ပေါ့ဆလို့မရတဲ့ ချော်လဲခြင်း
လူထိခိုက်ဒဏ်ရာရမှုကို ဖြစ်စေသော အကြောင်းရင်းကိစ္စများစွာ ရှိပါတယ်။
ထိုအထဲမှာ ယာဉ်မတော်တဆမှုဟာ ထိပ်ဆုံးကအကြောင်းရင်း ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှု ပြီးရင်တော့ ချော်လဲကျမှုဟာ လူထိခိုက်ဒဏ်ရာရခြင်းကို အများဆုံးဖြစ်စေသော အကြောင်းရင်းကိစ္စတခု ဖြစ်ပါတယ်။
သုတေသနတွေအရ ကမ္ဘာနဲ့အဝှမ်း နှစ်စဉ် လူဦးရေ ၃၇ သန်းခန့်လောက်ဟာ ချော်ကျတာ လဲကျတာတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံနေရကြောင်း သိရပါတယ်။
သာမန်လူအများစု ထင်ကြတာကတော့ ချော်ကျတယ် လဲကျတယ်ဆိုတာဟာ အမြင့်ကိုတက်လို့ သို့မဟုတ် မြင့်ရာကနေ အောက်ကိုဆင်းလို့ ပြေးလွှားလို့ ဖြစ်တယ်လို့ ထင်ကြပါတယ်။
ဒါဟာမှားပါတယ်။
လေ့လာမှုတွေအရ ချော်ကျတာ လဲကျတာ တွေရဲ့ ၆၇ ရာခိုင်နှုန်းခန့်ဟာ ပြင်ညီမျက်နှာပြင်မှာ ပုံမှန်သွားလာလှုပ်ရှားနေရင်းနဲ့ ဖြစ်တာဖြစ်ပါတယ်။
၃၀ ရာခိုင်နှုန်းခန့်လောက်ကပဲ အမြင့်ပေါ်တက်တာ (ဥပမာ-ခေါင်မိုးပေါ်တက်တာ၊ လှေကားပေါ်တက်တာ၊ သစ်ပင်တက်တာစသဖြင့်) နဲ့ အမြင့်ပေါ် သို့မဟုတ် ပြင်ညီပေါ်ကနေအောက်ဆင်းတာ (လှေကားဆင်းတာ၊ ခုန်ချတာစသဖြင့်) တွေမှာ ဖြစ်တာပါ။
ပြောချင်တာကတော့ ချော်ကျ လဲကျတာဟာ ဘယ်နေရာမှာမဆိုဖြစ်နိုင်ကြောင်း ပြောချင်တာပါ။
အိမ်ခေါင်မိုး၊ ကျောက်ဆောင်ကမ်းပါး၊ သစ်ပင် စတဲ့နေရာတွေပေါ် အတက်အဆင်းလုပ်မှ ဖြစ်တာ၊ ပြေးမှဖြစ်တာ မဟုတ်ဘဲ ပြင်ညီမျက်နှာပြင်ရှိတဲ့ အိမ်ထဲ စူပါမားကတ်ထဲ ရေချိုးခန်းထဲ အိမ်သာထဲ လမ်းပေါ် ပုံမှန်သွားလာနေရင်းနဲ့ကို ဖြစ်တတ်ပါတယ်။
အထူးသဖြင့် ကိုယ်သွားလာတဲ့နေရာဟာ မှောင်နေရင်၊ခလုတ်ကသင်းတွေများနေရင်၊ မျက်နှာပြင်မညီညာရင်၊ စိုစွတ်နေရင်၊ အင်ဂျင်ဝိုင်၊ ဆီ တခုခုဖိတ်ကျထားရင် ချော်ကျ လဲကျနိုင်ခြေ ပိုများပါတယ်။
