တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျအသုံးပြုကြမလဲ
တရုတ်နိုင်ငံက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သတင်းတွေ ထွက်လာပြီးတဲ့နောက် မြို့ထဲသွားလာနေတဲ့သူအတော်များများကို ကြည့်လိုက်ရင် နှာခေါင်းစည်းလေးတွေ တပ်ထားတာကို တွေ့ရပါတယ်။
နှာခေါင်းစည်းအမျိုးအစားတွေ သုံးလေးမျိုးလောက်ရှိတဲ့အနက် အများဆုံးတပ်ကြတာကတော့ Disposable surgical mask ခေါ် တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းလေးတွေ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါကို ကာကွယ်ဖို့ အသိရှိလာပြီး နှာခေါင်းစည်းတွေကို တပ်လာကြတာ ကောင်းပါတယ်။
သို့သော် တချို့နှာခေါင်းစည်းတပ်တဲ့သူတွေကို ကြည့်လိုက်တဲ့အခါမှာ အပေါ်အောက်ပြောင်းပြန်တပ်ထားတာ၊ နှာခေါင်းကို လုံအောင်မဖုံးဘဲ တပ်ထားတာစသဖြင့် စနစ်မကျမှုလေးတွေကို တွေ့ရပါတယ်။
ဒီလိုစနစ်မကျတဲ့အခါ နှာခေါင်းစည်းတပ်ပေမယ့် ရောဂါပိုးကူးစက်ခံရမှုကို ထိုက်သင့်သလောက် မကာကွယ်နိုင်ဘူး ဖြစ်ပါမယ်။
ဒါ့အပြင် အတော်များများအနေနဲ့လည်း Disposable surgical mask တပ်တဲ့အခါမှာ အရောင်ပါတဲ့ဘက်ကို အပြင်မှာထားရမလား အတွင်းမှာထားရမလား ဆိုပြီး ဇဝေဇဝါဖြစ်ရပါတယ်။
ဒါကြောင့် ဒီတပတ်မှာ Disposable surgical mask ကို ဘယ်လိုစနစ်တကျ တပ်ရမလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
အရေးကြီးဆုံး အချက်ကတော့ နှာခေါင်းစည်းမတပ်မှီ နဲ့ နှာခေါင်းစည်းဖြုတ်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့အရင် သေချာဆေးပြီး အဝတ်သန့်နဲ့ ခြောက်အောင် သုတ်ဖို့လိုပါတယ်။ မဟုတ်ရင် မသန့်တဲ့ လက်ကတဆင့် H1N1 ဗိုင်းရပ်စ်ပိုး အပါအဝင် တခြားပိုးမွှားတွေ ဝင်ရောက်ကူးစက်နိုင်ပါတယ်။
– နှာခေါင်းစည်းဝတ်တဲ့အခါမှာ သတ္ထုတန်း(metallic strip) ပါတာကို အပေါ်ဘက် ထားဝတ်ပါ။ မျှော့ကြိုးလေးတွေကို နားရွက်နှစ်ဖက်နောက်မှာ သေချာတပ်ပါ။
– နှာခေါင်းနဲ့ နှာခေါင်းစည်းကြားထဲဟနေရင် ထိုသတ္ထုတန်းလေးကို လက်နဲ့ သေချာဖိပြီးကပ်ပါ။
– Disposable surgical mask ဟာ ပန်းရောင်၊ အပြာရောင်၊ အစိမ်းရောင် စတဲ့အရောင်တွေနဲ့လာပေမယ့် အဲ့အရောင်တွေဟာ နှာခေါင်းစည်း မျက်နှာပြင်တဖက်မှာပဲပါတာဖြစ်ပြီး ကျန်တဲ့မျက်နှာပြင်တဖက်ကတော့ အဖြူရောင်ဖြစ်ပါတယ်။
နှာခေါင်းစည်းဝတ်တဲ့အခါ အဖြူပါတဲ့ဘက်ကို အပြင်မှာထားရမလား။ အတွင်းမှာထားရမလား။
(တနည်းအားဖြင့် အရောင်ပါတဲ့ဘက်ကို အပြင်မှာထားရမလား၊ အတွင်းမှာထားရမလား) ဆိုတာကိုပြောရရင်တော့ အဖြူကိုအတွင်းမှာထားပြီး အရောင်ပါတဲ့ဘက်ကို အပြင်မှာထားဝတ်ပါလို့ ပြောချင်ပါတယ်။
ဖေ့ဘွတ်ပေါ်က ပို့စ်တွေ၊ ဆောင်းပါးတွေ အတော်များများမှာတော့
