ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနဲ့အိပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့်ဆိုးကျိုးများ
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ခေါင်းလျှော်ဖြစ်မယ်လို့ ထင်ပါတယ်။
ခေါင်းလျှော်တဲ့အခါ အလုပ်အားမအား အချိန်အားမအားပေါ်မူတည်ပြီး မနက်လျှော်ရတာမျိုးလည်းရှိနိုင်သလို ညအိပ်ခါနီးမှ လျှော်ရတာမျိုးလည်းရှိနိုင်ပါတယ်။
မနက်လျှော်တာကကိစ္စမရှိပေမယ့် ညဘက်လျှော်တဲ့အခါကျ တနေကုန်အလုပ်လုပ်ပြီးလို့ပင်ပန်းတာကြောင့်ဖြစ်ဖြစ် သို့မဟုတ် တခြားသူတွေ လူကြီးမိဘတွေ အိပ်မောကျနေစဉ် ဆူညံသံမဖြစ်စေလိုတာကြောင့်ဖြစ်ဖြစ် ဆံပင်ခြောက်အောင် အခြောက်ခံစက် (Hair dryer) ကို မသုံးဘဲ ရေစိုကြီးနဲ့ ရေမခြောက်တခြောက်နဲ့ အိပ်ရာဝင်တတ်ကြပါတယ်။
အဲ့ဒီအခါကျ မနက်အိပ်ရာထတဲ့အခါ ခေါင်းအုံတာ ၊ခေါင်းကိုက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အတော်များများအနေနဲ့လည်း ခံစားဖူးကြမှာပါ။
သေချာပြောရရင် ခေါင်းရေမခြောက်သေးဘဲနဲ့ အိပ်တာဟာ ခေါင်းကိုက်တာ ခေါင်းအုံတာ အပြင် တခြားဆိုးကျိုးတွေကိုလည်းဖြစ်စေတတ်ပါတယ်။
ခေါင်းရေမခြောက်သေးဘဲ အိပ်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိသလောက်ရေးသားတင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဆံပင်တွေကျိုးကျေနိုင်ခြင်း
လေ့လာမှုတွေအရ ဆံပင်ဟာ စိုနေတဲ့အခါမှာ ပိုပြီးကျိုးကျေနိုင်ခြေများကြောင်း သိရပါတယ်။ ဆံပင်ဟာ သူ့အလေးချိန်ရဲ့ ၄၅ ရာခိုင်နှုန်းရှိတဲ့ ရေပမာဏကို စုပ်ယူထားနိုင်ပါတယ်။
အိပ်တဲ့အချိန် ခေါင်းကို ဟိုဘက်ရွေ့ဒီဘက်ရွေ့တဲ့အခါ ရေစိုပြီးလေးနေတဲ့ ဆံပင်ကို ဆွဲသလို ဖြစ်ပြီး ဆံပင်တွေကျိုးကြေစေနိုင်ပါတယ်။ အဲ့အခါကျ ဆံသားတွေကြွပ်ဆတ်ပြီး ခြောက်ဖွာလာနိုင်ပါတယ်။
၂။ ဆံပင်ထွေးခြင်းကိုဖြစ်စေခြင်း
ရေစိုဆံပင်နဲ့ အိပ်ရာဝင်ရင် နိုးလာတဲ့အခါမှာ ဆံပင်တွေဟာ ရှုပ်ထွေးနေတတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ ဆံပင်တွေဟာ ဘီးနဲ့ဖြီးတဲ့အခါမှာ ဆံပင်ပိုကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၃။ ဆံပင်အရောင်ကို မွဲစေနိုင်ခြင်း
ဆံသားအရောင် စိုစိုလေးဖြစ်နေတယ်ဆိုတာဟာ ဦးရေပြားကနေထွက်တဲ့အဆီ (Scalp oil) ကြောင့်ပါ။ ခေါင်းအစိုကြီးနဲ့ အိပ်တဲ့အခါကျ ဦးရေပြားကထွက်တဲ့အဆီဟာ ခြောက်သွားတဲ့အတွက် ဆံပင်အရောင်မွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ ဗောက်ထခြင်းကိုဖြစ်စေနိုင်ခြင်း
ဗောက်ထတာဟာ မှိုရောဂါတမျိုးပါ။ မှိုပိုးဟာ ပူနွေးစိုစွတ်တဲ့ အခြေအနေကို ကြိုက်နှစ်သက်ပြီး ထိုအခြေအနေမှာ တအားပေါက်ပွားပါတယ်။
ခေါင်းရေစိုနဲ့ အိပ်ခြင်းဟာ မှိုပိုးဝင်ရောက်ဖို့ စွဲကပ်ဖို့ရန် အကြိုက်တွေ့စေတဲ့ အခြေအနေဖြစ်နေတဲ့အတွက် မှိုပိုးဝင်ရောက်စွဲကပ်ပြီး ဗောက်ထခြင်းကို ဖြစ်စေနိုင်ပါတယ်။
၅။ ဘက်တီးရီးယားပိုး ဝင်ရောက်မှုကို ဖြစ်စေနိုင်ခြင်း
ခေါင်းရေစိုနဲ့ အိပ်တဲ့အခါ ခေါင်းမှာရှိတဲ့ရေတွေက ခေါင်းအုံးကိုပါ စိုစေပါတယ်။
အဲ့အခါမှာ ကြာလာရင် ခေါင်းအုံးမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ခေါင်းအုံးမှတဆင့် ဦးရေပြားနဲ့ မျက်နှာအရေပြားဆီ ဝင်ရောက်ကူးစက်နိုင်ပါတယ်။
ဦးရေပြားဆီ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်တဲ့အခါ ဆံပင်တွေ အကွက်လိုက် ကျွတ်တာမျိုးလို ဦးရေပြားဆိုင်ရာ ပြႆနာတွေဖြစ်လာနိုင်ပါတယ်။
မျက်နှာအရေပြားဆီ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်တဲ့အခါ ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။
ဒါတွေကတော့ သိသလောက် ခေါင်းရေစို (ဆံပင်ရေစို) နဲ့ အိပ်ခြင်းကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လောက် ပင်ပန်းနွမ်းနေသည်ဖြစ်စေ အိပ်ချင်သည်ဖြစ်စေ ခေါင်းလျှော်ပြီးပါက ဆံပင်ကို ခြောက်အောင်သေချာလုပ်ပြီးမှ အိပ်ပါလို့မှာချင်ပါတယ်။
ခုခေတ်မှာ ဆူညံတဲ့ သိပ်မထွက်တဲ့ Hair dryer လေးတွေလည်း ပေါ်နေပါပြီ။ Hair dryer မသုံးချင်ဘူးဆိုပါက ပန်ကာရှေ့ထိုင်ပြီး ပန်ကာလေနဲ့ ဆံပင်ခြောက်အောင် လုပ်နိုင်ပါတယ်။
အကြာကြီးတော့ မလုပ်ပါနဲ့။ အအေးမိနိုင်ပါတယ်။
Dr သီတာနွယ်(အမရပူရ)