နှစ်စဉ် ဧပြီလ (၂၂) ရက်နေ့ဟာ ကမ္ဘာမြေနေ့ (Earth Day) ဖြစ်တယ်။ (၁၉၇၀) ပြည့်နှစ် ဧပြီလ (၂၂) ရက်ကစပြီး “ကမ္ဘာမြေနေ့” ကိုကမ္ဘာတစ်ဝန်းကျင်းပခဲ့ကြတယ်။ နှစ်စဉ် (၁၉၃) နိုင်ငံက “ ကမ္ဘာမြေနေ့ ”ကျင်းပကြတယ်။
ကမ္ဘာမြေပေါ်မှ ဒိုင်နိုဆောသတ္တဝါတွေ ပျောက်ကွယ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၅) သန်းကျော်က ဖြစ်တယ်။ ကမ္ဘာ့သမိုင်းတလျောက်မှာ သည်အချိန်ဟာ ကမ္ဘာမြေကြီးအတွက် အန္တရာယ်အများဆုံးအချိန် ဖြစ်ကြောင်း လေ့လာမှုစစ်တမ်းတွေက ထောက်ပြကြတယ်။ သက်ရှိသတ္တဝါတွေ မျိုးသုဉ်းခြင်းမှ ကာကွယ်ဖို့၊ မိုးသစ်တောတွေ အဓွန့်ရှည်စေဖို့၊ ဇီဝမျိုးကွဲစုံလင်ရာ နေရာတွေကို ပိုမိုကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့နဲ့ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု လျော့ချဖို့ လိုအပ်လာပါပြီ။
ကုလသမဂ္ဂ ရာသီဥတု အစီစဉ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ တစ်နေ့ကို သက်ရှိမျိုးစိတ် (၁၅၀) ကနေ (၂၀၀) ကြား မျိုးသုဉ်းပျောက်ကွယ်နေကြောင်း၊ ယင်းနှုန်းဟာ သဘာဝအလျောက် မျိုးသုဉ်းနှုန်းထက် ဆယ်ဆမှ အဆ (၁၀၀) ပိုမိုများပြားတဲ့နှုန်း ဖြစ်တယ်ဆိုတယ်။ တိုင်းရင်းဆေး၊ အမျိုးသားကာယအားတိုးဆေးတွေ ထုတ်လုပ်ဖို့ ကြံ့ချို၊ ဆင်စွယ်၊ ကျားရိုး၊ စပါးကြီးသည်းခြေ စတာတွေရဖို့ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ခံရလို့ မျိုးသုဉ်းတယ်။ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် (သို့) ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုရရှိဖို့ အခြား တောရိုင်းတိရစ္ဆာန်တွေပါ သေဆုံးနေကြတယ်။ ကြံ့ချိုအတွက် ကြံ့များ သတ်ဖြတ်နှုန်းများကား (၂၀၁၂) ခုနှစ်မှာ ကြံ့ (၆၃၃) ကောင်သတ်ဖြတ်ခံခဲ့ရတယ်။ ဗီယက်နမ်မှာ (၂၀၁၀) ခုနှစ်မှာ ဂျားဗားကြံ့တွေ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရတယ်။
လူသားတို့နေနဲ့ အခြားသတ္တဝါများ အပင်များအပေါ် မှီခိုနေရပါလျက် အခြားသတ္တဝါတွေ ရပ်တည်ရှင်သန်ဖို့ အာမခံမပေးတော့၊ ‘ ဂေဟစနစ် ’ လိုကွက်၊ ဟာကွက်တွေ ဖြစ်ပေါ်နေတယ်။ အပင်ကြီးများ၊ သတ္တဝါကြီးများမှအစ ပိုးများအဆုံး၊ အသက်ဇီဝကို အထောက်အပံ့ပြုနေတဲ့ အချက်အချာနေရာ၊ မိုးသစ်တောတွေ အဓွန့်ရှည်ဖို့လိုတယ်။ မိုးသစ်တောတွေက သတ္တဝါတို့ရဲ့အသက်ကို ကာကွယ်နိုင်တယ်။ ‘ဂေဟ’ စနစ်တစ်ခုလုံး အကျိုးသက်ရောက်မှုရှိတယ်။ သတ္တဝါကြီးတွေရဲ့ အညစ်အကြေးစားသောက်ခြင်းက ဂေဟစနစ် သန့်ရှင်းအောင် လုပ်ပေးနိုင်တာကအစ ဝတ်မှုန်ကူးပေးခြင်းက အပင်များ မျိုးဆက်ပျံ့ပွားခြင်းကို အားပေးတယ်။
