ရောဂါတွေလွယ်လွယ်နဲ့မဝင်အောင်
ကိုယ်ခံအားစနစ်ဆိုတာ ခန္ဓာကိုယ် ကျန်းမာနေဖို့အတွက် အရေးကြီးတဲ့စနစ်တခုဖြစ်ပါတယ်။
ကိုယ်ခံအားကောင်းမှသာ ပြင်ပက ရောဂါပိုးတွေ အလွယ်တကူဝင်မရောက်နိုင်မှာဖြစ်ပြီး ရောဂါတွေမဖြစ်ဘဲ ကျန်းမာနေမှာဖြစ်ပါတယ်။
ကိုယ်ခံအားမကောင်းပါက ပြင်ပက ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပြီး ချောင်းဆိုး၊ နှာစေးအအေးမိတာ စတဲ့ရောဂါတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။
ယနေ့ခေတ်မှာ လေထု၊ ရေထုကလည်း ညစ်ညမ်းလာကာ အစားအသောက်တွေကလည်း သန့်ရှင်းလတ်ဆတ်မှု နည်းလာတဲ့အတွက် ကျွန်တော်တို့အများစုရဲ့ ကိုယ်ခံအားစနစ်က အားနည်းနေကြလေ့ရှိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကို ဒုက္ခပေးမယ့် ရောဂါပိုးအမျိုးအစား အရေအတွက်တွေက များပြားအားကောင်းနေပါတယ်။
ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ကျွန်တော် သိသလောက် ကိုယ်ခံအားကို အားကောင်းအောင် မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း ၅ ခုကို ရေးသားတင်ပြချင်ပါတယ်။
၁။ သင့်စားသောက်မှုပုံစံကို ပြောင်းလဲပါ။
ဆိုလိုတာက အသားတွေ၊ ဆီကြော်တွေ၊ အကင်တွေ၊ ရယ်ဒီမိတ်အစားစာတွေ၊ သကြားဓါတ်များတဲ့ အချိုရည်တွေကို တတ်နိုင်သလောက် လျှော့စားသောက်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများစားပေးပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပြီး ကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ အန်တီအောက်ဆီးဒန့် (ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ) နဲ့ ဗီတာမင်ဓါတ်တွေ များစွာပါဝင်နေပါတယ်။
ဒါ့အပြင် နေ့စဉ်စားသောက်တဲ့ထဲမှာ ဂျင်းနဲ့ ကြက်သွန်ဖြူကို နည်းအမျိုးမျိုးနဲ့ မကြာခဏပါအောင် စားပေးတာကလည်း ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် အကျိုးပြုနိုင်ကြောင်း သုတေသနတွေအရ သိရပါတယ်။
၂။ သင့်နေထိုင်မှုပုံစံကိုပြောင်းလဲပါ။
ဆိုလိုတာက အထိုင်မများစေဘဲ နေ့စဉ် အနည်းဆုံး မိနစ်သုံးဆယ်ခန့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ အထိုင်များခြင်းဟာ သွေးလည်ပတ်မှုကိုနှေးစေပြီး သွေးကြောကျဉ်းတာ သွေးခဲပိတ်တာတွေကို ဖြစ်စေကာ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။
နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေနိုင်သလို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ T cell တွေကိုလည်း အားကောင်းစေကာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
သုတေသနတွေအရ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မလှုပ်သူတွေထက် အအေးမိ၊ ဖျားနာ ဖြစ်နိုင်ခြေဟာ ထက်ဝက်ခန့်လျော့နည်းကြောင်း သိရပါတယ်။
၃။ သင့်ရဲ့ စိတ်ဖိစီးစရာတွေကို လျှော့ချပါ။
“စိတ်ထောင်းလျှင်ကိုယ်ကြေ” ဆိုတဲ့စကားအတိုင်း စိတ်ဖိစီးစရာတွေများပါက ကိုယ်ခံအားစနစ်ကို ထိခိုက်ပြီး ရောဂါတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။