နှာခေါင်းစည်းအဖြူရောင်ဘက်မှာ Filter ပါတဲ့အတွက် ကိုယ်ကလူနာမဟုတ်ဘူး၊ ကိုယ့်မှာတုပ်ကွေးရောဂါမရှိဘူး ဆိုရင် အဖြူရောင်ပါတဲ့ဘက်ကို အပြင်မှာထားပြီး ဝတ်ပါ။
ကိုယ်က လူနာဆိုရင်၊ ကိုယ့်မှ ာတုပ်ကွေးရောဂါရှိတယ်ဆိုရင် အဖြူရောင်ပါတဲ့ ဘက်ကို အတွင်းမှာ ထားပြီးဝတ်ပါလို့ ပြောထားရေးထားတာတွေ ရှိပါတယ်။
သို့သော် ထင်ရှားကျော်ကြားတဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေ ကျန်းမာရေးဝန်ကြီးဌာနတွေ ဆေးသုတေသနပညာရှင်တွေအနနဲ့ကတော့ အဲ့လိုမျိုးဝတ်ရမယ်လို့ တရားဝင်ပြောကြားထားတာ ထုတ်ပြန်ထားတာတွေ မရှိပါဘူး။
အားထားယုံကြည်ရတဲ့ ကျန်းမာရေးဝက်ဆိုဒ် တွေမှာလည်း နှာခေါင်းစည်းဝတ်တဲ့အခါ အဖြူကိုအတွင်းမှာထားပြီး အရောင်ပါတာကို အပြင်မှာထားဝတ်ပါလို့ပဲ ရေးထားတာတွေ့ရပါတယ်။
လူနာဆိုတမျိုး၊ လူကောင်းဆိုတမျိုး ဝတ်ပါလို့ မရေးထားပါ။
- နှာခေါင်းစည်း တပ်တဲ့အခါမှာ ပါးစပ်၊ မေးစေ့၊ နှာခေါင်းအားလုံး လုံအောင်တပ်ပါ။
- ပါးစပ်မှာ တင်တပ်ထားပြီး နှာခေါင်းလွတ်နေတာမျိုး မဖြစ်အောင်ဂရုစိုက်ပါ။
- နှာခေါင်းစည်းတပ်ပြီးတဲ့နောက်မှာ မဖြုတ်မချင်း နှာခေါင်းစည်းကို လက်နဲ့ ထပ်မကိုင်တွယ်မိအောင် အတတ်နိုင်ဆုံးဂရုစိုက်ပါ။
- တခါသုံးနှာခေါင်းစည်း Disposable surgical mask တခုကို ၈ နာရီထက်ကြာအောင် ပိုမသုံးသင့်ပါ။
- ၈ နာရီပြည့်ပြီဆိုတာနဲ့ အသစ်လဲပါ။ မိမိ သုံးပြီးသား နှာခေါင်းစည်းအဟောင်းကို သေချာစွန့်ပစ်ပါ။
- ပြီးရင်လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
တချို့တွေက ရောဂါပိုးတွေမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် disposable surgical mask က မစွမ်းနိုင်ဘဲ N95 respirator mask ကမှ စွမ်းနိုင်တာလို့ထင်ကြပါတယ်။
Disposable surgical mask က အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေ၊ အလွန်သေးငယ်တဲ့ပိုးမွှားတွေ ဝင်ရောက်ကူးစက်မှုကိုတော့ ကာကွယ်မပေးနိုင်ဘူးဆိုပေမယ့် ဘာအကာအကွယ်မှမရှိတာထက်စာရင်တော့ အများကြီးကာကွယ်ပေးနိုင်ပါတယ်။
N95 နှာခေါင်းစည်းထက်စာရင် Disposable surgical mask ရဲ့အားသာချက်က ဈေးလည်းနည်းပြီး အလွယ်တကူလည်းဝယ်လို့ရပါတယ်။
တုပ်ကွေးရောဂါကာကွယ်ရာမှာ တုပ်ကွေးကာကွယ်ဆေးထိုးတာ၊ နှာခေါင်းစည်းတပ်တာ စတဲ့ အချက်တွေအပြင် လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောတာဟာလည်း အရေးကြီးတဲ့အချက်တခုဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ Disposable surgical mask ပဲတပ်တပ်၊ တတ်နိုင်လို့ N95 mask ပဲတပ်တပ် လက်ကို မကြာခဏဆပ်ပြာနဲ့ သေချာဆေးပြီး အဝတ်သန့်နဲ့ ခြောက်အောင်သုတ်ပါ..ကိုယ်ခံအားကောင်းအောင်လည်း နေကြပါလို့ အဆုံးသတ်အနေနဲ့ အကြံပေးချင်ပါတယ်။
Dr 528