ငှက်ဖျားဆေးကွီနင်းကို အမေဇုန်တောထဲက “ဆင်ခိုနာ” ပင်ကရတယ်။ အာတီဆူနိတ်ကို အာတီစီနမင်း၊ ဒေါနပန်းက ထုတ်လုပ်ရရှိတယ်။ အပင်တွေက လူသားအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူကာ အောက်စီဂျင်ထုတ်ပေးတယ်။ ခရစ်နှစ် (၂၀၀၀) မှ (၂၀၁၀) ထိအမေဇုန်သစ်တောဧရိယာ (၉၃၀၀၀) စတုရန်းမိုင် ဆုံးရှုံးခဲ့ရတယ်။
ကမ္ဘာကြီးဟာ ပုံစံတစ်မျိုးတည်းဖြစ်နေတာ မဟုတ်ဘူး။ အချို့သဘာဝတောတွေ၊ မြစ်ချောင်းတွေ အထိအခိုက်မရှိပဲထားနိုင်မှ ကမ္ဘာကြီးအတွက် အကျိုးရှိမယ်။ မျိုးသုဉ်းလုနီး သက်ရှိသတ္တဝါတွေ ဘယ်မှာမှ မတွေ့နိုင်တော့တဲ့ သက်ရှိနေရာတို့၊ “ဂေဟ” စနစ်အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့သက်ရှိသတ္တဝါနေရာတို့ ပိုမိုကာကွယ်ပေးရမယ်။
လူဟာ ဓာတ်ငွေ့အထုတ်လွှတ်ဆုံး သတ္တဝါဖြစ်တယ်။ လူကတီထွင်ဖန်တီးတဲ့ အသိဉာဏ်၊ နည်းပညာရှိတော့ သက်ကြွင်းလောင်စာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ကား၊ ရထား၊ လေယာဉ်၊ သဘောၤများ၊ လောင်စာဆီ အသုံးပြုသွားလာခြင်းများ၊ စက်ရုံ အလုပ်ရုံ၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်သစ်များလာခြင်းနဲ့အတူ သစ်တောတွေ ပြုန်းတီးခဲ့တယ်။ လောင်စာအတွက် အိမ်သုံးပရိဘောဂအတွက် သစ်တောများ ပြုန်းတီးလာတယ်။
လူတွေကြောင့် “ ဖန်လုံအိမ်အာနိသင် ” ထုတ်လွှင့်မှုရှိလာတယ်။ လေအေးစက်များ၊ ရေခဲသေတ္တာများ၊ ရေမွှေး၊ ဖျက်မင်နဲ့ လက်သည်းနီဆိုးဆေးတွေမှာ ကလိုရို ဖလူရို ကာဗွန် (CFC – Chloro – Fluro – Carbon) များလာခြင်းနဲ့အတူ “ အိုဇုန်းလွှာ ” ပါးလာတယ်။ နေရောင်မှ ခရမ်းလွန်ရောင်ခြည်၊ ကမ္ဘာမြေပြင်ပေါ် တိုက်ရိုက်ကျရောက်လာတယ်။ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများလာခြင်း၊ အပူချိန်မြင့်တက်လာခြင်းနဲ့ အတူ အရေပြား၊ အရောင်ပြောင်းခြင်း၊ နီရဲလာခြင်း၊ အရေပြားယားနာအမျိုးမျိုး၊ အရေပြားကင်ဆာ၊ မျက်လုံးသက်ကြီးရေတိမ်၊ အတွင်းတိမ် (athetact) ဖြစ်လာတယ်။ အပူချိန်မြင့်တက်လာမှုနဲ့အတူ အပူလှိုင်းဖြတ်သန်းမှု ပိုမိုဆိုးရွားလာရာ မိုးခေါင်ရေရှားမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ အပူချိန်လျင်မြန်စွာ ပြောင်းလဲမှုတွေဟာ ကမ္ဘာမြေပေါ်ကနေ နူးညံ့တဲ့မျိုးစိတ်တွေ သေဆုံးမျိုးသုဉ်းမှု ဖြစ်စေတယ်။ ကမ္ဘာ့လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ (စီအဖ်စီ) (၃၅၀) မှ (၃၉၅) ထိရောက်လာတယ်။
