ကျော်အောင်တစ်ယောက် ဒီမနက် စောစောမထပဲ နေစောင်းတဲ့အထိ အိပ်နေမိသည်။ အမေက မီးဖိုထဲမှနေ၍ ကျော်အောင်ကိုလှမ်းနိုးသည်။ ကျော်အောင် အမေ့ကို ပြန်အော်လိုက်သည်။ နေမကောင်းလို့ ဒီနေ့ ဆိုက်ကားမထွက်တော့ဘူးလို့။ အမေက ထုံးစံအတိုင်း ညဖက်ကြီးရေချိုးလို့နေမကောင်းကြောင်းပြောနေသည်။ ခေါင်းရင်းမှ ကျေးငှက်တို့၏ တေးဆိုသံလေးကို နားထောင်ရင်း ကျော်အောင်တစ်ယောက် ပြန်အိပ်ပျော်သွားသည်။ ဒီလိုမျိုး ကျေးငှက်တို့၏ အသံများကို နားမထောင်ရသည်မှာ မည်မျှကြာခဲ့သည်မသိ။ နွေမနက်ခင်းလေးထဲတွင် အိပ်ယာထဲလှဲနေရင်း အိပ်နေရသည်မှာ လောက စည်းစိမ်ဟု ထင်မိသည်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ။ အမေက ဆန်ပြုတ်သောက်ရအောင်လာနှိုးမှပဲ နိုးတော့သည်။ သားဖြစ်သူ၏ နဖူးကိုလာစမ်းနေသည်။ အဖျားရှိတယ်ဟု ပြောနေသည်။ ပြဒါးတိုင်မလိုပဲ သားသမီးကို ဖျားမဖျား စမ်းသပ်နိုင်သော အမေကား အိမ်မှာတော့ သူနာပြုဆရာမကြီးပင်။ ဆန်ပြုတ်လေးသောက်ပြီးတော့ အမေက ဆေးတွေ လာတိုက်သည်။ အမေ ဆေးတွေ ဘယ်ကရသလဲဟု မေးလိုက်သည်။ “ငါ ဈေးသွားရင်း လမ်းထိပ် ဆေးဆိုင်မှာ နင့်အတွက် ဆေး စပ်ခိုင်းထားတာ။ သောက်မှာဖြင့်သောက်ပါ။” ဟု အဟောက်ခံရသည်။
ဘာဆေးလည်း ကျော်အောင်တစ်ယောက် စိတ်မဝင်စား။ အမေတိုက်သောဆေးကို ယုံယုံကြည်ကြည်နှင့် သောက်လိုက်သည်။ ခဏပြန်အိပ်ပြီး ညနေရုံးဆင်းချိန် ဆိုက်ကားနင်းရန်ထွက်ခဲ့သည်။ လူက ဖျားလိုက် အမေတိုက်သော ဆေး သောက်လိုက်နှင့် တစ်လကျော်နေပြီ။ အခုတစ်လော ကျော်အောင်တစ်ယောက် ဆီးသွားရတာနည်း သလိုလို။ ဖိနပ်စီးရတာ ကျပ်နေသလိုလို။ လူပဲနည်းနည်းဝလာသလို ထင်နေသည်။ အမေက တစ်မနက် ကျော်အောင်ကိုကြည့်ပြီး
“ကျော်အောင် သားနည်းနည်းဖောနေသလိုပဲ။ ခြေထောက်တွေကြည့်ရတာလည်း အစ်တစ်တစ်နှင့် မင်း ဆီးကောင်းရဲ့လား။”
“သား ဆီးသွားရတာကောင်းပါတယ်။ ဒါပေမဲ့ ဆီးတော့နည်းတယ်။ ”
