ဆယ်ကျော်သက်အရွယ်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ဆက်စပ်ပုံ
ဆယ်ကျော်သက်အရွယ်ကာလဆိုတာဟာ ကလေးဘဝကနေ လူငယ်ဘဝကိုကူးပြောင်းတဲ့ကြားကာလ ဖြစ်သလို ကျန်းမာရေးအတွက် အရေးကြီးတဲ့ကာလတစ်ခုပါ။ ဆယ်ကျော်သက်အရွယ်ကို အရွယ်အားဖြင့် ၃ပိုင်းခွဲခြားနိုင်ပါတယ်။ အသက်၁၀နှစ်ကနေ၁၃ကြားကာလကို အစောပိုင်းဆယ်ကျော်သက်ကာလ၊ အသက်၁၄ကနေ ၁၆ကြားကာလကို အလယ်ပိုင်းဆယ်ကျော်သက်ကာလ နှင့် အသက် ၁၇နှစ်ကနေ၁၉နှစ် ကြားကာလကို ဆယ်ကျော်သက်နှောင်းပိုင်းကာလ ဆိုပြီးပိုင်းခြားထားပါတယ်။ စိတ်ရောကိုယ်ပါ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့အချိန် တစ်ခုဆိုလည်း မမှားပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ စတင်ပြီးရွေးချယ်နေထိုင်တဲ့ လူနေမှုပုံစံဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ရောဂါတွေ အပေါ် များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် ဆယ်ကျော်သက်အရွယ်ကတည်းက ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ ကျန်းမာရေးနှင့်မညီညွတ်တဲ့အစားအသောက်တွေ ကိုသာ ရွေးချယ်စားသောက်မယ်ဆိုလျှင် အသက်အရွယ်ကြီးလာတဲ့အခါ အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ တို့ဖြစ်ပွားနိုင်ပါတယ်။
ဆယ်ကျော်သက်အရွယ်ကာလမှာ အများဆုံးတွေ့ရတတ်တဲ့ကျန်းမာရေးပြဿနာတွေ ကတော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ၊ ခုခံအားကျဆင်းမှုရောဂါ ဒါမှမဟုတ် အိတ်ချ်အိုင်ဗီရောဂါ ကူးစက်မှု၊ အသက်မပြည့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်း၊ အရက်ဆေးလိပ်ကွမ်းသုံးစွဲခြင်း၊ ဆေးစွဲခြင်း၊ အာဟာရမပြည့်ဝခြင်း၊ အဝလွန်ခြင်း၊ ဆယ်ကျော်သက်အရွယ်စိတ်ဖိစီးမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်ခြင်း၊ ရန်လိုစိတ်များခြင်း၊ ကိုယ့်ကိုယ်ကို ထိခိုက်မိအောင်ပြုလုပ်လိုခြင်း စတဲ့ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေးပြဿနာတွေ တွေ့ရှိနိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ကိုလည်း ဆယ်ကျော်သက်အရွယ်ကတည်းက ပြုပြင်ပြောင်းလဲမှ ရမှာပါ။
ကျန်းမာကြံ့ခိုင်တဲ့ဆယ်ကျော်သက်တစ်ယောက်ဖြစ်ဖို့ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့ဘယ်လို တွေလုပ်ဆောင်ရမလဲ ဆိုတာဖော်ပြပေးသွားမှာပါ။
ကိုယ်လက်လှုပ်ရှားအားကစားမှန်မှန်လုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ အဝလွန်မှ အသက်အရွယ်ကြီးမှ လုပ်ရတာမျိုး မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု မှန်မှန်လုပ်ပေးသွားမယ် ဆိုရင် သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကြည်လင်စေပါတယ်။မိမိကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလည်းထိန်းပေးပြီး ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေနိုင်ပါတယ်။