ချော်ကျတာ လဲကျတာက တခါတရံမှာ အနည်းငယ်နာကျင်မှု ခံစားရရုံလောက်နဲ့ ပြီးသွားတာရှိပေမယ့် တခါတရံမှာကျ အရိုးအက်တာ ကျိုးတာအထိဖြစ်ပြီး အခန့်မသင့်ရင် ဒုက္ခိတဘဝရောက်သည်အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ချော်ကျ လဲကျ တာတွေဖြစ်နိုင်ခြေနဲအောင် ဆောင်ရ ရှောင်ရမယ့် အချက်လေးတွေကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။
၁။ လမ်းလျှောက်တဲ့အခါ ဖုန်းပြောရင်း ဖုန်းသုံးရင်း လျှောက်တာ၊ စာအုပ်ဖတ်ရင်း လျှောက်တာတွေကို ရှောင်ပါ။
၂။ ပစ္စည်းတွေသယ်ပြီး လျှောက်ရတဲ့အခါကျ ကိုယ့်မြင်ကွင်းကို ကွယ်မယ့်အမြင့် ပမာဏထိ မသယ်ပါနဲ့။
၃။ မှောင်တဲ့နေရာ၊ အလင်းရောင်ကောင်းကောင်းမရတဲ့ နေရာတွေကို သွားလာရပါက ဓါတ်မီးယူပြီး ထွန်းသွားပါ။
၄။ မိမိအိမ်မှာ ခင်းထားတဲ့ကော်ဇော၊ ဖယောင်းပုဆိုးတွေ ပြုတ်နေတာရှိပါက ချည်တုပ်ထားပါ။ ကြမ်းပြင်ပေါ်မှာ တမံတလင်းပေါ်မှာ လှေကားပေါ်မှာ ဆီ၊ ရေ တခုခုဖိတ်နေတာ၊ သရက်စေ့၊ ငှက်ပျောခွံကျနေတာ စသဖြင့်ရှိပါက အချိန်မဆွဲဘဲ သန့်ရှင်းရေးလုပ်ပါ။
၅။ ရေချိုးခန်းကို မချော်အောင် တိုက်ချွတ်ဆေးကြောပါ။ ဖြစ်နိုင်ရင် ရေချိုးခန်းထဲမှာ လက်ကိုင်တန်းလေးတွေတပ်ထားပါ။
၆။ သင့်တော်မယ့်မချော်တဲ့ မျက်နှာပြင်ပါတဲ့ ဖိနပ်ကို စီးပါ။ မိုးရွာတဲ့အချိန်တို့ စိုစွတ်တဲ့ မျက်နှာပြင်ပေါ် သွားရမယ့်အခါမျိုးတွေမှာ ကတ္တီပါဖိနပ်၊ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။
၇။ မူးယစ်ဆေးဝါးသုံးတာ၊ အရက်သောက်တာတွေ ရှောင်ပါ။ အိပ်ရေး၀၀အိပ်ပါ။ မူးယစ်ဆေးဝါးသုံးတာ အရက်သောက်တာ အိပ်ရေးပျက်တာတွေက သင့်ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းနိုင်မှုကို လျော့ကျစေတဲ့အတွက် ချော်လဲနိုင်ခြေကို ပိုများစေနိုင်ပါတယ်။
၈။ ခေါင်းထဲ မူးနောက်နောက်ဖြစ်ရင် မကြည်မလင်ဖြစ်ရင် မတ်တပ်ရပ်အနေထားနဲ့ မနေပါနဲ့။ ချက်ချင်းထိုင်ချလိုက်ပါ။
၉။ အစာအာဟာရမျှတအောင် စားပါ။
အသား ငါး ဥ နို့ထွက်ပစ္စည်းတွေကို စုံလင်မျှတအောင်စားပေးပါ။ ဒီလိုစားပေးခြင်းဖြင့် အရိုးသိပ်သည်းဆနဲ့ ကြွက်သားသန်မာမှုကို အထောက်အကူဖြစ်စေပြီး ချော်လဲကျခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
Dr 528