“မင်း ကျောက်ကပ်မှာ တစ်ခုခုဖြစ်တယ် ထင်တယ်။ ဆေးခန်းသွားပြရတော့မယ် ”
ကျွန်တော်တို့အိမ်တွင် အမေက ဆရာဝန်တစ်ယောက်လိုပင်။ ဘယ်အချိန်တွင် သူပေးသည့်ဆေးကို သောက်၍ ဘယ်အချိန်တွင် ဆေးခန်းသွားရမည်ကို အမေကသိသည်။ အခုလည်း ရောဂါ သူမနိုင်သောအခါ ရပ်ကွက်ဆေးခန်းလေးသို့သွားရောက်ပြသရန် တိုက်တွန်းနေသည်။
“ညနေကျရင်သွားလိုက်မယ် အမေ ”
“ညနေလုပ်မနေနဲ့။ အခုသွားမယ်။ ငါပါလိုက်မယ်။ ဒီကိစ္စပေါ့လို့မဖြစ်ဘူး။ ”
အမေက စိတ်မြန်လက်မြန်ပင် ဆိုက်ကားပေါ် တက်ထိုင်လိုက်သည်။ ကျော်အောင်လည်း မနေသာတော့ လက်ကိုင်ပဝါလေး ပုခုံးပေါ်တင်၍ ဆိုက်ကားဆီသို့ ဦးတည်လိုက်သည်။
” ဆရာရယ် ကျွန်မသားလေး ခြေထောက်တွေဖောနေလို့ပါ။ မျက်နှာလေး လည်း အစ်တစ်တစ်လေးဖြစ်နေတယ်။ ပြီးတော့ ဆီးလည်း နည်းတယ်တဲ့”
အမေက ကျွန်တော့ အစား ဝင်ဖြေပေးနေသည်။ အခုအချိန်ထိ သားကို ကလေး လို သဘောထားနေတုန်းဖြစ်သည်။ ဆရာဝန်မှ စစ်ဆေးမှုတွေလုပ်ပြီးမေးခွန်းတွေမေးသည်။ ဘာဆေးတွေသောက်ခဲ့သနည်း။
“အမေက ဘာဆေးမှ မသောက်ထားပါဘူး။ ဖျားလို့အဖျားကျဆေးလေးပဲ သောက်ထားတာပါ ”
” ဘယ်သူတိုက်တာလဲ။ ပါရာစီတမောသောက်တာလား ”
“ဟုတ်ကဲ့ပါဆရာ ” အမေက ဒီနေရာရောက်တော့ ဆရာဝန်ကို အလုံးစုံ မပြောတော့။ နည်းနည်းလျို့ဝှက်ချင်သည်။ ကျွန်တော်ပဲ ကြားထဲက ဝင်ပြောလိုက်ရသည်။
“ဖျားနေတာ တစ်လရှိပြီ။ ဖျားလိုက်ပျောက်လိုက်ပါပဲ။ ဒါနဲ့ အမေက လမ်းထိပ်ဆေးဆိုင်က ဆေးတွေ ဝယ်ပြီးတိုက်တယ်။ ဖျားတိုင်း သူတို့ဆီက ဝယ်သောက်နေကျပါ။ နောက်ဆုံး တစ်ခေါက်တုန်းကတော့ အဖျားမြန်မြန်ကျအောင်ဆိုပြီး ဆေးတွေ တော့ တော်တော်များတယ်။ ပေးလိုက်တယ်။ ဆေးသောက်လိုက်တာ အဖျားတော့ ပျောက်သွားတယ်။ ဆီးတော့နည်းလာတယ်။ တခြားတော့ ဘာမှမဖြစ်ပါဘူး။ ဆီးနည်းတာလေးနဲ့ ခြေထောက်လေးတွေနည်းနည်း ယောင်လာတာပါပဲ။ အဲဒါ အမေက စိုးရိမ်ရတယ်။ ဆေးခန်းသွားရမယ်ဆိုလို့ လာပြတာပါ”
