကြွက်တက်တာ(Heat Cramp)၊
– အပူဒဏ်ကြောင့် သတိလစ်တာ(Heat Syncope)
– အပူဒဏ်ကြောင့် မိတ်နဲ့ယားဖုတွေထွက်တာ(Heat Rush)
– အပူလျှပ်တာ(Heat stroke or Heat Hyperpyrexia) စတဲ့ အပူကြောင့်ဖြစ်တဲ့ဝေဒနာတွေကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။
အဲ့ဒီအခါမှာ နှလုံးရောဂါအခံရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်လေးတွေအနေနဲ့ ခံနိုင်ရည်မရှိဘဲ အသက်သေဆုံးကြရတာများပါတယ်။
ဒီလိုသေဆုံးရတဲ့သူ အရေအတွက်ဟာ ခန့်မှန်းခြေအရ နှစ်စဉ်ထောင်ချီရှိနိုင်တယ်လို့ သုတေသနတခုက ပြောထားပါတယ်။ နှစ်စဉ်နဲ့အမျှလည်း ပိုမိုတိုးလာနိုင်ဖွယ်ရှိကြောင်းလည်း ထပ်ပြောထားပါတယ်။
ဒါကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း ပိုမိုဆိုးရွားစွာဖြစ်မလာစေရန်အတွက် မှန်လုံအိမ်ဓာတ်ငွေ့တွေအထွက်များပြီး မှန်လုံအိမ်အကျိုးသက်ရောက်မှုများနေတာကို ထိန်းသိမ်းလျှော့ချဖို့လိုပါတယ်။
အဲ့အတွက် ကျွန်တော်တို့တွေအားလုံးဟာ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။
ရုပ်ကြွင်းလောင်စာတွေ အသုံးများတာကိုတတ်နိုင်သလောက် လျှော့ချရပါမယ်။
နီးနီးနားနား သို့မဟုတ် အရမ်းမဝေးတဲ့ နေရာလောက်ဆို စက်ဘီးနဲ့ပဲသွားပါ။
သစ်တောတွေ ပြုန်းတီးမှုကို ကာကွယ်ရမည့်အပြင် သစ်ပင်တွေ ပြန်စိုက်ဖို့လည်း လိုပါတယ်။
စွန့်ပစ်ပစ္စည်းတွေ မီးရှို့တာ၊ အမှိုက်တွေ၊ သစ်ရွက်တွေ မီးရှို့တာကို ရှောင်ပါ။
အဲယားကွန်း၊ ရေခဲသေတ္တာတွေသုံးခြင်းကနေလည်း ဖန်လုံအိမ်ဓာတ်ငွေ့တမျိုးဖြစ်တဲ့ ဟိုက်ဒရိုဖလူရိုကာဗွန် (hydroflurocarbon) အထွက်များစေနိုင်တာကြောင့် အဲယားကွန်း၊ ရေခဲသေတ္တာတွေကိုလည်း လျှော့သုံးပါ။
ဒါတွေအပြင် အစိုးရအနေနဲ့လည်း ပတ်ဝန်းကျင်ထိခိုက်မှု ညစ်ညမ်းမှုတွေကိုဖြစ်စေမယ့် လုပ်ငန်းတွေကို စီစစ်တားမြစ်ပိတ်ပင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသလောက် နည်းတဲ့ အစိမ်းရောင်စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီအားပေးဖို့လိုပါကြောင်း တင်ပြရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။
Dr. 528