ရွှေအပ်မှို
သူ့ရဲ့ပုံသဏ္ဍာန်က အပ်လိုပဲ ရှည်မျောမျောသေးသွယ်သွယ်ပုံစံရှိပြီး အဖြူရောင်ရှိပါတယ်။မှိုထိပ်ဖူးကလည်းတခြားမှိုတွေလိုတအားကားပြီးကြီးမနေပါ။
အင်္ဂလိပ်လို Golden Needle Mushroom လို့ခေါ်ပြီး ဂျပန်လို Enoki လို့ခေါ်ပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Flammulina velutipes ဖြစ်ပါတယ်။
သစ်ပင်ကြီးတွေရဲ့ပင်စည်တွေမှာ သဘာဝအတိုင်းပေါက်ရောက်သလို စိုက်ပျိုးလို့လည်းရပါတယ်။စိုက်ပျိုးရလည်းလွယ်ပါတယ်။
သဘာဝအတိုင်းပေါက်ရောက်တဲ့ရွှေအပ်မှိုကတော့ ညိုရွှေရောင် ရှိပါတယ်။
ရွှေအပ်မှိုဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာကော တကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတမျိုးဖြစ်ပါတယ်။
ရွှေအပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ဝက်သားလိပ်ထဲထည့်ကာ ကင်စားတာ၊ဆူရှီထမင်းလိပ်ထဲထည့်စားတာ စသဖြင့် အမျိုးမျိုးလည်းလုပ်စားကြပါတယ်။
ကျွန်တော်တို့ဆီမှာ အများအားဖြင့်တော့ ဟော့ပေါ့တို့ ခေါက်ဆွဲပြုတ်တို့ထဲ ထည့်စားလေ့ရှိပါတယ်။
ရွှေအပ်မှိုမှာ အဆီဓါတ်(ကိုလက်စထရောဓါတ်)လုံးဝမပါရှိဘဲ
ဗီတာမင်ဒီ၊ဖောလိတ်၊ဗီတာမင်ဘီဆစ်၊ပန်သိုတီးနစ်အက်စစ်၊သိုင်ရာမင်း၊ရွိုင်ဘိုဖလေဗင်၊နိုင်ရာဆင်၊အမျှင်ဓါတ်၊ဆိုဒီယမ်၊ပိုတက်စီယမ်၊ကယ်လ်စီယမ်၊ကော့ပါး၊ဇင့်၊မဂ္ဂနီဆီယမ်၊အိုင်ရွန်း အစရှိတဲ့ ဗီတာမင်၊သတ္ထုဓါတ်တွေနဲ့တခြားအကျိုးပြုဓါတ်တွေကြွယ်ဝစွာပါရှိနေပါတယ်။
ဒီလိုလူစားများပြီး အကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့ ရွှေအပ်မှိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။သွေးဖိအားကိုလျော့ကျစေနိုင်ခြင်း
ရွှေအပ်မှိုမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါရှိပါတယ်။ပိုတက်ဆီယမ်ဓါတ်က သွေးကြောတွေကိုကျယ်စေပြီး သွေးစီးဆင်းလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့အတွက် တက်နေတဲ့သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါတယ်။
၂။ကိုယ်တွင်းရှိအဆီဓါတ်တွေကိုလျော့ကျစေနိုင်ခြင်း
ရွှေအပ်မှိုမှာပါတဲ့ linoleic acid ဓါတ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ အဆီဓါတ်တွေကို ချေဖျက်ပေးတဲ့အတွက် ကိုယ်တွင်းမှာ အဆီတွေစုလာပြီး ဝလာခြင်းမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် အဝလွန်ရောဂါဖြစ်နိုင်ခြေနဲအောင်ဆိုရင် ရွှေအပ်မှိုကို မကြာခဏစားသုံးပေးသင့်ပါတယ်။
၃။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း
ရွှေအပ်မှိုဟာ သွေးပေါင်ချိန်တက်နေတာကို လျော့ကျစေနိုင်ပြီး ကိုယ်တွင်းအဆီဓါတ်တွေကိုလည်း လျော့ကျစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊နှလုံးကြီးတာ၊နှလုံးအဆီဖုံးတာစတဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလျော့နည်းစေပါတယ်။
၄။အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုခြင်း
ရွှေအပ်မှိုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး အူလမ်းကြောင်းရှိအဆီဓါတ်တွေကိုဖယ်ရှားနိုင်တဲ့ linoleic acid ဓါတ်လည်းကြွယ်ဝစွာပါရှိတာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
၅။သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ခြင်း
ရွှေအပ်မှိုမှာ ကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ဟာ အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုရုံသာမက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဟော်မုန်းထုတ်လှုပ်မှုကိုပါ လှုံ့ဆော်ပေးပြီး သကြားဓါတ်စုပ်ယူမှုကိုထိန်းညှိပေးပါတယ်။ ဒါကြောင့် ရွှေအပ်မှို မကြာခဏစားပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။
၆။ဦးနှောက်မှတ်ဉာဏ်ကိုတိုးတက်စေခြင်း
ရွှေအပ်မှိုမှာပါတဲ့ အမိုင်နိုအက်စစ်(ပရိုတင်း)ဓါတ်တွေဟာ ဦးနှောက်မှတ်ဉာဏ်တိုးတက်စေဖို့အထောက်အကူပြုကြောင်းသုသေသနလေ့လာမှုတွေအရသိရပါတယ်။
၇။ဓါတ်မတည့်မှုဖြစ်ခြင်းတွေကိုလျော့နည်းစေနိုင်ခြင်း
သုတေသန လေ့လာချက်တွေအရ ရွှေအပ်မှိုကို မကြာမကြာ ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်တာ၊အရေပြားရောင်ရမ်းတာ၊နှင်းခူဖြစ်တာစတဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ကြောင်း သိရပါတယ်။
၈။သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း
သံဓါတ်ဆိုတာဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။
ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။
သံဓါတ်ချို့တဲ့ပါက အစာစားချင်စိတ်မရှိတာ၊ကိုယ်အလေးချိန်မတက်တာ၊ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ၊ဖြူဖတ်ဖြူရော်ဖြစ်တာ၊နည်းနည်းလှုပ်ရှားတာနဲ့မောတဲ့အတွက်သိပ်မဆော့သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ပင်ပန်းနွမ်းနယ်နေတာ၊လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။
ရွှေအပ်မှိုမှာ အိုင်းရွန်းခေါ် သံဓါတ်ကြွယ်ဝစွာပါရှိတာကြောင့် မကြာခဏစားပေးခြင်းဖြင့် သံဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒါတွေကတော့ သိသလောက် ရွှေအပ်မှိုစားခြင်းကနေ ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေဖြစ်ပါတယ်။
ရွှေအပ်မှိုဝယ်တဲ့အခါ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ရွှေအပ်မှိုကိုရွေးဝယ်ပါ။နွမ်းပြီးရိရွဲနေတာအရောင်မကောင်းတာမျိုးကိုရှောင်ပါ။
ဝယ်ပြီးသုံးရက်ကနေ၅ရက်အတွင်းစားပါ။
မချက်ပြုတ်ခင်မှာ ရေနဲ့သေချာပြောင်အောင်ဆေးပါ လို့ အဆုံးသတ်အနေနဲ့မှာကြားချင်ပါတယ်။
Dr သီတာနွယ်(အမရပူရ)