ကြက်ဥ ဘဲဥဆိုတာဟာ ကမ္ဘာတလွှားနေ့စဉ်အစားများတဲ့အစားစာတွေဖြစ်ပါတယ်။
အသား၊ငါး တွေလို ဈေးလည်းမကြီး အလွယ်တကူဝယ်လို့ရတဲ့အပြင် နည်းမျိုးစုံနဲ့အလွယ်တကူချက်ပြုတ်စားသောက်လို့ရတဲ့အတွက် ကြက်ဥ၊ ဘဲဥကို အစားများကြခြင်းဖြစ်ပါတယ်။
ဒီလို ကျွန်တော်တို့တတွေ အစားများကြတဲ့ ကြက်ဥ၊ ဘဲဥထဲက ဒီတပတ်မှာ ဘဲဥအကြောင်းနဲ့ ဘဲဥစားခြင်းဟာ ကျန်းမာရေးကို ဘယ်လိုအကျိုးရှိစေနိုင်လဲဆိုတာကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။
ဘဲဥဟာ ကြက်ဥထက်ပိုအရွယ်အစားကြီးပြီး အာဟာရတန်ဖိုးလည်း ပိုပါဝင်ကာ ပိုစားလို့လည်း ကောင်းပါတယ်။
အခွံကလည် းကြက်ဥထက်ပိုထူတဲ့အတွက် ပိုပြီးအထားခံပါတယ်။
ဈေးနှုန်းအနေနဲ့ကြည့်ရင်လည်း ကြက်ဥထက် အနည်းငယ် ပိုဈေးများပါတယ်။
ဘဲဥတလုံးမှာ ပရိုတင်းဓါတ်၊ အဆီဓါတ်၊ ဇင့်ဓါတ်၊ ဆိုဒီယမ်ဓတ်၊ ဆီလီနီယမ်ဓါတ်၊ ကိုလင်းဓါတ်၊ ဗီတာမင် အေ၊ ဘီ၊ ကယ်လ်ဆီယမ်ဓါတ်၊ သံဓါတ်စတဲ့ အဖိုးတန်အာဟာရဓါတ်တွေ များစွာပါဝင်နေပါတယ်။
ဒီလိုအဖိုးတန် အာဟာရဓါတ်တွေ များစွာပါတဲ့အတွက် ဘဲဥဟာ ကျန်းမာရေးအတွက် များစွာအကျိုးပြုပါတယ်။
ဘဲဥစားခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိသလောက်တင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဘဲဥမှာပါတဲ့ လူတင်နဲ့ ဇီဇန်တင်း စတဲ့ ပရိုတင်းဓါတ်တွေဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အသက်ကြီးလာချိန်မှာ မျက်စိဆဲလ်တွေပျက်စီးပြီးဖြစ်တဲ့ မျက်စိရောဂါတွေနဲ့ အတွင်းတိမ်ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ဘဲဥဟာ သံဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရှိအရိုးများကို သန်စွမ်းကြံ့ခိုင်ဖွံ့ဖြိုးစေရုံ သာမက သွေးအားနည်းခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဘဲဥစားရင် ကိုလက်စထေရောဓါတ်မြင့်တက်ပြီး သွေးကြောကျဉ်းတာ၊ နှလုံးကျန်းမာရေးထိခိုက်တာတွေဖြစ်မယ်လို့ တချို့ကထင်ကြပါတယ်။ အဲ့ဒါဟာမှားပါတယ်။ ဘဲဥမှာ ကောင်းတဲ့အဆီဓါတ်ဖြစ်တဲ့ အိုမီဂါသရီးကြွယ်ဝစွာပါဝင်ပါတယ်။
အိုမီဂါသရီးဓါတ်ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုရုံသာမက ဦးနှောက်မှတ်ဉာဏ်အတွက်လည်း များစွာအကျိုးပြုကြောင်းသုတေသနတွေအရ သိရပါတယ်။
ဘဲဥအနှစ်မှာကြွယ်ဝစွာပါတဲ့ ကိုလင်း (Choline) ဓါတ်ကလည်း အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကိုအားကောင်းစေပြီး ဦးနှောက်မှတ်ဉာဏ်နဲ့ စဉ်းစားဉာဏ်အတွက်လွန်စွာ အထောက်အကူပြုပါတယ်။ ကိုလင်းဓါတ်ဟာ သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှု အတွက်လည်း အရေးပါပါတယ်။
ဘဲဥမှာပါတဲ့ ဗီတာမင်အေဓါတ်ကလည်း အသားအရေ၊ ဆံသားနှင့် လက်သည်းကျန်းမာသန်စွမ်းရေးအတွက် အထောက်အကူပြုပါတယ်။
မြန်မာ့ဆေးကျမ်းတချို့နဲ့ဥတုဘောဇနကျမ်းမှာ …..
– ဘဲဥဟာ အအေးဓါတ်ရှိပြီး အရသာက ချိုကာ စိတ်၊ အဆုတ်၊ သရက်ရွက်တို့ကို အားဖြည့်ပေးနိုင်ကြောင်း
– ဘဲဥစားခြင်းဖြင့် ကိုယ်တွင်းအပူဓါတ်ကို ဖယ်ရှားပေးနိုင်ကာ အဆုတ်ကို သန့်ရှင်းစေနိုင်ကြောင်း
– အပူကြောင့်ဆိုးသော ချောင်းကို သက်သာပျောက်ကင်းစေနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ကျွန်တော်တို့ဆီက မိဘအချို့အနေနဲ့က စာမေးပွဲဖြေခါနီးနဲ့ စာမေးပွဲဖြေနေစဉ်ကာလမှာ စာမေးပွဲဖြေမယ့်သားသမီးတွေကို ဘဲဥကျွေးတာကိုရှောင်ကြပါတယ်။
ဘာလို့လဲဆိုတော့ အဲ့အချိန်တွေမှာဘဲဥကျွေးရင် စာမေးပွဲမှာဘဲဥမကွဲ (အမှတ်မကောင်း၊ ရလဒ်မကောင်း) ဖြစ်တတ်တယ်ဆိုတဲ့ အယူကို ယုံကြည်ကြလို့ပါ။
ဒီလိုယုံကြည်ပြီး စာမေးပွဲဖြေခါနီးကာလနဲ့ ဖြေနေစဉ်မှာ စာမေးပွဲဖြေမယ့်ကလေးတွေကို ဘဲဥမကျွေးတာဟာ မှားပါတယ်။
ဘဲဥမှာက ဦးနှောက်မှတ်ဉာဏ်၊ စဉ်းစားဉာဏ် အတွက် နဲ့ ခန္ဓာကိုယ်ကျန်းမာအားရှိဖို့အတွက် အကျိုးပြုအာဟာရဓါတ်တွေအများကြီးပါနေလို့ပါ။
ဒါကြောင့်အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ စာမေးပွဲဖြေမယ့်ကလေးတွေဆိုရင် ဘဲဥ များများစားဖို့သင့်ကြောင်း အကြံပြုချင်ပါတယ်။
Dr 528