“ဘာဆေးတွေလဲသိလား ” ဆရာဝန်မှ အမေ့ဖက်ကို လှည့်၍ မေးလိုက်သည်။ အမေက ဆေးဝယ်သူ ဖြစ်နေတာကိုး။ ကျွန်တော်ပဲ ကြားထဲမှ အမေ့အစားပြန်ဖြေလိုက်သည်။
” ဘာဆေးတွေလည်းတော့ ကျွန်တော်လည်းမသိဘူး။ ဆေး အဖြူလေးတွေရော အဝါလေးတွေရော အလုံးသေးသေးလေးတွေရော အစုံပဲဆရာ မပြောတတ်ဘူး”
“ဆေးတွေကြောင့်ဖြစ်ဖို့များတယ်။ ဘာဆေးတွေမှန်းမသိပဲ ရမ်းမသောက်ပါနဲ့။ စပ်ဆေးတွေကြောင့်ဖြစ်ဖို့များတယ်။ ပိုသေချာအောင်တော့ တခြား စစ်ဆေးမှုတွေကို လုပ်ရမယ်။ ”
“ဟုတ်ကဲ့ပါ ဆရာ ”
အမေက ဆရာဝန်ပြောတာကို ခေါင်းလေး တညိမ့်ညိမ့်နှင့် နားထောင်နေသည်။ ဆေးစစ်ရမည်။ ဓာတ်မှန်ရိုက်ရမည်။
အပြန်လမ်းတွင်တော့ “ငါအထင် တခြားကြောင့်မဖြစ်နိုင်ဘူး။ လမ်းထိပ်က ဆေးတွေကြောင့်ပဲ ဖြစ်ရမယ်။ အမေငယ်ငယ်တုန်းကလည်း ဒီလိုမျိုးဖြစ်ဖူးတယ်။ ဒူးနာတာနဲ့ ဆေးဝယ်သောက်တယ်။ ဆေးသောက်တာ ၁၀ ရက်လောက်ကြာတာ သားလိုပဲ ခြေထောက်တွေဖောလာတယ်။ ဆီးလည်းနည်းလာတယ်။ ဆေးခန်းသွားပြီး ဆေးပြန်ကုလိုက်ရတယ်။ တော်တော်ကြာတယ်။ တစ်ခါတစ်လေကျရင်တော့ ဆေးတွေကြောင့် ကျောက်ကပ်ထိတတ်တယ်။ ကံကောင်းလို့ပေါ့။ ငါ့သားလေးလည်း ငါ့လိုပဲ ဆေးတွေကြောင့် ကျောက်ကပ်ထိတာနေမှာပါ။ ဆရာဝန်ကတော့ တခြားအကြောင်းတွေကြောင့်ဖြစ်လားမသိဘူးဆိုပြီး ဆေးတွေ စစ်ခိုင်းနေတာ။ အမေ့အထင်တော့ ဒီစပ်ဆေးတွေကြောင့်ပဲ ဖြစ်ရမယ်”
အမေက သူ့အတွေ့အကြုံနှင့် ယှဉ်ကာ ကျော်အောင်ကို ပြောနေသည်။ စိုးရိမ်ရတယ်လို့လည်းပြောနေသည်။ အမေ က စိုးရိမ်ရလျှင် ကျော်အောင်တစ်ယောက် အမေ့စကားကို ယုံသည်။ အမေက ကျန်းမာရေးနှင့် ပတ်သတ်လျှင် ဗဟုသုတများသည်ဟုထင်သည်။ ရှောင်ရမည့်အစားအစာများကိုလည်း တစ်လမ်းလုံးရွတ်လာသည်။ အမေ့ပြောစကားများ နားထောင်ရမည်။ အမေစားခိုင်းတာ စား။ အမေသောက်ခိုင်းတာ သောက်ရမည်။ ကျော်အောင်တစ်ယောက် မြန်မြန်နေကောင်းဖို့ကိုပဲ ဆုတောင်းနေမိတော့သည်။
Author: Dr. အေးချမ်းမိုး