လေထုညစ်ညမ်းမှုအပြင် ရေထုညစ်ညမ်းလာတယ်။ အာရှတောင်ပိုင်း၊ အာဖရိကတစ်ခွင်နဲ့ တရုတ်နိုင်ငံတွေမှာ ရေထုညစ်ညမ်းမှု မြင့်တက်လာတယ်။ လူတို့ပတ်ဝန်းကျင်ရှိ သောက်သုံးရေသာမက မြစ်ချောင်း၊ အင်းအိုင်မှသည် ပင်လယ်သမုဒ္ဒရာတိုင်အောင် “အဆိပ်” ဖြစ်ပေါ်တဲ့နေရာတွေမှာ “သက်မဲ့ဇုန်” တွေဖြစ်လာတတ်တယ်။ “သက်မဲ့ဇုန်” တွေမှာ ရေညှိအလွန်များပြီး အောက်စီဂျင် မှန်သမျှ စားသုံးလိုက်ရာ အောက်စီဂျင်ရမှ အသက်ရှင်နိုင်တဲ့ ရေသတ္တဝါတွေ သေဆုံးကုန်တယ်။
ရေထုညစ်ညမ်းမှုဟာ ပင်လယ်သန္တာကျောက်တန်းတွေ ပျက်စီးရမှုရဲ့ အဓိကလက်သည်ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ သယံဇာတ အရင်းအမြစ်ဟာ အကန့်အသတ်နဲ့ ဖြစ်လို့၊ ကုန်ကြမ်းရှားပါးလာတဲ့ ကမ္ဘာကြီးဆီ ရောက်သွားနိုင်ပါတယ်။
လေထု၊ ရေထုအပြင် မြေဆီလွှာ ညစ်ညမ်းမှုတွေ ဖြစ်လာပါတယ်။ စိုက်ပျိုးရေးမှာ သဘာသမြေသြဇာအစား ဓာတုဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲမှု ဓာတုပိုးသတ်ဆေး လွန်လွန်ကဲကဲ သုံးစွဲမှုတွေဟာ သဘာဝမြေသြဇာ ဖန်တီးပေးတဲ့ “တီကောင်” လိုတွားသွားသတ္တဝါ၊ လိပ်ပြာ၊ ပိတုန်း စတဲ့အင်းဆက် (ဝတ်မှုန်ကူးစေတဲ့) အားလုံးသေဆုံးကုန်တယ်။ မြစ်ချောင်းများဆီရောက်သွားလို့၊ ရေသတ္တဝါတွေ အသက်ဆုံးရှုံးကုန်တယ်။ “စပါးပြီးစပါး” စိုက်နေလို့လည်း မြေဆီခမ်းလာတယ်။ ယခင်က စပါးပြီးရင် မြေပဲ (သို့) ပဲအမျိုးမျိုးစိုက်တဲ့အခါ သဘာဝနိုက်တြိတ်၊ မြေသြဇာပေးနိုင်လို့ မြေဆီသံသရာ ပြန်လည်သွားလို့ မြေဆီရှားပါးမှုဒဏ်မှ ကာကွယ်နိုင်ခြင်းပဲ ဖြစ်တယ်။ “ဖုန်းဆိုးမြေ”၊ “စွန့််လွှတ်မြေ” တွေ များလာကာ ကန္တာရတွေ ကျယ်ပြန့်လာတယ်။
အရက်ချက်စက်ရုံက ရေဆိုးတွေ သန့်စင်မှုမပြုပဲ ချောင်းထဲ၊ မြစ်ထဲ တိုက်ရိုက်စွန့်ပစ်လို့၊ ရေထုညစ်ညမ်းခြင်းနဲ့အတူ ယင်းရေကို အမှီပြု သောက်သုံးကြရတဲ့လူ သတ္တဝါအားလုံး “အဆိပ်သင့်ရေ” ဖြစ်ခဲ့ရတယ်။ မြို့ပြများချဲ့ထွင်မှု၊ မြို့ပြအထပ်မြင့် အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ မွေးမြူရေးလုပ်ငန်းတွေက ကမ္ဘာမြေကြီးကို ညစ်နွမ်းစေကာ ကမ္ဘာမြေအတွက် မွန်းကျပ်စေတယ်။ ဖျားနာစေတယ်။ လူသားတွေ မဆင်မခြင်လုပ်ဆောင်တဲ့ စီမံကိန်းတွေ မြို့ပြနဲ့ စက်မှုဇုန်တွေအပြင် ဆည်မြောင်း၊ တာတမံတွေ ၊ သွားလာရေးယာဉ်ရထား လေယာဉ်ပျံ သဘောၤတွေက လေထု၊ ရေထုညစ်ညမ်းစေပြီး မြေထုပါညစ်ညမ်းစေပါတယ်။
Author: Dr.လွင်သန့်