သုတေသနတွေအရ စိတ်ဖိစီးမှုဒဏ်ကို ရေရှည်ခံစားရတဲ့သူတွေဟာ ကိုယ်ခံအားကျလာပြီး အအေးမိ၊ ဖျားနာ စတဲ့ရောဂါတွေ ပိုဖြစ်လွယ်ကြောင်းတွေ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်အောင် ကြိုးစားရပါမယ်။
စိတ်ဖိစီးစရာတွေကို လျော့ကျသွားအောင် ၁၅မိနစ်လောက် မျက်စိမှိတ်ထားပြီး ကိုယ်ကြိုက်တဲ့သီချင်းကို နားထောင်တာ၊ သီချင်းအကျယ်ကြီးအော်ဆိုတာ၊ ယောဂကျင့်တာတွေလုပ်နိုင်သလို သူငယ်ချင်းတွေနဲ့စကားပြောတာ၊ စနေတနင်္ဂနွေ အားလပ်ရက်တွေမှာ နီးနီးနားနားခရီးထွက်တာ၊ ပျော်ပွဲစားထွက်တာတွေလုပ်နိုင်ပါတယ်။
ဒါ့အပြင် အားလပ်ချိန်တွေမှာ မိသားစုနဲ့အတူအိမ်မှာ ချက်ပြုတ်စားတာ ရယ်စရာဟာသပြောဆိုပီး အတူပျော်ရွှင်ရယ်မောတာတွေကလည်း စိတ်ဖိစီးမှုကိုသက်သာစေပီး ကျန်းမာစေပါတယ်။
အရာရာကို အတတ်နိုင်ဆုံး အကောင်းမြင်စိတ်နဲ့ကြည့်နိုင်အောင် ကြိုးစားတာကလည်း စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် အထောက်အကူပြုနိုင်တဲ့နည်းတခုဖြစ်ပါတယ်။
၄။ လုံလောက်တဲ့အိပ်ချိန်ရအောင် အိပ်ပါ။
အရွယ်ရောက်ပြီးတဲ့သူတယောက်ရဲ့ နေ့စဉ်ပုံမှန်အိပ်ချိန်နာရီဟာ ၈နာရီရှိရပါမယ်။
၈ နာရီမရှိဘဲ အိပ်ချိန်မလုံလောက်တာ အိပ်ရေးပျက်တာ ရေရှည်ဖြစ်လာပါက အစားအသောက်ပျက်လာတာ စိတ်ဓါတ်ကျလာတာတွေဖြစ်ပြီး ကိုယ်ခံအားပါကျလာနိုင်ပါတယ်။
၅။တကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်အလေးထားပါ။
တကိုယ်ရေသန့်ရှင်းရေးဆိုရာမှာ ရေပုံမှန်ချိုးတာ၊ လက်သည်းခြေသည်းညှပ်တာ၊ ဆံပင်ညှပ်တာ၊ လက်ဆေးတာစသဖြင့်ပါပါတယ်။
အဲ့ထဲမှာ အထူးအလေးထားပြောချင်တာကတော့ လက်ဆေးတာကိုပါ။
ရောဂါတွေရဲ့ ၈၀ရာခိုင်နှုန်းဟာ လက်နဲ့မသန့်တဲ့အရာတွေကို ထိတွေ့ပြီး၊ ထိုမသန့်တဲ့လက်တွေနဲ့ အစားစားတာ၊ နှာခေါင်းနှိုက်တာ၊ မျက်စိမျက်နှာကိုက်တာမျိုးတွေ လုပ်ရာကတဆင့် ကူးစက်ပါတယ်။
ဒါကြောင့် အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်နဲ့ အစာစားပြီးတိုင်း၊ အစားအစာမပြင်ဆင်မှီနဲ့ အစားအစာပြင်ဆင်ပြီးတိုင်း၊ တိရိစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ သန့်ရှင်းမှုမရှိတဲ့အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစင်ကြယ်အောင်ဆေးသင့်ပါတယ်။
လက်ကိုစင်ကြယ်အောင်၊ သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုနည်းလာတဲ့အတွက် အအေးမိ၊ ဖျားနာ၊ ဝမ်းလျှောတာ၊ သန်ထတာ စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေနည်းလာပြီး ကိုယ်ခံအားကောင်းလာကာ ကျန်းမာရေးလည်းကောင်းလာနိုင်လို့ ရောဂါများ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများမှ ပညာရှင်များက ပြောကြားထားပါတယ်။
၆။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေရှောင်ပါ။
အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးခြင်းဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ကိုယ်ခံအားကိုလည်းလျော့ကျစေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာနေဖို့ဆိုရင် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေကို မသုံးဖို့၊ သုံးမိနေတယ်ဆိုရင်လည်း ဖြတ်ဖို့အရေးကြီးပါတယ်။
Dr 528