ကိုယ်လုံးတီး အိပ်ခြင်းရဲ့ကောင်းကျိုးများ
အိပ်စက်ခြင်းဆိုတာဟာ လူသားတွေအတွက် အရေးကြီးတဲ့ အရာတခုဖြစ်ပါတယ်။
အိပ်ရေးဝမှသာ မနက်အိပ်ရာထ လန်းဆန်းပြီး တနေကုန် အလုပ်ကောင်းစွာ လုပ်နိုင်မှာပါ။
အိပ်စက်ခြင်းနဲ့ ပတ်သက်ရင် လူအတော်များများအနေနဲ့ အိပ်ရေးဝခြင်းရဲ့ ကောင်းကျိုးတွေ၊ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးတွေလောက်ပဲ အသိများကြပါတယ်။
ဝတ်လစ်စလစ်အိပ်စက်ခြင်း (အဝတ်အစားမဝတ်ဘဲ ကိုယ်လုံးတီးအိပ်စက်ခြင်း) ဖြင့် ရနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေကိုတော့ အသိနည်းကြပြီး အများစုကအိပ်တဲ့အခါမှာ အိမ်နေရင်းအဝတ်အစား သို့မဟုတ် ညအိပ်ဝတ်စုံတွေကို ဝတ်အိပ်လေ့ရှိပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ဝတ်လစ်စလစ်အိပ်စက်ခြင်း (အဝတ်အစားမဝတ်ဘဲ ကိုယ်လုံးတီးအိပ်စက်ခြင်း) ဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ရေးသားတင်ပြချင်ပါတယ်။
သိသလောက်ပြောရရင် ဝတ်လစ်စလစ်အိပ်ပါက ရနိုင်တဲ့အကျိုးကျေးဇူး ၇ ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လျင်မြန်စွာ အိပ်ပျော်စေခြင်း
National Sleep Foundation အဖွဲ့ကြီးရဲ့အဆိုအရ လျင်မြန်စွာ အိပ်မောကျမကျ ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ပေါ်မှာများစွာ မူတည်ကြောင်းနဲ့ ခန္ဓာကိုယ်အပူချိန် အတိုင်းအတာတခုထိ ကျခြင်းဟာ လျင်မြန်စွာ အိပ်မောကျအောင် အထောက်အကူပေးနိုင်ကြောင်း သိရပါတယ်။
အိပ်ခန်းထဲမှာ ဝတ်လစ်စလစ်အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ဟာ အတိုင်းအတာတခုထိ ကျဆင်းပြီး လျင်မြန်စွာ အိပ်ပျော်စေပါတယ်။
၂။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း
သုတေသနတွေအရ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ဆိုရင် အိပ်ခန်းတခုရဲ့ အပူချိန်ဟာ 15 to 19°C ရှိရပါမယ်။
အပူချိန် အရမ်းပူတာ အရမ်းအေးတာတွေဟာ အိပ်စက်ခြင်းရဲ့ REM အဆင့်ကို ထိခိုက်စေနိုင်ပြီး တရေးနိုးလန့်နိုးတာတွေဖြစ်စေကာ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကို မကြည်မလင် ဖြစ်စေနိုင်ပါတယ်။
အိပ်ခန်းထဲက အိပ်ရာထဲမှာ ဝတ်လစ်စလစ်အိပ်စက်ခြင်းဟာ အရမ်းအေးတာကို မဖြစ်စေနိုင်သလို အရမ်းပူတာကိုလည်း မဖြစ်စေနိုင်ဘဲ ကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကြောင်း သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။
၃။ အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း
အဝတ်ဝတ်အိပ်တဲ့အခါမှာ ပူတာ၊ ကြပ်တာ၊ ခန္ဓာကိုယ် လေဝင်လေထွက်မကောင်းဘဲ အပူကိုလှောင်ထားသလိုဖြစ်တာတွေနဲ့ ကောင်းကောင်းအိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေကြောင့် အရေပြားဟာအရွယ်မတိုင်မှီ အိုမင်းရင့်ရော်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဝတ်လစ်စလစ်အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်ပြီး အရေပြားလေဝင်လေထွက်လည်း ကောင်းတာကြောင့် အသားအရေကို နုပျိုကျန်းမာစိုပြည်စေပါတယ်။
၄။ အဆီပိုတွေကို ကျစေခြင်း
အိပ်ခန်းထဲက အိပ်ရာပေါ်မှာ အဝတ်အစားမဝတ်ဘဲ အိပ်ရုံနဲ့ အဆီကျမယ်ဆိုတော့ တချို့က မဖြစ်နိုင်ဘူးလို့ ထင်ကြပါမယ်။
လေ့လာချက်တွေအရ ဝတ်လစ်စလစ်အိပ်လို့ ကိုယ်အပူချိန်ကျလာပြီး အေးလာတဲ့အခါမှာ ခန္ဓာကိုယ် ပြန်နွေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဖြစ်စဉ် Metabolism ကမြန်လာပြီး ကယ်လိုရီတွေအများကြီးကို လောင်ကျွမ်းစေပါတယ်။
အဲ့အခါမှာ အဆီပိုတွေကို ကျစေပြီး ခန္ဓာကိုယ်ဟာလည်း သွယ်လျလာပါတယ်။
၅။ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ နည်းစေခြင်း
ဝတ်လစ်စလစ်အိပ်ခြင်းဖြင့် အရေပြားလေဝင်လေထွက် ကောင်းရုံသာမက သွေးလည်ပတ်စီးဆင်းမှုလည်း ပိုကောင်းလာတဲ့အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။
၆။ လိင်အင်္ဂါကျန်းမာရေးကို အထောက်အကူပြုခြင်း
ညအိပ်တဲ့အခါ ကြပ်တဲ့အတွင်းခံဘောင်းဘီတွေ ဝတ်အိပ်ခြင်းဟာ လိင်အင်္ဂါနေရာမှာ ချွေးထွက်စိုစွတ်တာကိုဖြစ်စေပြီး မှိုပိုးပေါက်ပွားစေနိုင်ကာ လိင်အင်္ဂါကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဝတ်လစ်စလစ်အိပ်ခြင်းဖြင့် လေဝင်လေထွက်ကောင်းစေတဲ့အတွက် ချွေးထွက်စိုစွတ်တာတွေ၊ မှိုစွဲတာတွေ မဖြစ်နိုင်ပါဘူး။
၇။ အိမ်ထောင်ဖက်နဲ့ သံယောဇဉ်ပိုခိုင်မာစေခြင်း
ဝတ်လစ်စလစ်အိပ်စက်ခြင်းကြောင့် အသားအသားချင်း ပိုမိုထိတွေ့နိုင်ပြီး Oxytocin ဆိုတဲ့ဟော်မုန်းကိုလည်း များများထွက်စေနိုင်ပါတယ်။
Oxytocin ဟော်မုန်းဟာ အိမ်ထောင်ဖက်တဦးနဲ့ တဦးကြား သံယောဇဉ်ကို ပိုမိုခိုင်မာစေပြီး လိင်ဆက်ဆံရာမှာလည်း ခံစားမှု ပိုကောင်းလာစေနိုင်ပါတယ်။
Dr 528