ဘယ်လိုလူတွေကို ခြင်ပိုကိုက်လေ့ရှိသလဲ
လူတိုင်း ခြင်ကိုက်ခံရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေကျ ခြင်ကိုက်ခံရတာနည်းပြီး၊ တချို့သူတွေကျ ခြင်ပိုကိုက်ခံရတတ်ပါတယ်။
သူငယ်ချင်းတွေ၊ တခြားသူတွေနဲ့ အတူတူထိုင်နေရင်း ခြင်တွေက သူတို့ကျသိပ်မကိုက်ဘဲ မိမိတယောက်တည်းကိုပဲ ပိုကိုက်ခံရတာမျိုးနဲ့ ကြုံဖူးကြမှာပါ။
ဒီလိုဖြစ်ရတာဟာ သင့်မှာ တခြားသူတွေထက်စာရင် ခြင်ကို ပိုဆွဲဆောင်တဲ့ အောက်ဖော်ပြပါ အကြောင်းရင်းတွေထဲက တခုခုရှိလို့ ဖြစ်နိုင်ပါတယ်။
၁။ အရောင်တောက်တောက် သို့မဟုတ် အရောင်မှိုင်းမှိုင်းအဝတ်အစားများကို ဝတ်ဆင်ထားခြင်း
လူအတော်များများအနေနဲ့ သိကြတာက ခြင်တွေဟာ မျက်စိမမြင်ကြဘဲ လူတွေရဲ့ ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့ကို ခံပြီး ကိုက်ကြတယ်လို့ သိကြတာပါ။
အမှန်တကယ်ကတော့ ခြင်တွေဟာ မြင်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့်မွန်းလွဲပိုင်းအချိန်တွေမှာဆိုရင် သူတို့ရဲ့ မြင်နိုင်စွမ်းဟာ ပိုပြီးကောင်းပါတယ်။ သူတို့သွေးစုပ်မယ့်သူကိုလည်း အရင်ဆုံး အမြင်အာရုံနဲ့ ရှာပါတယ်။
အဲ့လိုရှာတဲ့အခါမှာ အရောင်တောက်တောက် (ဥပမာအနီရောင်) ဝတ်ဆင်ထားသူတွေ၊ အရောင်မှိုင်းမှိုင်း (နက်ပြာရောင်၊ အနက်ရောင်) ဝတ်ဆင်ထားသူတွေဟာ သူတို့အမြင်မှာ ပိုပြီးထင်ပေါ်တဲ့အတွက် သူတို့ပစ်မှတ်ဖြစ်သွားပြီး ပိုအကိုက်ခံရလေ့ရှိပါတယ်။
ဒါကြောင့် တခြားသူတွေထက် ခြင်ပိုအကိုက်မခံရအောင်ဆိုရင် အရောင်မှိုင်းမှိုင်း သို့မဟုတ် အရောင်တောက်တောက်တွေ ဝတ်ဆင်တာရှောင်ရပါမယ်။
၂။ သွေးအုပ်စုအမျိုးအစား အိုသွေး ဖြစ်ခြင်း
သုတေသနတွေအရ အိုသွေးပိုင်ရှင်တွေကို ခြင်မတွေဟာ အေသွေးပိုင်ရှင်တွေထက် နှစ်ဆ၊ ဘီသွေးပိုင်ရှင်တွေထက် တဆ ပိုပြီး နှစ်သက်သဘောကျကာ ပိုကိုက်လေ့ရှိကြောင်း အံ့သြဖွယ်ရာ တွေ့ရပါတယ်။
၃။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများခြင်း
ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်တဲ့သူရဲ့ ပေ ၁၆၀ အကွာအဝေးကနေ ခံစားသိနိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ပမာဏများလေ ခြင်တွေကို ပိုဆွဲဆောင်လေဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏထုတ်လွှတ်မှု များတဲ့အတွက် တခြားသူတွေထက်စာရင် ခြင်ပိုကိုက်ခံရနိုင်ပါတယ်။
၄။ ကိုယ်အပူချိန်များခြင်း၊ ချွေးထွက်များခြင်း
ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တမျိုးကိုပဲ အာရုံခံနိုင်တာမဟုတ်ပါဘူး။ ချွေးထဲမှာပါတဲ့ လက်တစ်အက်စစ် (Lactic acid)၊ ယူရစ်အက်စ် (Uric acid)၊ အမိုးနီးယား(Ammonia) စတဲ့ဓာတ်တွေကိုလည်း အာရုံခံနိုင်ပါတယ်။
သုတေသနတွေအရ ခြင်တွေဟာ ပြင်းထန်တဲ့ လှုပ်ရှားမှုကြောင့် ကိုယ်အပူချိန်တက်ပြီး ချွေးထွက်နေတဲ့သူတွေကို ပိုပြီးသဘောကျနှစ်သက်ကြောင်းသိရပါတယ်။
ဒါကြောင့် ကိုယ်အပူချိန်များပြီး ချွေးထွက်သန်တဲ့သူတွေဟာဆိုရင် တခြားသူတွေထက် ခြင်ကိုက်ခံရနိုင်ခြေ ပိုများပါတယ်။
၅။ အရက်ဘီယာသောက်သုံးခြင်း
သုတေသနတွေအရ အရက်ဘီယာ အသောက်များလေလေ၊ ခြင်ကိုက်ခံရပိုများလေလေလို့ သိရပါတယ်။ အရက်ဘီယာသောက်ခြင်းနဲ့ ခြင်ပိုကိုက်ခံရခြင်းအကြား ဆက်နွယ်မှုအတိအကျကိုတော့ မသိရသေးပါ။ ဒါပေမယ့် အရက်ဘီယာသောက်သုံးပြီးနောက် အရေပြားအပူချိန်တိုးလာမှုနဲ့ ချွေးထွက်တဲ့အခါ ချွေးထဲမှာ အီသနောပမာဏများလာမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
၆။ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း
တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့အခါ အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ များနေနိုင်ပါတယ်။
ခြင်တွေဟာ ဘက်တီးရီးယားပိုးမွှားတွေ များတဲ့သူကို ပိုသဘောကျနှစ်ခြိုက်တဲ့အတွက် တကိုယ်ရေသန့်ရှင်းမှု အားနည်းပြီး အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေ များနေတဲ့သူတွေဟာ ခြင်ကိုက်ပိုခံရနိုင်ပါတယ်။
Dr 528