ပီကေ မျိုချမိရင် စိုးရိမ်ရသလား ?
ပီကေ ကို အင်္ဂလိပ်လို Chewing gum လို့ခေါ်ပါတယ်။ပီကေပေါ်ခဲ့တာဟာ နှစ်ရာချီကြာခဲ့ပါပြီ။
ပီကေဟာ စားစရာ သောက်စရာ တခုမဟုတ်ဘဲ အပျင်းပြေ ဝါးစရာ အရာတခုသာဖြစ်ပါတယ်။ဝါးပြီး အချိန်တခုကြာတဲ့အခါ ထွေးထုတ်ပစ်ဖို့လိုပါတယ်။
ရှေးအရင်တုန်းကတော့ ပီကေကို spruce or Manilkara chicle စတဲ့အပင်တွေကနေရသော အရည်ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ Synthetic rubber(လူလုပ်ရာဘာ) ခေါ် ရေနံကနေ ချက်လုပ်လို့ ထွက်လာတဲ့ Polymers ပစ္စည်းတွေကနေ ထုတ်လုပ်ပါတယ်။
အချိုအရသာ၊ပူရှိန်းအရသာ၊ငှက်ပျောအနံ့၊စတော်ဘယ်ရီအနံ့ စသဖြင့် အနံ့အရသာအမျိုးမျိုးပေါင်းထည့်ထားပြီး ပုံစံအမျိုးမျိုးအနေနဲ့ထုတ်လုပ်ပါတယ်။
ဘယ်လိုအနံ့အရသာ၊ဘယ်လိုပုံစံပဲရှိရှိ ပါးစပ်ထဲဝါးလို့ အချိန်တခုကြာပြီး အနံ့အရသာ ကုန်သွားတဲ့အခါကျ ပါးစပ်ထဲမှာ ဘာအရသာမှမရှိတော့ဘဲ ခပ်ပျော့ပျော့ရာဘာ အလုံးအခဲကို ဝါးနေရသလို ခံစားရမှာပါ။
အဲ့ဒီအခါကျရင်တော့ ထွေးထုတ်ပစ်သင့်ပါပြီ။ထွေးမထုတ်ဘဲ ဆက်ဝါးနေလည်းရတော့ရပါတယ်။မဝါးချင်တော့ရင်တော့ ထွေးထုတ်ပစ်ဖို့လိုပါတယ်။
ပီကေ ဝါးနေရင်နဲ့ မတော်တဆ လည်ချောင်းထဲမျိုချသွားတာမျိုးကို အတော်များများကြုံဖူးမှာပါ။
အရပ်ထဲမှာတော့ ပီကေမျိုချမိရင် မျိုချလိုက်တဲ့ပီကေ ဟာ ဗိုက်ထဲမှာ ၇ နှစ်အထိရှိနေမယ် ၇နှစ်ပြည့်မှ အဲ့ပီကေကို ခန္ဓာကိုယ်က ချေဖျက်နိုင်မယ်လို့ ရှေးလူကြီးတွေက ပြောကြပါတယ်။
ဒါဟာမှားပါတယ်။
ပီကေကို မျိုချမိတဲ့အခါ ပီကေမှာပါတဲ့ အချိုဓါတ်နဲ့ဓါတ်ပစ္စည်းတွေကို အစာချေစနစ်က ချေဖျက်နိုင်ပေမယ့် ပီကေအသားကတော့ Synthetic rubber နဲ့လုပ်ထားတဲ့အတွက် အစာချေစနစ်က မချေဖျက်နိုင်ပါဘူး။
ဒီလိုမချေဖျက်နိုင်လို့ ဗိုက်ထဲမှာ ၇ နှစ်ကြာအောင် ကျန်နေမလားဆိုတော့လည်း မဟုတ်ပါဘူး။
အချိန်တန်လို့ (၂၄နာရီကနေ ၇၂နာရီ)လောက်ကြာသွားပြီးရင်တော့ စွန့်ထုတ်လိုက်တဲ့မစင်နဲ့အတူ ခန္ဓာကိုယ်အပြင်ဘက်ထွက်လာနိုင်ပါတယ်။
ဒါကြောင့် ပီကေ မျိုချမိရင် အများအားဖြင့် စိုးရိမ်စရာမလိုဘဲ ဘာမှမဖြစ်တတ်ပါ။
သို့ပေမယ့် ပီကေ ကို အများကြီးမျိုချမိရင် သို့မဟုတ် မကြာမကြာမျိုချမိရင်ကျ မျိုချလိုက်တဲ့ပီကေ တခုနဲ့တခု ဟာ အထဲမှာလုံးထွေးပေါင်းစုသွားပြီး အလုံးကြီးဖြစ်သွားကာ အူလမ်းကြောင်းကို ပိတ်ဆို့သွားနိုင်ပါတယ်။
အဲ့အခါကျရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။
အူပိတ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာတွေကတော့
ဗိုက်အောင့်တာ၊ဗိုက်မအီမသာဖြစ်တာ၊အစားအသောက်ပျက်တာ၊ဗိုက်ကြီးတင်းဖောင်းလာတာ၊ဖျားတာ၊အန်တာ စသဖြင့်ပါ။
တကယ်လို့ပီကေ မျိုချပြီးနောက်ရက်တွေမှာ ဒီလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကလေးတွေကို ပီကေဝါးပြီးရင် ထွေးထုတ်ဖို့သေချာမှာကြားပါ။
ပီကေကို ဝါးပြီး ထွေးထုတ်ရမှန်းမသိသေးတဲ့ကလေးအရွယ်တွေကို ပီကေ မကျွေးပါနဲ့။
ပီကေမျိုချမိပြီး အူလမ်းကြောင်းပိတ်တဲ့လက္ခဏာတွေခံစားရပါက နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြပါ လို့ အကြံပေးချင်ပါတယ်။
Dr 528