မျက်ကပ်မှန်တပ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်အချက်များ
ခုခေတ်မှာ ကိုင်းမျက်မှန်တွေတပ်တာအစား မျက်ကပ်မှန်တွေကို ပြောင်းတပ်လာကြပါတယ်။
မျက်ကပ်မှန်မှာကာလာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံရှိပြီး မျက်လုံးအလှကို ပိုပေါ်လွင်အောင် လုပ်လို့ရပါတယ်။
ဒါကြောင့် တချို့တွေအနေနဲ့ မျက်ကပ်မှန်ကို အမြင်အာရုံချို့ယွင်းမှုကြောင့် တပ်တာမဟုတ်ဘဲ အလှအပအတွက် တပ်တာမျိုးတွေလည်းရှိလာပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲတပ်တပ် မျက်ကပ်မှန်တပ်တဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းအချက်တွေရှိပါတယ်။
လိုက်နာရမယ့်စည်းကမ်းအချက်တွေကို မလိုက်နာရင် ပိုးဝင်တာ၊ မျက်ကြည်လွှာရောင်တာစတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီတပတ်မှာ မျက်ကပ်မှန်သုံးတဲ့အခါ ဆောင်ရ၊ ရှောင်ရမည့် အချက်လေးတွေကို သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။
၁။ မျက်ကပ်မှန်မတပ်ဆင်မှီနဲ့ မျက်ကပ်မှန်ဖြုတ်ခါနီးမှာ လက်ကို အရင် ဆပ်ပြာနဲ့သေချာဆေးပြီး အဝတ်သန့်နဲ့ ပြောင်အောင်သုတ်ပြီးမှ မျက်ကပ်မှန်ကို ကိုင်တွယ်အသုံးပြုပါ။
၂။ မျက်ကပ်မှန်တပ်တဲ့အခါ အများဆုံးကြာအချိန်အနေနဲ့ တနေ့ကို ၁၀ နာရီ ကနေ ၁၂ နာရီထိပဲ တပ်ထားသင့်ပါတယ်။ တပ်ထားတဲ့အချိန်မှာလည်း အချိန်မှန် မျက်စဥ်းခတ်ဖို့ မမေ့သင့်ပါ။
တနေ့ကို ၁၂ နာရီထက် ပိုကြာအောင် မတပ်ပါနဲ့။
အဲ့ထက်ပိုကြာအောင်တပ်ထားရင် မျက်ကပ်မှန်ခြောက်သွေ့ပြီး မျက်စိယားယံတာ၊ နီရဲတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၃။ မျက်ကပ်မှန်ဝတ်ဆင်ပြီး အိပ်ရာမဝင်သင့်ပါ။
တချို့သူတွေဟာ တခါတလေမှာ မျက်ကပ်မှန်ချွတ်ဖို့မေ့သွားပြီး မျက်ကပ်မှန်တပ်ထားလျက်နဲ့ အိပ်ရာဝင်မိတတ်ကြပါတယ်။ အဲ့အခါမှာ မျက်လုံးတွေဟာ အောက်စီဂျင် ကောင်းစွာမရတာကြောင့် မျက်လုံးအောင့်တာ အမြင်အာရုံထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်ကြည်လွှာကိုပါ ထိခိုက်စေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ညဘက်အိပ်ရာဝင်ခါနီးကျ မျက်ကပ်မှန်ကို ချွတ်ဖို့လိုပါတယ်။
မျက်ကပ်မှန်တပ်ပြီး ခဏတဖြုတ် အိပ်ငိုက်တာမျိုးကတော့ ရပါတယ်။
၄။ မျက်ကပ်မှန်တပ်ဆင်ပြီး ရေချိုးတာ၊ ရေကူးတာတွေ မလုပ်ရပါ။
မျက်ကပ်မှန်တပ်ဆင်ပြီး ရေချိုး၊ ရေကူးတာတွေလုပ်တဲ့အခါ ရေ၊ ဆပ်ပြာမှာပါတဲ့ ဓါတ်ပစ္စည်းတွေနဲ့
မျက်ကပ်မှန်နဲ့ထိမိပြီး မျက်စိနာတာ၊ မျက်စိရောင်ရမ်းတာ တွေဖြစ်နိုင်ပါတယ်။
ဒါ့အပြင် မျက်စိရောဂါပိုးတွေ ကူးစက်လွယ် စေနိုင်ပါတယ်။
၅။ မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်နဲ့ ပုံမှန်သန့်စင်ဆေးကြောပေးဖို့လိုသလို မျက်ကပ်မှန်ထည့်သိမ်းတဲ့ဘူးကိုလည်း အခါအားလျော်စွာ ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။
၆။ မျက်ကပ်မှန်ရဲ့ သက်တမ်းကုန်ဆုံးရက်ကို သေချာမှတ်ပြီး သက်တမ်းကုန်ဆုံးချိန်မှာ အသစ်လဲပေးပါ။
အကြမ်းအားဖြင့် မျက်ကပ်မှန် အမာအမျိုးအစားများကို ရက်သတ္တပတ် အနည်းငယ်မှ နှစ်လလောက်ထိ အသုံးပြုနိုင်ပြီး မျက်ကပ်မှန် အပျော့အမျိုးအစားတွေကိုတော့ ရက်အနည်းငယ်မှ တပတ်အထိ အသုံးပြုနိုင်ပါတယ်။
၇။ မျက်ကပ်မှန်တပ်ထားတဲ့အခါ ခုလုခုလု ဖြစ်တာမျိုးရှိရင် မျက်စိဆရာဝန်နဲ့ပြဖို့လိုပါတယ်။
စတပ်ခါစကြောင့်လည်းဖြစ်နိုင်သလို မျက်ကပ်မှန်ရဲ့ ဘေးနှုတ်ခမ်းလေးတွေပဲ့နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဘေးနှုတ်ခမ်းပဲ့တဲ့မျက်ကပ်မှန်ကို တပ်မိရင် မျက်စိကို ဒုက္ခပေးနိုင်ပါတယ်။
မျက်ကပ်မှန်ရဲ့ ဘေးနှုတ်ခမ်းလေးတွေပဲ့နေတာဟာ ဒီအတိုင်းကြည့်ရင် သိဖို့မလွယ်ပါဘူး။ မျက်စိဆေးခန်းမှာ စစ်ကြည့်ဖို့လိုပါတယ်။
Dr သီတာနွယ်(အမရပူရ)