ရေဓါတ်ပြည့်ဝပါစေ။
လူ့ခန္ဓာကိုယ်မှာ ရေဓါတ်ဟာ ၃ပုံ၂ပုံခန့်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေ အတွက် ရေဓါတ်လုံလောက်ဖို့လိုအပ်ပါတယ်။ နေ့စဉ် ရေသန့်၂လီတာကနေ ၃လီတာထိ သောက်သုံးဖို့လိုအပ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားပေး ဖို့လည်းလိုအပ်ပါတယ်။
အစာအာဟာရမျှတအောင်စားပေးပါ။
ဆယ်ကျော်သက်အရွယ်မှာကတည်းက မိမိရဲ့စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အထူးဂရုစိုက်သင့်ပါတယ်။ အသင့်စားအစားအစာတွေ၊ဆီကြော်စာတွေ စားတာကို လျှော့စားပေးပါ။ စွမ်းအင်အဓိကပေးတဲ့အုပ်စုဖြစ်တဲ့ကာဗိုဟိုက်ဒရိတ်အုပ်စု တနည်းအားဖြင့် ကဆီဓါတ်အုပ်စုကို သင့်တင့်အောင်စားပေးပါ။ ခန္ဓာကိုယ်ကြီးထွားဖွံံ ့စေတဲ့ပရိုတင်းအုပ်စု တနည်းအားဖြင့် အသားဓါတ်အုပ်စု ကိုနေ့စဉ်ပါအောင်စားပေးပါ။ ရောဂါကာကွယ်စေတဲ့ ဓါတ်သတ္တိတွေ ပါဝင်တဲ့ဟင်းသီးဟင်းရွက်အသီးအနှံတွေကို နေ့စဉ်ပါအောင်စားပေးသင့်ပါတယ်။
အစာစားချိန်၊ အိပ်ချိန်ပုံမှန်ရှိပါစေ။
လူ့ခန္ဓာကိုယ်ဟာ လှုပ်ရှားသွားလာမှုအတွက် သူ့အချိန်နဲ့သူလည်ပတ်နေရတဲ့ ဇီဝနာရီတစ်လုံးပါ။ အစာစားချိန်မမှန်ဘူးဆိုရင် အစာအိမ်မှာ အစာခြေရည်တွေ ထွက်တာများပြီး အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်လေအောင့်ခြင်းတို့ခံစားရနိုင်ပါတယ်။ အိပ်ချိန်မမှန်ဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့အာရုံစူးစိုက်မှုအားနည်းလာခြင်း၊ အဝလွန်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း များခံစားရနိုင်တဲ့အတွက် ဆယ်ကျော်သက်အရွယ်ကတည်းက အိပ်ချိန်စားချိန်မှန်ဖို့ အရေးကြီးပါတယ်။
အကောင်းမြင်စိတ်ထားပါ။
ဆယ်ကျော်သက်အရွယ်ဆိုတာ တက်ကြွလန်းဆန်းတဲ့အရွယ်ဖြစ်ပေမယ့် တစ်ခါတစ်လေ စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ဓါတ်ကျရောဂါ တွေ စိတ်ပူပန်မှုရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် အကောင်းမြင်စိတ်ထားရှိတတ်ဖို့အပြုသဘောဆောင်တွေးတတ်ဖို့လွန်စွာအရေးကြီးလှပါတယ်။
အချုပ်အားဖြင့်ဆိုရသော် သစ်ပင်ကောင်းတစ်ပင်ရဖို့အတွက် အပင်ပေါက်အရွယ်ကတည်းကောင်းကောင်း ပြုစုပြိုးထောင်ဖို့အင်မတန်မှ အရေးကြီးလှပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ ကျန်းမာရေးကောင်းပြီး စိတ်သွားတိုင်းကိုယ်ပါစေဖို့ရာ ဆယ်ကျော်သက်အရွယ်ကတည်းက ကျန်းမာရေးကို အထူးဂရုပြုလိုက်စား သင့်ပါတယ်လို့အကြံပြုလိုက်ရပါတယ်။
Dr.Khaing